ရွှေရည်ဝင်း မုဒိမ်းကျင့်အသတ်ခံရမှု မိဘများကိုစစ်ဆေး စိတ်မကောင်းဖြစ်ရသဖြင့် တရားခံ၏ရှေ့နေ မျက်ရည်ကျ

ရန်ကုန်၊ မတ်-၁၂

FDA ဌာန ၀န်ထမ်းအမျိုးသမီး မရွှေရည်ဝင်း (ခ)ရွှေရည် မုဒိမ်းပြုကျင့် အသတ်ခံရမှုနှင့် ပတ်သက်၍ အရှေ့ပိုင်းခရိုင်တရားရုံး၌ လေးကြိမ် မြောက်ရုံးချိန်းတွင် စွပ်စွဲခံရသူ မျိုးဇော်ဦး(ခ) ဆီဒိုးနားက ရွှေထည် ပစ္စည်းများ သွားရောက်ရောင်းချခဲ့သည့် ရွှေဆိုင်၏ ပိုင်ရှင်၊ အခင်း ဖြစ်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး၊ လက်ကိုင်ဖုန်းသွားရောက်ပြုပြင်ခဲ့သည့် ဖုန်းဆိုင်ပိုင်ရှင်၊ မိခင်နှင့် ဖခင်တို့တရားလိုပြသက်သေငါးဦးကို နှစ်ဖက်ရှေ့နေ များက အပြန်အလှန်မေးခွန်းစစ်ဆေးခဲ့သည်။

တောင်ဥက္ကလာပမြို့နယ် (၆)ရပ်ကွက်နေ ရွှေဆိုင်ပိုင်ရှင် ကိုထွန်းမင်းဇော်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် (၃၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြင်ငွေ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ယုဇနပလာဇာရှိ ဖုန်းဆိုင်ပိုင်ရှင် ကိုဇော်မင်းလတ်တို့ကို စစ်ဆေးစဉ် မေးခွန်းများကို ပုံမှန်စစ်မေးနိုင်ခဲ့သော်လည်း အသတ်ခံရသူ၏ မိခင်နှင့် ဖခင်တို့ကို စစ်ဆေးမေးမြန်းစဉ် စိတ်မကောင်းဖြစ်ခဲ့ရကြောင်း မျိုးဇော်ဦး(ခ)ဆီဒိုးနား၏ အကျိုးဆောင် အစိုးရစရိတ်ဖြင့် ငှားရမ်းထားသည့် အထက်တန်းရှေ့နေ ဦးမောင်မောင်စိုးက သတင်းမီဒီယာများကို ဖွင့်ဟခဲ့သည်။ ရုံးချိန်းအပြီး သတင်းထောက်များ နှင့် တွေ့ဆုံစဉ် အရမ်းစိတ်မကောင်းဘူး။ မေးသင့်မေးထိုက်တဲ့မေးခွန်း တွေကို ပြင်းပြင်းထန်ထန်မမေးနိုင်ခဲ့ဘူး။ တာဝန်အရ ပဲ မေးခွန်းထုတ်နိုင်တယ်။ စိတ်မကောင်းဖြစ်ရတယ်″ ဟု မျက်ရည်ကျလျက် ဖွင့်ဟပြောဆိုခဲ့ခြင်းဖြစ်သည်။

-Ads-
-Ads-

မိခင်ဖြစ်သူကို စစ်ဆေးမေးမြန်းရာတွင် သမီးဖြစ်သူ ပျောက်ဆုံး နေသည့် အချိန်က ၁၉၉ သို့ အကြောင်းကြား တိုင်တန်းထား ခဲ့ခြင်းရှိ၊ မရှိမေးမြန်းရာ မရှိကြောင်း၊ ယင်းဖြစ်စဉ်ဖြစ်ပွားရခြင်းမှာ ညအချိန် မတော် သွားလာခဲ့မှုလည်း ပါ၊ မပါ မေးမြန်းရာ ညအချိန်မတော် သွားလာသည့် အလေ့အထမရှိပါ။ အလွန်ဆုံး ည ၇ နာရီခွဲ ၈ နာရီ နောက်ဆုံးဖြစ်ကြောင်း၊ အခင်းဖြစ်ရပ်နှင့်ပတ်သက်၍ ပတ်ဝန်းကျင်သက်သေခံချက်နှင့် မျက်မြင်သက်သေ ရှိ၊ မရှိ မေးမြန်းရာ မရှိကြောင်း စသည် တို့ကိုထွက်ဆိုခဲ့သည်ဟု ၎င်းကရှင်းပြခဲ့သည်။ ဖခင်ဖြစ်သူကို စစ်ဆေးမေးမြန်းရာတွင် အခင်းဖြစ်နေ့ ည ၈ နာရီခန့်က သေဆုံးသူအမျိုးသမီးနှင့် မျိုးဇော်ဦးတို့ ယာဉ်အောက်၌ လုံးထွေးသတ်ပုတ်ခဲ့ခြင်းကို သိ၊ မသိမေးမြန်းရာ မသိ ကြောင်း၊ယင်းသို့ ဖြစ်ပွားစဉ်ကယ်ပါဟု အကြိမ်ကြိမ် အော်ခဲ့သည်ကို ကြား၊ မကြားမေးမြန်းရာ မကြားခဲ့ကြောင်း၊ အခင်းဖြစ်ရပ်တွင် ကိုယ်တိုင်မြင်သိကြားခဲ့သူများကို တရားရုံး၌ သက်သေအဖြစ် တင်ပြထားခြင်း ရှိ၊ မရှိတို့ မေးမြန်းခဲ့ရာ မရှိကြောင်းတို့ကို ထွက်ဆိုခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါရုံးချိန်းသို့ လာရောက်နား ထောင်သူအချို့၏ ဝေဖန်ခံရမှုများ၊ ဦးပဉ္စင်းတစ်ပါးမှ ဦးမောင်မောင်စိုးကို လာရောက် ၀န်းရံခြင်း၊ တရားခွင်အတွင်း နံဘေး၌ ထိုင်နေခြင်းတို့အပေါ် ဝေဖန်ပြောဆိုနေမှု များကို သတင်းထောက်များမှ ဆက်လက် မေးမြန်းရာ “ဆရာတော်က သာသနာပြု နေတဲ့သူပါ။ အမှုကို စိတ်ဝင်စားလို့၊ မတရားမဖြစ် အောင် လာစောင့်ရှောက်ပေး တဲ့သူပါ”ဟု ၎င်းက ရှင်းပြခဲ့ပြီး တရားလိုပြ သက်သေ ၃၅ ဦးအနက် ကိုးဦးကို စစ်ဆေးထားပြီးလာမည့် ရုံးချိန်းကို မတ် ၁၉ ရက် သို့ ချိန်းဆိုထားကြောင်း ပြောဆိုခဲ့သည်။

-Ads-
-Ads-