မေတ္တာလည်ပြန်

“လာခဲ့စမ်း ကိုဟိန်း။ နင်ဘယ်တွေလျှောက်သွားနေတာလဲ။ ကြည့်စမ်း…. ဘယ်အချိန်ရှိနေပြီလဲ”

အမေဖြစ်သူဒေါ်ခင်ထားက အိမ်ရှေ့ခြံဝမှဝင်လာသောသားဖြစ်သူကို ဒေါသ တကြီးနှင့် ဖိနပ်ချွတ်ခုံပေါ်တွင်ထိုင်နေရင်း အော်ခေါ်လိုက်သည်။

“သား….ဘယ်မှမသွားပါဘူးအမေ”

-Ads-
-Ads-

“ဘယ်မှ မသွားဘူးတာဆိုတယ် အခုကြည့် ညနေထမင်းစားချိန်တောင်ရောက် နေပြီ။ ကဲဟယ်….ကဲဟယ်”

ဒေါ်ခင်ထားက စိတ်မထိန်းနိုင်ဘဲ သားဖြစ်သူကို တွေ့ရာတုတ်နှင့် ဆွဲ၍ ရိုက်သည်။ ပါးစပ်ကလည်း-

“နောက်….အခုလို အိမ်ပြန်နောက်ကျဦး….အိမ်ပြန်နောက်ကျဦး”ဟု ဆိုကာ ပြောလည်းပြော ရိုက်လည်းရိုက်သည်။

“ကြောက်ပါပြီအမေရဲ့….သားကြောက်ပါပြီ။ နောက်….နောက်မကျစေရ ပါဘူး အီး….ဟီး….ဟီး”

ကိုဟိန်းက ပါးစပ်မှ သူ့အမေကိုကတိပေးရင်း ငိုသည်။

“သွား….အိမ်ပေါ်တက် ထမင်းသွားစားတော့”

ဒေါ်ခင်ထား ဆူလိုက်သဖြင့် ကိုဟိန်း အိမ်ပေါ်တက်သွားသည်။ သို့သော် ကိုဟိန်း၏ကျောကိုကြည့်ကာ ဒေါ်ခင်ထား စိတ်မကောင်းဖြစ်ရသည်။ ဖတဆိုးသားလေးမို့ အလိုလိုက်ထားသော်လည်း မပျက်စီးစေချင်ပါ။ ထို့ကြောင့် မရိုက်ချင်ဘဲ ရိုက်၍ဆုံးမနေရခြင်းပင်။

ကိုဟိန်း၏အဖေ ဦးရာဇာသည် ကိုဟိန်း လေးနှစ်သားမှာပင် ဆုံးပါးသွားခဲ့သည်။ ဦးရာဇာဆုံးပါးသွားခဲ့သော်လည်း ဒေါ်ခင်ထားက စိတ်မလျှော့။ မုဆိုးမ တစ်ခုလပ်ဘ၀ဖြင့် တစ်ဦးတည်းသောသားလေးကိုဟိန်းကို ဈေးဗန်းခေါင်းပေါ်တင်ကာ ရှာကျွေးခဲ့သည်။ ပဲနုတ်ချိန် ပဲနုတ်သည်။ ကောက်စိုက်ချိန် ကောက်စိုက်သည်။ ဖရဲသီးရောင်းချိန် ဖရဲသီးရောင်းသည်။ သို့နှင့် ကိုဟိန်းပင် အသက် (၁၀)နှစ်ပြည့်ကာ လေးတန်းစာမေးပွဲကြီး ဖြေဆိုပြီးခဲ့ပြီ။

နွေရာသီ ကျောင်းသုံးလပိတ်ထားသဖြင့် ကိုဟိန်းတစ်ယောက် လွတ်လပ်နေတော့ သည်။ အမေဖြစ်သူကလည်း ပဲနုတ်လိုက်နေရသဖြင့် အိမ်တွင်မရှိပါ။

“သားရေ….သားလေးရေ….” ဟုဆိုကာ ဒေါ်ခင်ထား အိမ်ရှေ့မှခေါ်၍ ဝင်လာသည်။ အိမ်ထဲရောက်သော်လည်း ကိုဟိန်းကိုကား မတွေ့ပါ။ ဒီကောင်လေး ဘယ်သွားနေလဲမသိဘူးဟုဆိုကာ တွေးရင်းနားနေလိုက်သည်။ သိပ်မကြာလှ ကိုဟိန်း တစ်ယောက် ပြန်ရောက်လာသည်။

“သားရယ်….ဘယ်တွေ လျှောက်သွားနေတာလဲကွယ်။ တော်ကြာ အမေ့ သားလေး လူပေါင်းမှားမှဖြင့် အမေရင်ကျိုးရချေရဲ့။ နောက် ….ဘယ်မှ လျှောက်မသွား ရဘူးနော်သား”

ဒေါ်ခင်ထားက ချော့ချော့မော့မော့နှင့် ဆုံးမပြန်သည်။

“ဟုတ်ကဲ့ပါ အမေရဲ့။ သားကို စိတ်ချပါ။ သား….ဘာမှမဖြစ်ဘူး”

“ကဲ….ဒါဆို အမေတို့ သားမိနှစ်ယောက် ရေချိုးပြီး ထမင်းစားကြရအောင်”

ဒေါ်ခင်ထားတို့ သားမိနှစ်ယောက်သည် ရေချိုးရန် ထွက်သွားလေသည်။

“သားရေ….အမေ ပဲသွားနုတ်တော့မယ်။ သား….အိမ်စောင့်နော်။ ဘယ်မှ မသွားနဲ့။ သားအတွက်ထမင်းကြော် စားပွဲခုံပေါ်မှာ အုပ်ဆောင်းနဲ့ အုပ်ထားခဲ့တယ်” ဒေါ်ခင်ထားက သားဖြစ်သူကိုပြောကာ ထွက်သွားသည်။ သားဖြစ်သူကတော့ အိပ်ရာထဲမှ မထသေးပါ။

ဒေါ်ခင်ထားသည် ပဲပင်များကို အားသွန်ခွန်စိုက်နှင့် ရှေ့သို့မဲကာ နုတ်နေပါသည်။ နွေနေကလည်း ပူပြင်းလှသည်။ ထိုအချိန် သားဖြစ်သူကိုဟိန်းတစ်ယောက် နေပူထဲသို့ ထွက်၍ဆော့နေမည်လားဟုလည်း တွေးလိုက်မိသေးသည်။ ထိုသို့တွေးနေခိုက် နောက်မှကလေးသုံးယောက်၏ စကားပြောသံများကို ကြားလိုက်ရသည်။

“ငါ….မင်းတို့နဲ့အတူ ဒါနောက်ဆုံး ပဲကောက်ခြင်းပဲ”

“ဘာလဲ….မင်း….နောက်နှစ်ကျောင်းတက်ဖို့ အဖြူ၊ အစိမ်းဖိုး လုံလောက် သွားလို့လား။ ဟုတ်လား….ကိုဟိန်း”

ကိုဟိန်းဆိုသောနာမည်ကြောင့် ဒေါ်ခင်ထား မျက်လုံးပြူးသွားသည်။

“ဘယ်က ဟုတ်ရမှာလဲကွ။ သူ့အမေ ဒေါ်ခင်ထားကြီးက ညနေ သူပြန်ရောက်လာတဲ့အချိန် ဒီကောင့်ကိုမတွေ့ရင် ဆူရောကွ” ဟု ပြောကာရှိသေး ဒေါ်ခင်ထားက နောက်သို့လှည့်ကြည့်လိုက်သည်။

“ဟာ….ဟိုမှာအမေ….အမေ” ဟုဆိုကာ ကိုဟိန်းကထွက်၍ပြေးသည်။

“သား….မပြေးပါနဲ့သားရဲ့။ အမေ.. .. သားကို မဆူပါဘူး”

ဒေါ်ခင်ထားက ငိုသံပါကြီးနှင့် နောက်ကနေ ပြေးလိုက်သွားသည်။

အိမ်သို့ရောက်သောအခါ-

“သား….ကိုဟိန်း” ဟုဆိုကာ ကျစ်နေအောင်ဖက်ထားလိုက်သည်။ ကိုဟိန်း လက်ထဲမှ ပဲထုပ်ကြီးသည်လည်း “ဖုတ်ခနဲ” ဆို ပြုတ်ကျသွားသည်။

“လိမ္မာလိုက်တဲ့ အမေ့သားလေးရယ်။ သားဝတ်ချင်တဲ့ အဖြူ၊ အစိမ်း အမေဝယ်ပေးမှာပေါ့ သားရဲ့။ မနက်ဖြန်ကစပြီး သား….ပဲမကောက်ရဘူးနော်”

“ဟုတ်ကဲ့ပါ အမေ။ သား….ကတိပေးပါတယ်။ မနက်ဖြန်ကစပြီး သား….ပဲမကောက်တော့ဘူး။ အိမ်ကပဲစောင့်တော့မယ် အမေ”

အမေဖြစ်သူကသားကို ကရုဏာမျက်ဝန်းများဖြင့် ငုံ့၍ကြည့်နေသလို သားဖြစ်သူ ကလည်း အမေဖြစ်သူကို သနားကြင်နာသည့်မျက်ဝန်းများဖြင့် မော့၍ ကြည့်နေလေတော့သည်။

-Ads-
-Ads-