အရေပြားအထူးကုဆရာဝန်ကြီး ဒေါက်တာကျော်ကျော်နှင့်တွေ့ဆုံမေးမြန်းခြင်း

နွေရာသီ အပူရှိန်မြင့်လာခြင်းနှင့်အတူ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းမြင့်မားသည့်အဆင့်များ ရောက်ရှိ လာပြီး မိုးလေ၀သပညာရှင် ဦးထွန်းလွင်၏ခန့်မှန်းချက်များ၌ တစ်ပြည်လုံးအတိုင်းအတာအနေဖြင့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းလွန်ကဲအဆင့်ရှိနိုင်သည်ဟု အချို့နေ့ရက်များတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။ ခရမ်းလွန်ရောင်ခြည်သည် နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံးတွင်ရှိနေရာ ခရမ်းလွန်ရောင်ခြည်၏ အန္တရာယ်များအကြောင်း၊ အပူရှိန်မြင့်လာခြင်းနှင့် ကျန်းမာရေးအန္တရာယ်များအကြောင်းကို အရေပြားအထူးကုဆရာဝန်ကြီး ဒေါက်တာကျော်ကျော်နှင့် စံတော်ချိန်က တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည် –

မေး – အပူရှိန်မြင့်တက်လာတာနဲ့အမျှ အရေးပြားမှာ ဘယ်လိုအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသလဲ။

ဖြေ – နွေ၊ မိုး၊ ဆောင်း ရာသီဥတုသုံးရာသီမှာ မိုးလည်း မိုးအလျောက်ရှိတယ်။ ဆောင်းလည်း ဆောင်းအလျောက်ဖြစ်တဲ့ အရေပြားရောဂါတွေရှိတယ်။ နွေရောက်တဲ့အခါ အရေပြားရှုထောင့်ကကြည့်မယ်ဆိုရင် အားလုံးသိပြီးသားပဲ။ နွေရောက်ရင်ဖြစ်တာကတော့ နေပူလောင်မယ်။ အသားတွေရင့်တယ်။ မည်းတယ်။ ရဲတယ်။ အားလုံးခံစားနေကြရတယ်။

-Ads-
-Ads-

နောက်တစ်ခု မိတ်တွေ ပေါက်ပြီး ချွေးတွေ အရမ်းထွက်တယ်။ ချွေးတွေက နောက်ပိုင်း မထွက်နိုင်တဲ့အခါကျတော့ ချွေးပေါက်တွေရောင်ပြီးတော့ မိတ်တွေပေါက်တယ်။ ဒါကတော့ နွေရာသီမှာကြုံနေကျပါပဲ။ ခရမ်းလွန်ရောင်ခြည်ကတော့ နွေရောက်မှမြင့်တာမဟုတ်ဘူး။ တောက်လျှောက်မြင့်နေတာဖြစ်တယ်။ ဒါပေမဲ့ လူတွေက ကျန်တဲ့ရာသီမှာ မြင့်တာသတိမထားမိဘူး။

ဒါပေမဲ့ နွေရာသီမှာ ခရမ်းလွန်ရောင်ခြည်ကို သတိရတယ်။ ခရမ်းလွန်ရောင်ခြည်က ရာသီသုံးပါးစလုံး မြင့်တက်ပါတယ်။ နွေရာသီပူတော့ ခရမ်းလွန်ရောင်ခြည်ကို သွားသတိရတာဖြစ်ပါတယ်။ ပြောရရင်တော့ နွေရောက်တဲ့အခါ ဒါဏ်နှစ်မျိုးဖြစ်သွားတယ်။ အပူဒဏ်က တစ်မျိုး၊ ခရမ်းလွန်ရောင်ခြည်ဒဏ်က တစ်မျိုး၊ နှစ်မျိုးခံစားကြရတယ်။

မေး – အပူရှိန်မြင့်လာရင် ခရမ်းလွန်ရောင်ခြည်က မြင့်လာတာလား။ ခရမ်းလွန်ရောင်ခြည်က သီးသန့်ဖြစ်တည်တာလား။

ဖြေ – နေထဲမှာ ရောင်ခြည်တွေပါတယ်။ မျက်စိနဲ့မြင်ရတဲ့ ရောင်ခြည်ဆိုတာရှိတယ်။ မျက်စိနဲ့ မမြင်ရတဲ့ရောင်ခြည်တွေရှိတယ်။ မျက်စိနဲ့မမြင်ရတဲ့အထဲမှာ နှစ်ခုရှိသေးတယ်။ တစ်ခုကခရမ်းလွန်ရောင်ခြည်ပေါ့။ နောက်တစ်ခုက Infrared လို့ခေါ်တဲ့ အနီအောက်ရောင်ခြည်ပေါ့။ အဲဒီမှာ အပူဓာတ်ပေးတာက အနီအောက်ရောင်ခြည်ပါ။

လူတွေပူတယ်ဆိုတာ အနီအောက်ရောင်ခြည်ကြောင့်ဖြစ်တယ်။ ခရမ်းလွန်ရောင်ခြည်ကျတော့ မမြင်ရဘူး။ နွေရောက်တော့ ပူတာလည်းပါမယ်။ ခရမ်းလွန်ရောင်ခြည်က နွေရယ်လို့ မဟုတ်ဘူး။ တစ်သမတ်တည်းကို ထွက်နေတာဖြစ်တယ်။

မေး – ခရမ်းလွန်ရောင်ခြည်က ဘယ်လောက်ကနေ ဘယ်လောက်ကြားဆိုရင် အန္တရာယ်ရှိတဲ့အနေအထားရှိပါသလဲ။

ဖြေ – ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းက ပုံမှန်အားဖြင့် အညွှန်းကိန်း ၁၀ ကျော်သွားရင်တော့ အန္တရာယ်ရှိတာပေါ့။ အကြမ်းဖျဉ်းတော့ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၁၀ ကျော်သွားပြီး အညွှန်းကိန်း ၁၃၊ ၁၄ လောက်ဆိုရင် အန္တရာယ်ရှိတဲ့အဆင့်ဖြစ်ပါတယ်။

မေး – မြန်မာနိုင်ငံရဲ့ လက်ရှိခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းကဘယ်လောက်ရှိပါသလဲ။

ဖြေ – လက်ရှိဆရာသိရသလောက်ကတော့ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းက အမြဲ ၁၀ ကျော်နေတယ်။ ဘာကြောင့်လဲဆိုရင် ဆရာတို့မြန်မာနိုင်ငံက အီကွေတာနဲ့နီးတာကြောင့်ဖြစ်တယ်။

မေး – ဒါကြောင့် အရေပြားမှာ ဘယ်လိုပြဿနာဖြစ်နိုင်ပါသလဲ။

ဖြေ – လူတွေက နွေရောက်မှ အရေပြားကင်ဆာကို သတိရတယ်။ နွေမရောက်ရင် သတိမရဘူး။ ဆရာပြောချင်တာက နွေမှာတင်မဟုတ်ဘူး။ ရာသီတိုင်းမှာ အကုန်ရှောင်ရမယ်။ နေရောင်ခြည်ကို ရှောင်တဲ့ဓလေ့က နွေရောက်မှမဟုတ်ပါဘူး။ အမြဲလိုလို နေရှောင်သင့်တယ်။ ကျန်တဲ့ရာသီတွေမှာလည်း အမြဲလိုမြင့်နေတယ်။ အညွှန်းကိန်း အဆင့် ငါး၊ အဆင့် ခြောက်ရှိတာရှားပါတယ်။ ခရမ်းလွန်အညွှန်းကိန်းက အမြဲမြင့်နေတာပဲ။ အဆင့် ၈၊ အဆင့် ၉ လောက်ရှိတယ်။ တစ်ခါတလေမှာ အဆင့် ၁၂ တောင်ကျော်နေသေးတယ်။

ခရမ်းလွန်ရောင်ခြည်က မရှောင်နိုင်ရင်၊ ထိတွေ့မှုများရင် မျက်စိထိတယ်။ မျက်စိတိမ်စွဲတာတို့၊ စောစောစီးစီးအရွယ်မတိုင်ခင် မျက်စိတိမ်စွဲတာတို့၊ မျက်ကြည်လွှာခြောက်တာ၊ ပြောရရင်တော့ အညာမှာနေပြင်းတယ်။ ခရမ်းလွန်ရောင်ခြည် အဆင့်မြင့်တယ်ဆိုတော့ တောသူတောင်သားတွေ စောစောစီးစီး အရွယ်မတိုင်ခင် မျက်လုံးတွေက ခွဲရပြီ။

ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုများရင် တိမ်ဖြစ်တာစောတာပေါ့။ အိုမင်းရင့်ရော်မှုဖြစ်တဲ့အပိုင်းမှာလည်း နေပူထဲလုပ်တဲ့သူနဲ့နေရိပ်ထဲလုပ်တဲ့သူ အသက်ချင်းတူရင်တောင် အရွယ်ရုပ်က ကွာသွားတယ်။ နေပူထဲမှာလုပ်ရတဲ့သူက နေရောင်ခြည်ဒဏ်မရှောင်နိုင်ရင် အရေပြားရင့်တယ်။ ဘာကြောင့် အရေပြားရင့်လဲဆိုရင် ကိုလာဂျင်ဆိုတဲ့ Tissue တွေရှိတယ်။ နေပူထိရင် ကိုလာဂျင်ဆိုတဲ့ Tissue တွေက ပျက်စီးတယ်။ အချိန်မကျဘဲ ပျက်စီးသွားတော့ စောစောစီးစီးပါးရေတွန့်တယ်။ အသားရေက တွန့်၊ ကြမ်းမယ်၊ မွဲခြောက်ခြောက်နဲ့ဆိုတော့ အိုစာတယ်။ နေပူတဲ့နေရာတွေမှာ အလုပ်လုပ်တဲ့သူတွေပေါ့။ ဒါတွေက ချက်ချင်းကြီးမဖြစ်ဘူး။

အဲဒီတော့ နေရောင်ခြည်ထိတာက စုပေါင်းပြီး အသက်ကြီးတဲ့အချိန်မှ ခံရတာဖြစ်တယ်။ ဒီနေ့နေပူထဲသွားလို့ နောက်နေ့အိုစာတာ မဟုတ်ဘူး။ ခဏခဏ နေပူထိတာတွေစုပေါင်းပြီးတော့ တစ်ချိန်ကျမှ ခံရတာဖြစ်တယ်။ အသက် (၄၀) ကျော်၊ (၅၀) ရောက်မှ ခံရတာဖြစ်တယ်။ ငယ်တဲ့တစ်လျှောက်လုံး နေပူထဲ အကာအကွယ်မဲ့ သွားခဲ့တယ်။ ထီးမဆောင်း၊ ဦးထုပ်မဆောင်း နေကိုလသာသလို နေပူထဲမှာ သွားလာခဲ့တဲ့သူတွေက အသက်ကြီးမှ ခံစားရတာဖြစ်တယ်။ စောစောစီးစီးမကြုံဘူး။ ဒီနေ့နေပူထဲသွားလို့ အဘိုးကြီးမဖြစ်ဘူး။ အကာအကွယ်မဲ့ ငယ်ငယ်တုန်းက အရွယ်ကောင်းတုန်း သွားခဲ့တဲ့ဒဏ်တွေက အသက်ကြီးတဲ့အခါ လာဖြစ်တာဖြစ်ပါတယ်။

မေး – ခရမ်းလွန်ရောင်ခြည်ဒဏ်၊အပူချိန်ကြောင့်ဖြစ်ပေါ်လာတဲ့ အရေပြားအန္တရာယ်တွေကို ဘယ်လိုမျိုး ရှောင်ကြဉ်နေထိုင်သင့်ပါသလဲ။

ဖြေ – နွေရောက်မှ နေရှောင်တာထက် အမြဲတမ်း နေရှောင်သင့်ပါတယ်။ ခရမ်းလွန်ရောင်ခြည်က A,B,C သုံးမျိုးရှိတယ်။ C ကတော့ ကမ္ဘာမြေကြီးကို ဆင်းမလာဘူး။ အဲဒီတော့ ခရမ်းလွန်ရောင်ခြည် A နဲ့ B ဆင်းပါတယ်။ B ကတော့ ဆင်းတဲ့ပမာဏနည်းတယ်။ A ကတော့ အများကြီးဆင်းပါတယ်။ A က ထိုးဖောက်အားကောင်းတယ်။ B ရဲ့ ထိုးဖောက်အားက A လောက်မကောင်းဘူး။ B ကဘယ်အချိန်မှာ များလည်းဆိုတော့ နေ့လယ်မွန်းတည့်အချိန်မှာ များတယ်။

မနက် ၁၀ နာရီ ကနေ မွန်းလွဲ ၂ နာရီကြားမှာ A ရော B ပါ အန္တရာယ်ရှိတာချည်းပဲ။ ဒါတွေကို သိထားဖို့လိုမယ်။ ရှောင်မယ်ဆိုရင်လည်း သတင်းစာထဲမှာ ကြေညာထားတာရှိပြီးသားပါ။ အဓိကကတော့ အဲဒီအချိန်မှာ အပြင်ကိုမထွက်နိုင်အောင် ကြိုးစားရမယ်။ ထွက်မယ်ဆိုရင်လည်း အကာအကွယ်ယူရမယ်။ ထီးဆောင်ရမယ်။ အင်္ကျီအဝတ်အစားကို လုံလုံခြုံခြုံဝတ်ရမယ်။ လက်ရှည်ဝတ်ရမယ်။ အရောင်ရင့်ရင့်၊ ပွပွထူထူဝတ်ရမယ်။ အရောင်ရင့်ရင့်ဆိုရင် နေရောင်ကို ကာကွယ်တယ်။

ဒါပေမဲ့ တစ်ဖက်က အဝတ်ထူထူဝတ်တော့ ပူတယ်။ ခရမ်းလွန်ရောင်ခြည်တော့ ကာကွယ်ပေမယ့် တစ်ဖက်ကအပူဒဏ်ကတော့လာဖြစ်တာပဲ။ အဲဒီလို ဝိရောဓိဖြစ်နေတယ်။ တစ်ခါတလေ ခက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် လုံလုံခြုံခြုံဝတ်ရမယ်။

ဦးထုပ်ပါဆောင်းမယ်။ နေကိုအပြည့်အဝ ကာကွယ်ပေးမယ့် နေကာမျက်မှန်မျိုးပေါ့။ နောက်တစ်ခုကတော့ Sun Lotion တွေ လိမ်းရမယ်။ မလိမ်းနိုင်ရင်လည်း သနပ်ခါးလိမ်းပေါ့။ နောက်တစ်ခုကတော့ အေးတဲ့အရိပ်ကိုရှာရမယ်။

မေး – ဒီလိုမျိုးရှောင်ကြဉ်လိုက်ခြင်းအားဖြင့် ခရမ်းလွန်ရောင်ခြည်ကို အပြည့်အဝကာကွယ်နိုင်ပါသလား။

ဖြေ – လူတွေကအရိပ်ထဲနေပေမယ့်လည်း ခရမ်းလွန်ရောင်ခြည်က မကင်းဘူး။ ဘာကြောင့်လဲဆိုရင် ခရမ်းလွန်ရောင်ခြည်က ရောင်ပြန်ဟပ်တယ်။ တချို့ကအရိပ်ထဲနေပြီးတော့ ခရမ်းလွန်ရောင်ခြည်ကင်းတယ်လို့ ထင်ကြတယ်။ အရိပ်ထဲနေလည်းပဲ ရောင်ပြန်ဟပ်လာတဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ခံရတယ်။ ပင်လယ်ကမ်းခြေဆိုရင် ရေကလာတဲ့ ခရမ်းလွန်ရောင်ခြည်ရှိမယ်။ သဲသောင်ပြင်ကလာတဲ့ခရမ်းလွန်ရောင်ခြည်ရှိတယ်။ အရိပ်ထဲနေလို့လည်း မလွတ်ဘူး။ ရေထဲမှာလည်း ခရမ်းလွန်ရောင်ခြည် ထိုးဖောက်တယ်။ လေး၊ ငါးပေလောက်အထိ ထိုးဖောက်တယ်။ လူတွေက ကားထဲမှာနေလည်းပဲ ခရမ်းလွန်ရောင်ခြည်ဒဏ် လှိမ့်ခံရတယ်။ ကားရှေ့ကမှန်ကြီးက ခရမ်းလွန်ရောင်ခြည် A နဲ့ B ကိုကာကွယ်တယ်။ ဘေးကမှန်တွေ၊ အမိုးတွေက ခရမ်းလွန်ရောင်ခြည် B ကိုပဲ ကာကွယ်တယ်။ ကားထဲနေရင်လည်း ခရမ်းလွန်ရောင်ခြည်သင့်တယ်။ ကားမှန်မှာစတစ်ကာ တပ်တယ်ဆိုတာ ခရမ်းလွန်ရောင်ခြည်မဝင်အောင်တပ်တာဖြစ်တယ်။ အအေးဓာတ်လည်းရတယ်။ ဒါပေမဲ့လည်းယာဉ်ထိန်းဥပဒေအရ ကပ်လို့မရဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သတိထားဖို့လိုတယ်။ ပြီးတော့ အပြင်မထွက်ဘူး။ အိမ်ထဲမှာနေတယ်။ မှန်ကလည်း ခရမ်းလွန်ရောင်ခြည် A က ဖောက်တယ်။ မှန်အကောင်းစားတပ်ထားရင်တော့ မဖောက်ဘူး။

တချို့ကွန်ဒိုကြီးတွေကျတော့ ခရမ်းလွန်ရောင်ခြည် A ရော B ပါ အကာအကွယ်ပေးတဲ့ အကောင်းစားတွေတပ်ထားတယ်။ ဒါတွေက လုံပါတယ်။ သာမန်အများပြည်သူတပ်တာက ဈေးပေါတယ်။ ခရမ်းလွန်ရောင်ခြည် A ကို မကာကွယ်နိုင်ဘူး။ B ကို ကာကွယ်တယ်။ အိမ်ထဲမှာနေလည်း ခရမ်းလွန်ရောင်ခြည်က သင့်နိုင်ပါတယ်။ ကားထဲမှာနေနေ၊ အိမ်ထဲ မှန်ဘေးနားနေနေပေါ့။ ကုန်တိုက်ကြီးတွေက မှန်တွေက အရည်အသွေးကောင်းတော့ သိပ်မဖြစ်ဘူး။ တွေးကြည့်ရင်တော့ မလွတ်ပါဘူး။ တတ်နိုင်သမျှ ထိတွေ့မှုနည်းအောင်နေဖို့က အရေးကြီးတယ်။ လုံးဝကင်းစင်အောင်နေဖို့က သိပ်မလွယ်ပါဘူး။

-Ads-
-Ads-