ဆားငန်ရည်

မနက်က မင်းခန့်၏စကားကြောင့် မိဘတို့၏ဝတ္တရားထဲက ထိမ်းမြားခြင်းဆိုသည့် ဝတ္တရားတစ်ခု တာဝန်မကျေသေးမှန်း ကိုကျော်သူရ မိမိကိုယ်ကို သတိထားမိလိုက်သည်။

“အဖေ၊ သားမှာချစ်သူရှိနေပြီ။ အဲဒါ အဖေတို့၊ အမေတို့နဲ့မိတ်ဆက်ပေးချင်လို့ မနက်ဖြန် အိမ်ခေါ်ခဲ့မယ်နော်”

ချိုသာပြီး ဆိုးနွဲ့သည့်လေသံဟန်ပန်လေးဖြင့် မိဘဆီခွင့်တောင်းသည့် မင်းခန့်၏စကားတွေကိုပြန်ကြားပြီး ကိုကျော်သူရ ပြုံးလိုက်မိသည်။ ဘေးနားက မိန်းမကို ကြည့်လိုက်တော့ တရှူးရှူးတရှဲရှဲဖြင့် အိပ်မက်ထဲမှာတောင် နတ်သားတွေနှင့် တွေ့နေပြီလားမသိ။ နာရီကိုတစ်ချက်ကြည့်လိုက်မိတော့ ၁၁ နာရီပင်ခွဲနေပြီ။ အခါတိုင်း သည်အချိန်ဆို ကိုကျော်သူရ အိပ်ပျော်နေပြီဖြစ်သော်လည်း အခုဘယ်လိုမှ ပျော်အောင်အိပ်၍မရ။ အတွေးများက ဟိုရောက်သည်ရောက်နှင့် မင်းခန့်ခေါ်လာမည့် ချွေးမချောလေး၏ ပုံစံကို သိချင်စိတ်ကြောင့် မနက်ကိုပင် မြန်မြန်ရောက်စေချင်မိသည်။

_ _ _ _

ထိပ်ထား၏ဓာတ်ပုံကိုမြင်ရတော့ ကိုကျော်သူရမျက်လုံးပြူး မျက်ဆန်ပြူးနှင့် အထိတ်တလန့်ဖြစ်ပြီး မျက်နှာက သိသိသာ သာပျက်ယွင်းသွားသည်။

“မင်းလက်ထပ်ချင်တယ်ဆိုတဲ့မိန်းကလေးက သူလား”

“ဟုတ်တယ်အဖေ။ ဘာဖြစ်လို့လဲ”

“မင်းသူ့ကိုလက်မထပ်ရဘူး။ ဒီကောင်မလေးနဲ့ မင်းကို ငါလုံးဝသဘောမတူနိုင်ဘူး။ ငါရှင်းရှင်းပဲပြောမယ်။ မင်းသူ့ကို လုံးဝလက်မထပ်ရဘူးကွာ”

ဓာတ်ပုံကို သေသေချာချာစိုက်ကြည့်ရင်း ဒေါသတကြီးပြောဆိုနေခြင်းကြောင့် ကိုကျော်သူရ၏စကားသံတွေက တုန်ယင် အက်ကွဲနေသည်။ ရုတ်ခြည်းပြောင်းလဲသွား သော ကိုကျော်သူရ၏လေသံနှင့်ဟန်ပန်တွေကို မင်းခန့် လုံးဝနားလည်၍မရ။

“မရတော့ဘူးအဖေ။ အဖေသဘောမတူလည်း သားကတော့ သူ့ကိုရအောင်ယူမှာပဲ”

“ကဲ…ယူချင်ဦးကွာ”

ပူနွေးသွားသည့် ပါးတစ်ဖက်ပေါ်မှာ အပူချိန်မည်မျှရှိမှန်းမသိသည့် မျက်ရည်ပူများ ဒလဟောကျဆင်းလာမှ ဝမ်းနည်းခြင်း က ရင်ထဲမှာဆို့တတ်လာသည် ထင်မိသည်။ သူ့ကို ကိုယ်ထိလက်ရောက်ဆုံးမဖို့နေနေသာသာ လေသံတောင်နည်း နည်းလေးမှ တင်းတင်းမာမာပြောဆိုဆုံးမခဲ့ခြင်းမရှိသည့် သူအရမ်းချစ်ခင်လေးစားရသည့်အဖေက သူ့ပါးကိုရိုက်လိုက် သည့်အဖြစ်။ သူလုံးဝမယုံကြည်နိုင်၊ မခံစားနိုင်။

“ရပါတယ်အဖေ။ အဖေမကျေနပ်ရင် သားကိုဆက်ပြီးဆုံးမပါဦး။ ဆက်ရိုက်လိုက် ပါဦးအဖေ။ အဖေ့စကားကို သား တစ်သက်လုံးနားထောင်ခဲ့တာပါ။ ဒီတစ်ကြိမ်တော့ သားကိုခွင့်လွှတ်ပါ။ သားသွားပြီ အဖေ”

မည်သို့မှ မင်းခန့်ကို တားဆီးချိန်မရလိုက်ခြင်းကြောင့် ကိုကျော်သူရ အနားမှာရှိ သည့် ထိုင်ခုံ၊ ဖန်ခွက်တွေကို တစ်ခုမကျန် ပစ်ပေါက်ရင်း ဒေါသတွေက ဗုံးတစ်လုံးလို တရစပ်ပေါက်ကွဲနေတော့သည်။

_ _ _ _

စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်၊ လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ လူ အများ၏ ရိုသေလေးစားမှုကိုခံယူပြီး ပုံမပျက်၊ ပန်းမပျက်ဘဲ ဖုံးဖုံးဖိဖိနေလာခဲ့သမျှ၊ ဖုံးထားသမျှ အပုပ်အပွတွေအားလုံးပေါ်ကုန်တော့မည်ကို ကိုကျော်သူရ တွေးပင် မတွေးရဲ။ အထူးသဖြင့် အိမ်ကဇနီးသည် ဒေါ်မေသန့်နှင့်တစ်ဦးတည်းသောသား မင်းခန့်၏ ချစ်ခင်မှု၊ ကြည်ညိုလေး စားမှုတွေကို အပြည့်အဝရထားသည့်အတွက်ကြောင့် မိသားစုကွယ်ရာမှာ အပျော်အပါး၊ မိန်းမလိုက်စားနေတတ်သည့် မိမိ၏ မကောင်းသောလုပ်ရပ်တွေကို မည်သူမှမသိအောင် ဆင်ဆင်ခြင်ခြင်နေထိုင်ခဲ့သည်။ အမှန်တရားဆိုသည်မှာ မည်မျှပင်ဖုံးကွယ်ထားစေကာမူ အချိန်တန်လျှင် ပေါ်လာရစမြဲပင် မဟုတ်ပါလား။ ကိုကျော်သူရ၏ အပျော်အပါး၊ မိန်းမလိုက်စားတတ်သည့် မကောင်းသောအကျင့်ဆိုးတွေပေါ်လာဖို့အချိန်က ကျရောက်လာပြီထင်သည်။

မင်းခန့် အိမ်ပေါ်ကဆင်းသွားသည့်နေမှစပြီး ဒေါ်မေသန့်မှာလည်း အအိပ်ပျက်၊ အစားအသောက်ပျက်နှင့် အတော်ပင် ချောင်ကျသွားသည်။

“ရှင် သဘောမတူလို့ ကျွန်မသားလေး အိမ်ပေါ်ကဆင်းသွားတာ။ အခုနေဆို ဘယ်တွေရောက်နေလို့ ဘယ်လိုများ စားသောက်နေပါလိမ့်”

မင်းခန့်ဆိုသည့်စကားကိုကြားရတိုင်း ဓာတ်ပုံထဲကမိန်းကလေးကို ပြန်ပြန် မြင်ယောင်လာပြီး ကိုကျော်သူရ ကိုယ့်ကိုယ် ကိုယ် မလုံသလိုခံစားရကာ ဒေါ်မေသန့်၏ မျက်ဝန်းနှင့်ပင် မျက်နှာချင်းမဆိုင်ရဲ။ ခေါင်းကိုငုံ့ထားပြီး ပျာယီးပျာယာနှင့် အထိတ်တလန့်ဖြစ်နေရှာသည်။

“မင့်သားက မွဲချင်လို့ပြာပုံတိုးတာပဲ။ မိဘစကားနားမထောင်တဲ့ကောင် သူ့ထိုက်နဲ့ သူ့ကံ ပစ်ထားလိုက်”

ပြောပြောဆိုဆိုနှင့် ဒေါ်မေသန့်၏ရှေ့ကနေထွက်သွားပြီး ဒေါနှင့်မောနှင့် ကားမောင်းကာ အပြင်ထွက်သွားသည်။

_ _ _ _

“ကျွန်မသားလေး ပြန်ရောက်နေပြီ။ သမီး ရောပါလာတယ်…”

အိမ်ထဲကိုဝင်မည်အလုပ်မှာ ရန်သူတစ်ယောက်ကို ရုတ်တရက်တွေ့လိုက်ရသလို ကိုကျော်သူရ ခြေလှမ်းတွေတုံ့ဆိုင်း သွားသည်။ ခေါင်းကို အောက်ကိုငုံ့ချလိုက်ပြီး နောက်ပြန် လှည့်ရမည်လား၊ ရှေ့ဆက်သွားရမည်လား စဉ်းစားရင်း ကိုယ့်ခြေထောက်ကို အဓိပ္ပာယ်မဲ့စွာ နေရာမှာပင် ရပ်ကြည့်နေမိသည်။

“…..”

“ခဏနေ ပြန်ဆင်းခဲ့နော်။ သံပရာရည် ဖျော်ထားလိုက်မယ်”

နည်းနည်းလေးမှ လှည့်မကြည့်။ စကားတစ်ခွန်းမှမပြောဘဲ အိမ်ပေါ်ကိုတက်သွား သည့် ကိုကျော်သူရကို ဒေါ်မေသန့် စားပွဲဝိုင်းကနေထိုင်ရင်း လှမ်းပြောလိုက်သည်။ “ငါ အောက်ပြန်ဆင်းလို့မဖြစ်ဘူး။ အဲဒါ ဘယ်လိုလုပ်ရပါ့”ဆိုသည့် စကားကို ပါးစပ်ကအကြိမ်ကြိမ်ရွတ်ရင်း ခြေမကိုင်မိ၊ လက်မကိုင်မိနှင့် ဆောက်တည်ရာမရ အခန်းထဲမှာ ကိုကျော်သူရ တစ်ယာက်တည်း ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။

“ဒေါက်…ဒေါက်…ဒေါက်”

အခန်းတံခါးခေါက်သံကြောင့် လမ်းလျှောက်တာ ရပ်လိုက်ရလျှင်ပဲ ကြောက်စိတ် က ပိုမိုကြီးစိုးလာပြီး စိတ်နှင့်ကိုယ်က မကပ်တော့။ ကိုကျော်သူရရင်ထဲမှာ ငိုရမလိုလို၊ ရယ်ရမလိုလိုနှင့် မည်သူ့ကို အပြစ်တင်လို့တင်ရမည်မှန်းမသိ။ တစ်ဦးတည်းသောသား မင်းခန့်၏ချစ်သူအဖြစ်နှင့်မှ တိုက်တိုက်ဆိုင်ဆိုင်လာတွေ့ရသည့် ရက်စက်လွန်းသော ကံကြမ္မာကိုပဲ အပြစ်တင်ရမည်လား၊ သို့မဟုတ် မိန်းမလိုက်စားတတ်ခဲ့သည့် မိမိကိုယ်ကိုပဲ အပြစ်တင်ရမည်လား ကိုကျော်သူရ မစဉ်းစားတတ်တော့။

နောင်တတွေ အခုမှ ရလာမိတာတော့အမှန်။

“ဘယ်သူလဲ”

“ကျွန်မပါ။ အောက်မှာ သားနဲ့သမီးက ကန်တော့ဖို့ ရှင့်ကို စောင့်နေကြတယ်။ မြန်မြန်အောက်ဆင်းခဲ့တော့”

ကိုကျော်သူရ ပျာယီးပျာယာနှင့် အံဆွဲထဲက ဓာတ်ပုံကို ထုတ်ကြည့်လိုက်ပြီး-

“အောက်မှာမြင်ခဲ့ရတဲ့ သားရဲ့ကောင်မလေးက ဟုတ်တယ်၊ ဟုတ်တယ် သူမှသူပဲ ငါအောက်ဆင်းရင် ပြဿနာတွေ တက်ကုန်မယ်။ အားလုံး အရှက်တွေကွဲကုန်မယ်။ ငါအောက်ဆင်းလို့မဖြစ်ဘူး …မဖြစ်ဘူး မဖြစ်ဘူး မဖြစ်ဘူး”

ကိုကျော်သူရ ခန္ဓာကိုယ်တစ်ခုလုံး ချွေးတွေဖြင့် ရွှဲနစ်၍နေသည်။

“ယောက်ျား ယောက်ျား”

နားထဲမှာ ဒေါ်မေသန့်၏ခေါ်သံက မကြားတစ်ချက် ကြားတစ်ချက်ဖြင့်။

အတင်း ရုန်းကန်ပြီး မျက်လုံးကိုဖွင့်လိုက်မှ အရှိနှင့်သတိ ပြန်ကပ်လာသည်။

“ဘာဖြစ်တာလဲ ယောက်ျား၊ ရော့ ….ရေသောက်လိုက်ဦး”

“ကိုယ် အိပ်မက်ဆိုးတွေမက်နေတာ”

“အိပ်မက်ဆိုးတွေ အိပ်ရာထဲမှာပဲထားခဲ့လိုက်။ အောက်မှာ ရှင်တွေ့ချင်တဲ့ ချွေးမ ချောလေး ရောက်နေတယ်။ ရေမိုးချိုးပြီး ဆင်းခဲ့လိုက်တော့”

အိပ်မက်မှန်းသိလိုက်ရ၍ အမောပြေမည်ရှိသေး၊ ချွေးမချောလေးက အောက်မှာ ရောက်နေပြီဆိုသောကြောင့် အမောပင်ပြန်ဖောက်ချင်သလိုလို။

ရေမိုးချိုးပြီး အောက်ဆင်းလာတော့ မိသားစုထမင်းဝိုင်းလေးက ကိုကျော်သူရကို အဆင်သင့်စောင့်ကြို၍နေသည်။ ချွေးမကို တစ်ချက်ကြည့်လိုက်တော့ အိပ်မက်ထဲမှ ဓာတ်ပုံထဲကမိန်းကလေးနှင့် နည်းနည်းမှမတူ။ သက်ပြင်းရှည်တစ်ခုကို လေးလေးပင်ပင် ချလိုက်သည်။ စိတ်ထဲမှာ နိုက်ကလပ်က မိန်းကလေးတစ်ယောက်၏မျက်နှာလေးကို မြင်ယောင်မိလာပြီး ကိုကျော်သူရ ပြုံးလိုက်မိသည်။