မိတ်ဖြစ်ဆွေဖြစ်ခွဲခွာခြင်း

မိုးသာမရွာခဲ့ဘူးဆိုရင် ရုပ်ရှင်ရုံထဲကထွက် တာနဲ့ အိမ်ကို လမ်းလျှောက်ပြန်ရုံရှိပါတယ်။ ကျွန် တော့်တိုက်ခန်းက ရုပ်ရှင်ရုံနဲ့ အနီးလေးမှာပါ။ ဒါပေမဲ့ လမ်းက ဖြောင့်ဖြောင့်ရှင်းရှင်းတော့မဟုတ်ဘူး။ ရုပ်ရှင်ရုံကနေ လမ်းကျယ်ဘက်ကို တည့်တည့် ဆင်းသွားရင် ဖြတ်လမ်းတစ်ခုကိုတွေ့မယ်။ အဲဒီက နေ ညာဘက်ကိုကွေ့လိုက်၊ လမ်းနှစ်လမ်းလွန်တာနဲ့ တတိယမြောက်လမ်း ရုဒီဂရင်းနဲလ်ကိုရောက်မယ်။ အဲဒါ ကျွန် တော်နေတဲ့လမ်းပဲ။

မိုးကရွာနေတော့ တက္ကစီစီးဖို့ဖြစ်လာတာပေါ့။ ကားပေါ်ရောက်မှ ဒရိုင်ဘာကို သတိထား ကြည့်မိတယ်။သူ့ပုံစံက မျက်နှာ နီစပ်စပ်နဲ့ အသက် နည်းနည်းကြီးတဲ့ပုံပဲ။ ကတ်သီးကတ်သတ်နဲ့ ဘုကျကျ ပုံစံမျိုး။ ကြည့်လေ လုပ်ပုံက ဘာမပြော ညာမပြောနဲ့ ပထမဦးဆုံးတွေ့တွေ့ချင်းလမ်းထဲ ချိုးကွေ့ဖို့ ပြင်လိုက်တယ်။ “အဲဒီလမ်းမဟုတ်ဘူးဗျ။ ရှေ့နှစ်ဘလောက် လမ်း” ဆိုပြီး ကျွန်တော်က ကမန်းကတန်းအော်လိုက်ရတယ်။ သူ့နှုတ်က ဆီမန်းမန်းသလို ပွစိပွစိရေရွတ်သံထွက်လာ တယ်။ ပြီးတော့ ကားကို လမ်းကျယ်ဘက် ပြန်ဆွဲကွေ့တယ်။လမ်းကျယ်အတိုင်းမောင်းလာပြီး ရုလက်ကာဆက်လမ်းထဲကို ချိုးကွေ့ဖို့လုပ်ပြန်တယ်။ ဒါက ဒုတိယတစ်လမ်း၊ ကျွန်တော်သွားမယ့်လမ်း မဟုတ်သေးဘူး။

“အဲဒီလမ်းမဟုတ်ဘူးဗျ။ နောက်တစ်လမ်း။ ကျွန်တော်သွားမှာ ဂရင်းနဲလ်လမ်းပါ” ကျွန်တော့်ထံက ဒုတိယမ္ပိထွက်ပေါ် လာတဲ့အသံ။ ငနဲကြီးက ကျွန်တော့်ကို သုန်သုန်မှုန်မှုန်ကြည့်လိုက်တယ်။ ပြီးတော့ ဆောင့်ကြီးအောင့်ကြီးနဲ့ ကားကို ပြန်ချိုးကွေ့ပြီး လမ်းကျယ်အတိုင်း တစ်ရှိန်ထိုးမောင်းလိုက် တော့ ဂရင်းနဲလ်လမ်းကိုကျော်သွားတယ်။ “ဂရင်းနဲလ်လမ်း ကိုကျော်သွားပြီဗျ” တတိယမ္ပိ ကျွန်တော်အော်လိုက်တဲ့အသံ။ “ဆရာကြီး ညာဘက်ကို ချိုးရမှာလေ။ ကျွန်တော်သွားမှာ ဂရင်းနဲလ်လမ်း အိမ်နံပါတ် ၃၆ ပါ”

ငနဲကြီးတော်တော်ကိုစိတ်တိုသွားပုံရတယ်။ “သေလိုက်” သူထံကထွက်လာတဲ့ အယုတ္တအနတ္တ ရေရွတ်သံ။ ပြီးတော့ ကားကိုအရှိန်နဲ့ ပစောက်ပုံပြန်ချိုးကွေ့တယ်။ ကားက ပလက်ဖောင်းနားကပ်ပြီး သီသီလေးလွတ်ထွက်သွားတယ်။ ပြီးတော့ အရှိန်နဲ့ နောက်ပြန်ဆုတ်၊ လမ်းကျယ်ထဲဖြတ်ဝင်ပြီး လမ်းထောင့်မှာ ဘရိတ်ဆောင့်နင်းကာ ထိုးရပ်လိုက်တယ်။

“ဆင်းလိုက်တော့” ငနဲကြီးထံကနေမိုးခြိမ်းသံ လိုထွက်ပေါ်လာတဲ့အသံ။ နီစပ်စပ် သူ့မျက်နှာတစ်ခုလုံး ကြက်သွေးရောင် သန်းလျက်။

“ဒီမှာကိုယ့်လူ၊ အခုကားပေါ်ကဆင်းလိုက်တော့။ ခင်ဗျားက ကျုပ်ကိုသောက်ရူးလို့ထင်နေတာလား။ ဘယ့်နှယ် ဟိုလမ်း မဟုတ်သေးဘူး၊ ဒီလမ်းမဟုတ်သေးဘူးနဲ့ ဘယ်နှခါရှိပြီလဲ။ သောက်ကျိုးနည်း စော်စော်ကားကားနဲ့။ ဆင်းဗျာ အခုကား ပေါ်ကဆင်းလိုက်၊ ကျုပ်ကားပေါ်မှာ နိုင်ငံခြားသားသူစိမ်းတွေမတင်ဘူး”

“မိုးရွာနေတယ်ဗျ”

ကျွန်တော်လည်း နည်းနည်းတော့ စိတ်ပေါက်သွားတာပေါ့။

“ဒီမှာဆရာကြီး….ကျွန်တော်က ခင်ဗျားပြောသလိုမဟုတ်ဘူးနော်။ ကျွန်တော် စော်ကား တာမဟုတ်ဘူး။ လမ်းမှားနေလို့ ပြောရုံပဲရှိတာ။ သုံးကြိမ်သုံးခါတော့ ရှိသွားတာပေါ့။ လုပ်ပါဗျ ကျွန်တော့်ကို အိမ်ရောက်အောင်တော့ ပို့ပေးပါ။ ကျသင့်တာ ထက် ပိုပေးပါ့မယ်”

ငနဲကြီးကမလျှော့။ “ဆင်းတော့၊ ကျုပ်ပြောနေတယ်နော်၊ ခင်ဗျားဆင်းလိုက်တော့”

ကျွန်တော်က သဲကြီးမဲကြီးရွာနေတဲ့မိုးကိုကြည့်လိုက်ပြီး “မဆင်းဘူးဆိုရင်ရောဗျာ”

ကျွန်တော့်အပြောကြောင့် သူ ပိုပြီးတင်းသွားပုံရတယ်။ “မဆင်းဘူးလား….ရတယ်။ ဖျန်ဖြေရေးရုံး သွားကြရုံပေါ့။ ခင်ဗျား ကျုပ်ကိုစော်ကားမှုနဲ့ တိုင်ချက်ဖွင့်မယ်။ အဲဒီအတွက် ခင်ဗျားတန်ရာတန်ကြေးပေးရမယ်။ ဒါမှမဟုတ် ခင်ဗျားကားပေါ်က အခုဆင်း။ ကြိုက်တဲ့လမ်း ရွေး….ရတယ်”

“မိုးရွာကြီးထဲဗျာ….မတတ်နိုင်တော့ဘူး။ ခင်ဗျားကြိုက်သလိုသာလုပ်တော့” ကျွန်တော်က ကားပေါ်မှာ ပေကပ်ထိုင်နေ လိုက်တယ်။ သူကလည်း ကားကိုမောင်းထွက်သွားတယ်။

ဖျန်ဖြေရေးရုံးက ကျွန်တော့်အိမ်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ရုံး။ အခက်အခဲ ပြဿနာနည်းနည်းရှိတိုင်း အဲဒီရုံးကို ကျွန်တော် ရောက်နေကျ။ ကျွန်တော်နဲ့ အငှားယာဉ်မောင်းငနဲကြီးရုံးထဲကို ဘေးချင်းယှဉ်ပြီးဝင်လာခဲ့တယ်။ အခန်းထဲက စားပွဲတစ်ခု နောက်မှာ လူတစ်ယောက် ထိုင်နေတယ်။ သူက ဒီရုံးက တာဝန်ခံအရာရှိ။ ကျွန်တော့်ကို မျက်မှန်းတန်းမိနေတယ်။ အရာရှိ က ကျွန်တော့်ကိုနာမည်တပ်ပြီး နှုတ်ဆက်လိုက်တယ်။

“ဆိုပါဦး မစ္စတာ ဘာဖြစ်လာပြန်ပြီလဲ။ ဘာကူညီပေးရမလဲ”

သူ့စကားလည်းဆုံးရော ယာဉ်မောင်းငနဲကြီးက ကျွန်တော့်အရင်ဦးအောင် ပိတ်ပြောလိုက်တယ်။ “အကူညီလိုတာ ကျုပ်ပါ” တဲ့။ ပြီးတော့ “ဒီလူလေ ဒီနိုင်ငံခြားသားပေါ။့ ကျုပ်ကိုငတုံးလို ဆက်ဆံတာ သုံးကြိမ်သုံးခါတောင်ဗျာ၊ စော်ကား လိုက်တာ။ ဒီအတွက် ကျုပ်တရားမျှတမှုကိုလိုချင်တယ်။ ကျုပ်တောင်းဆိုချင်တာ အဲဒါပါပဲ”

အရာရှိက ဘာခံစားချက်မှမရှိတဲ့မျက်နှာထားနဲ့ သူ့ကိုစိုက်ကြည့်နေတယ်။ သူ့အခြေအနေကို အကဲခတ်နေပုံလည်းရ တယ်။ ပြီးတော့မှ ကျွန်တော့်ဘက်လှည့်လိုက်ပြီး “ဘယ်လိုဖြစ်တာလဲ။ ရှင်းစမ်းပါဦး”ဆိုပြီး မေးတယ်။ ပြီးတော့ သူက ဖောင်တိန်တစ်ချောင်းကိုကောက်ကိုင်ပြီး သူ့ရှေ့က စာအုပ်ကြီးကို လှန်လိုက်တယ်။ နောက်တော့ ကျွန်တော်ပြောသမျှကို လိုက်ရေးမှတ်တယ်။ ကျွန်တော်က ဇာတ်လမ်းအစကနေ အဆုံးအထိ ဖြစ်ကြောင်းကုန်စင်အောင် ပြောပြလိုက်တယ်။ အရာရှိက ကျွန်တော်ပြောတာကို တစ်ခါ၊ နှစ်ခါလောက် ကြားဖြတ်မေးတာကလွဲပြီး ကျွန်တော့်ဇာတ်လမ်း ဆုံးတဲ့အထိ တောက်လျှောက်ရေးမှတ်တယ်။ စာကြောင်းဆုံးတော့ သူတို့ပြင်သစ်လူမျိုးတွေထုံးစံအတိုင်း မင်စက်လေးတွေ တစ်စက်ပြီး တစ်စက် တို့ထိတို့ထိချလိုက်ရင်း “ကျေးဇူးပဲလို့” ကျွန်တော့်ကို ပြောလိုက်တယ်။

ပြီးတော့ ဒရိုင်ဘာငနဲကြီးဘက်လှည့်ပြီး-

“ကဲ ….ပြော….ခင်ဗျားအလှည့်”လို့ သံပြတ်နဲ့ ပြောဆိုလိုက်တယ်။ ဒရိုင်ဘာကြီးကတော့ ထုံးစံအတိုင်း ရှူးရှူးရှဲရှဲလေသံနဲ့ ပါပဲ။ သူက ကျွန်တော့်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ဒီနိုင်ငံ ခြားသား သူ့ကိုစော်ကားတယ်လို့ ပြောတယ်။ ငတုံးငအလို ဆက်ဆံတယ်လို့ ပြောတယ်။ သုံးကြိမ်သုံးခါ ဆိုတာကိုလည်း ထပ်ပြန်တလဲလဲ ပြောတယ်။ အရာရှိက ဖောင်တိန်ကိုချပြီး သူ့ကိုခပ်တည့်တည့် မော့ကြည့်တယ်။ ပြီးတော့ သူရေးမှတ်ထားတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ထွက်ဆိုချက်တွေကို အစအဆုံး တစ်ခေါက်ပြန်ဖတ်တယ်။ ပြီးတော့မှ သူက “ဟုတ်ပြီ…. လူကြီးမင်းတို့ပြဿနာကို ကျွန်တော် ရှင်းရှင်း လင်းလင်း သဘောပေါက်ပြီ။ ဒီမှာ တကယ်နစ်နာတဲ့သူက ဒီလူကြီးမင်းပဲ။ ကျွန်တော့်ကိုလက်ညှိုးညွှန်လျက် ဒီတော့ ဒီလိုလုပ်ဗျာ။ ဟောဒီကယာဉ်မောင်းကြီးက ဒီကလူကြီးမင်း ကို အဖိုးအခမယူဘဲ အိမ်အရောက်ပို့ပေးလိုက်။ မကောင်း ဘူးလား။ ဒါဆိုရင် အေးအေးချမ်းချမ်းနဲ့ စိတ်ချမ်းသာစရာ မကောင်းဘူးလား။ တစ်ခုပဲ ရှိတယ်။ ဒီနိုင်ငံရဲ့ဥပဒေအရ ဒီကလူကြီးမင်းရဲ့ သက်သေခံကတ်ပြားလေးကို ပေးကြည့်ရမှာပါ။ ဒါဆိုရင် ပြဿနာအားလုံးရှင်းပြီပေါ့။ ကျေးဇူးပြုပြီး လူကြီးမင်းရဲ့ မှတ်ပုံတင်လေးသာ တစ်ဆိတ်လောက်”

သူ့စကားဆုံးတော့ ကျွန်တော်စိတ်ပျက် လက်ပျက် မှတ်ပုံတင်ကျွန်တော့်အခန်းထဲကစာရေး စားပွဲပေါ်ကျန်ရစ်ခဲ့တာပါ။ ပြင်သစ်နိုင်ငံဥပဒေအရ နိုင်ငံခြားသားတစ်ဦးအတွက် မှတ်ပုံတင်ကို ကိုယ်နဲ့ မကွာဆောင်ထားရမှာဖြစ်တယ်။ နောက်ဆုံး တော့ ကျွန်တော်ပြောစရာစကားက ဆင်ခြေဆင်လက် သာ ဖြစ်တယ်။

“ဝမ်းနည်းပါတယ်ခင်ဗျာ။ မိုးကရွာနေတော့ မိုးစိုမှာစိုးတာနဲ့ အိမ်မှာထားရစ်ခဲ့မိတယ်။ မနက် ကျရင် လူကြီးမင်းထံကို မပျက်မကွက်ယူလာပေးပါ့ မယ်။ ဒီအတွက် လူကြီးမင်း စာနာနားလည်ပေးမယ် လို့ မျှော်လင့်ပါမိတယ်”

ဒါပေမဲ့ ကျွန်တော်မျှော်လင့်သလိုတော့ ဖြစ် မလာခဲ့ဘူး။ အရာရှိက ဘဝင်မကျဖြစ်သွားပုံရတယ်။ သူက လေသံမာမာနဲ့ စည်းမျဉ်းစည်းကမ်းအရတော့ ဒါဟာနည်းလမ်းမကျဘူးဗျ။ ဒီတော့ ကျွန်တော်ပထမဆုံးဖြတ်ချက်ကို ပြန်ပြင်ရတော့မှာ ပေါ့။ အခုက မိုးရွာနေတော့ သူကခင်ဗျားကို အိမ်အရောက်ပြန်ပို့ပေးပါလိမ့်မယ်။ ဒီအတွက် ခရီးအစ အဆုံးယာဉ်စီးခအပြင် ဒီရုံးကိုလာရတဲ့အတွက် ဆုံးရှုံးသွားတဲ့သူ့အချိန်တွေအတွက်ပါ ပေးရလိမ့်မယ်။ အဲဒီအတွက် ဒီကလူကြီးမင်းရဲ့ အငှားကားမှာပြတဲ့ မီတာနှုန်းထားအတိုင်းပေါ့။ ဟုတ်တယ်မဟုတ်လားဆိုတဲ့ အရာရှိရဲ့အပြောကို ယာဉ်မောင်းငနဲကြီးက ခေါင်းညိတ်ပြလိုက်တယ်။ ကျွန်တော်တို့ရုံးခန်းထဲကထွက်လာတော့ မနက်ဖြန်မှတ်ပုံတင်ယူလာပေးဖို့ အရာရှိက ထပ်ဆင့်မှာလိုက်တယ်။

ယာဉ်မောင်းအဘိုးကြီးရဲ့မျက်ဝန်းမှာ ကျေနပ်မှုအလင်းတစ်စကို တွေ့နေရတယ်။ ဒါပေမဲ့ အနိုင်ရအောင်ပွဲခံတဲ့ ပုံစံမျိုး တော့မဟုတ်ဘူး။ လမ်းတစ်လျှောက်လုံးလည်း စကားတစ်ခွန်းမှမဆိုဘူး။ သူ့ကားကိုသာ ဂရုတစိုက်နဲ့ ကျွန်တော့်အိမ်ရှေ့ အရောက်မောင်းလာခဲ့တယ်။ အိမ်ရှေ့ရောက်တော့ ကျွန်တော်က ကျသင့်ငွေအားလုံးကို အတိအကျ ရှင်းပေးတယ်။ ဒီတော့မှ သူက ဓခင်ဗျားက ကတိတည်တဲ့လူဆိုတာ ယုံပြီးသားပါ။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ မိတ်ဖြစ်ဆွေဖြစ် လမ်းခွဲနိုင်ခဲ့ကြတာပေါ့ ….မဟုတ်ဘူးလား” တဲ့။

(အမေရိကန်စာရေးဆရာ Francis Steegmuller ၏ The Foreigner ကို ဆီလျော်အောင် ပြန်ဆိုပါသည်။)