မွေးနေ့အလှူအဖြစ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ အလှူလုပ်ခဲ့သည့်သရုပ်ဆောင်မြတ်သူသူဇင်

ဓာတ်ပုံ-ယဉ်မျိုးသူ

ရန်ကုန်၊ ဧပြီ-၉

သရုပ်ဆောင်မြတ်သူသူဇင်နှင့် We Love Myat Thu Thu Zin အဖွဲ့သားများစုပေါင်း၍ အလှူပွဲကို သင်္ဃန်းကျွန်း မြို့နယ်ရှိ ရတနာစံရိပ်ငြိမ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ဧပြီ ၈ ရက် နံနက်က ပြုလုပ်ခဲ့သည်။

“မြတ်သူရဲ့ မွေးနေ့ကတော့ ခြောက်လပိုင်းမှပါ။ မွေးနေ့ရောက်ရင် ဒီမှာမရှိမှာကြောင့် မြတ်သူရယ် We Love Myat Thu Thu Zin အဖွဲ့သားတွေ ပေါင်းပြီးတော့ အလှူပွဲလေးလုပ်ဖြစ်တာပါ။ မြတ်သူက မွေးနေ့တိုင်းရောက်တဲ့နေရာမှာ ကုသိုလ်လုပ်ဖြစ်တယ်။ အခုလို ကလေးတွေကိုလှူရတဲ့အတွက်လည်း အရမ်းဝမ်းသာတယ်။ ပီတိလည်းဖြစ်တယ်” ဟု သရုပ်ဆောင် မြတ်သူသူဇင်က ပြောသည်။

ရတနာစံရိပ်ငြိမ်ဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွင် ဆောက်လက်စကျောင်းအတွက် အလှူငွေ၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွင် ပညာသင်ကြားနေသော ကလေးငယ်များအား တစ်နေ့စာထမင်းဟင်းများကျွေးမွေးခြင်း၊မုန့်များ၊ စာအုပ်များ၊ အင်္ကျီများပေးဝေခြင်းနှင့် မွေးနေ့အကြိုအမှတ်တရကိတ်ခွဲ၍ ကလေးငယ်များအားကျွေးမွေးခဲ့ခြင်းဖြစ်သည်။

သရုပ်ဆောင်မြတ်သူသူဇင်သည် ယခုလက်ရှိတွင် သရုပ်ဆောင်အားသစ် ဆုမြတ်နိုးဦး၊ နန်းဆုဦးနှင့် အခြားသရုပ်ဆောင် များပါဝင်သော ယတြာရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်ထားသူဖြစ်သည်။