မန်စီးတီး လက်ရှိခြေစွမ်းအရ လီဗာပူးကို နှစ်ဂိုးပြတ်နိုင်ဖို့ မရှိ

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒု-ကျော့ ပွဲကြိုသုံးသပ်ချက်

ဘောလုံးရာသီနှောင်းပိုင်းကို ရောက်လာပြီဖြစ်တာကြောင့် ချန်ပီယံလိဂ်ပွဲတွေဟာလည်း ကွာတားဖိုင်နယ် ဒုတိယအကျော့ကို ရောက်ရှိလာပါပြီ။ ဒီနေ့ညပွဲတွေမှာ ပထမအကျော့က ဂိုးပြတ်နိုင်ထားတဲ့ အသင်းတွေဖြစ်တဲ့ လီဗာပူးနဲ့ ဘာစီလိုနာတို့ဟာ ဆီမီးဖိုင်နယ်တက်လှမ်းနိုင်ဖို့ အခွင့်အလမ်းအထူးကောင်းနေကြပေမယ့် ဘယ်အသင်းတွေက အံ့အားသင့်စရာရလဒ်မျိုးနဲ့ အရှုံးကို ပြန်ချေပနိုင်မလဲဆိုတာလည်း စောင့်ကြည့်ရင်ခုန်ကြစို့လား။

မကြာသေးတဲ့လပိုင်းကပဲ မန်စီးတီးအသင်းဟာ ဖလားလေးလုံးလမ်းကြောင်းပေါ် ရှိနေခဲ့ပေမယ့် အခုတော့ ပထမအကျော့မှာ လီဗာပူးကို သုံးဂိုးပြတ်ရှုံးခဲ့ရတာကြောင့် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်ရေးထက် ဒီအရှုံးကို ပြန်ချေပနိုင်ဖို့ လတ်တလော အရေးအကြီးဆုံးဖြစ်နေပါတယ်။ ဒီလိုမှမဟုတ်ရင် မန်စီးတီးဟာ ပြည်တွင်းဖလား နှစ်လုံးသာရနိုင်ဖို့ အိပ်မက်ရတော့မှာပါ။ လီဗာပူးကွင်းမှာ သွားကစားခဲ့ရတဲ့ ပထမအကျော့ပွဲတုန်းက ပထမပိုင်းအတွင်းမှာပဲ လီဗာပူးအသင်းဟာ ၁၉ မိနစ်အတွင်း သုံးဂိုးသွင်းနိုင်ခဲ့ပြီးနောက်မှာ ခံစစ်ကို စေ့စပ်စွာနဲ့ ထိန်းကစားသွားခဲ့လို့ မန်စီးတီးဟာ တစ်ပွဲလုံး ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်တောင် မရနိုင်ခဲ့ပါဘူး။ ပထမအကျော့တုန်းက မန်စီးတီးနည်းပြဂွါဒီယိုလာဟာ စတာလင်းကို ပွဲထွက်မသုံးဘဲ ဂန်ဒိုဂန်ကို သုံးခဲ့ရာမှာ အမှားအယွင်းဖြစ်စေခဲ့တယ်လို့ ဝန်ခံခဲ့တယ်။ သူတို့အသင်း ခံစစ်ပိုင်းဟာလည်း နောက်ဆုံးနှစ်ပွဲမှာ ခြောက်ဂိုးပေးခဲ့ရပြီး မန်ယူကိုလည်း နှစ်ဂိုးပြတ်ဦးဆောင်နိုင်ရာက သုံးဂိုးပြန်ပေးပြီး ရှုံးခဲ့ရတဲ့အတွက် ဂိုးရှေ့နားကပ်လာတိုင်း ဂိုးပေးနေရတယ်လို့တောင် ဂွါဒီယိုလာက သူ့အသင်းခံစစ်ပိုင်းကို စိတ်ပျက်စကားဆိုခဲ့ပါတယ်။ မန်ယူနဲ့ပွဲမှာလည်း အနိုင်ရခဲ့ရင် ပရီးမီးယားလိဂ်ဖလား ရရှိမှာဖြစ်လို့ အကောင်းဆုံးပွဲထွက်စာရင်းနဲ့ အနိုင်ဦးတည် ကစားခဲ့ပေမယ့် ဒုတိယပိုင်းမှာ ခံစစ်ကစားပုံ ပြိုလဲ ခဲ့တာကြောင့် သုံးဂိုးပေးခဲ့ရတယ်။ ဒီရှုံးပွဲကြောင့် မန်စီးတီးဟာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ပထမဆုံးအိမ်ကွင်းရှုံးပွဲလည်း ကြုံခဲ့ရတာကြောင့် အဆိုးရွားဆုံးအခိုက်အတန့်ကို ရောက်နေချိန်လို့ဆိုရပါမယ်။

-Ads-
-Ads-

 

မန်စီးတီးဟာ ပထမအကျော့မှာ အဝေး ကွင်းသွင်းဂိုးတစ်ဂိုးမှ မရနိုင်ခြင်းဟာ နောက်တစ် ဆင့်တက်ဖို့အတွက် မဖြစ်နိုင်လောက်တဲ့အနေအထားကို ရောက်ရှိစေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် အခုပွဲမှာ လီဗာပူးအသင်းက တစ်ဂိုးသွင်းလိုက်နိုင်တာနဲ့ မန်စီးတီးဟာ နောက်တစ်ဆင့်တက်နိုင်ဖို့ ငါးဂိုးပြန်သွင်းရတော့မှာဖြစ်လို့ပါ။ မန်စီးတီးဟာ နောက်ဆုံးရှစ်ပွဲမှာ ငါးပွဲနိုင်ခဲ့ပေမယ့် လီဗာပူးကို ဒီပွဲမှာ အနိုင်ရဖို့လည်း ခက်ခဲဦးမှာပါ။
လီဗာပူးဟာ နောက်ဆုံးပွဲမှာ မာဆေးဆိုက်ဒါဘီပွဲအဖြစ် အဲဗာတန်နဲ့ ကစားခဲ့ရာမှာလည်း ဂိုးမရှိသရေပွဲ ဖြစ်ခဲ့တယ်။ နောက်ဆုံး ၁၀ ပွဲမှာ ခုနစ်ပွဲနိုင်ခဲ့ပြီး တစ်ပွဲသာ ရှုံးခဲ့သလို ၂၄ ဂိုးသွင်းနိုင်ခဲ့တာကြောင့် မန်စီးတီး ဂိုးမပေးရအောင် ထိန်းကစားနိုင်ဖို့လည်း ခက်မှာပါ။ လီဗာပူးဟာ နောက်ဆုံး အဝေးကွင်း ၁၄ ပွဲမှာ ၁၁ ပွဲကို နှစ်ဂိုးနဲ့အထက်သွင်း နိုင်ခဲ့လို့ မန်စီးတီးကို သူတစ်ပြန်၊ ကိုယ်တစ်ပြန် တိုက်စစ်ကစားရင်း ဂိုးတွေရနိုင်ဦးမှာပါ။

တစ်ခုရှိတာက လီဗာပူးအတွက် ပထမအကျော့မှာ ဒဏ်ရာရသွားတဲ့ အဓိကတောင်ပံတိုက်စစ်မှူး မိုဟာမက်ဆာလက်ခ်ျ ဒဏ်ရာမပျောက်လို့ မကစားနိုင်ရင် လီဗာပူးအတွက် နစ်နာစရာရှိနေပါတယ်။ ဒါပေမဲ့ ဖာမင်နိုဟာ နောက်ဆုံးချန်ပီယံလိဂ် အဝေးကွင်းသုံးပွဲမှာ ငါးဂိုးသွင်းနိုင်ခဲ့လို့ သူ့ကို အားကိုးရနိုင်ပါတယ်။

ဒီပွဲမှာ မန်စီးတီးက တစ်ဂိုးအသာနဲ့နိုင်ရင် အားပေးသူတွေ ရာနှုန်းတစ်ဝက်စိတ်ပျက်ရမယ်။ ဂိုးအများမျှော်လင့်သူတွေကလေးဂိုးမှ အားပေးရ ကျိုးနပ်မှာပါ။ လီဗာပူး နှစ်ဂိုးပြတ် ရှုံးနိုင်စရာမရှိဘူးလို့ သုံးသပ်ချင်ပါတယ်။

ဘာစီလိုနာရဲ့ ဇာတာဟာ ဒီရာသီမှာ အောင်မြင်မှုများစွာကို ရရှိစေဖို့အတွက် အကောင်းဆုံးထောက်ပံ့ပေးနေတယ်လို့ ဆိုရမလားပဲ။ ရိုးမား နဲ့ပထမအကျော့ အိမ်ကွင်းပွဲမှာ ရိုးမားအသင်းက ကိုယ့်ဂိုးကိုယ် နှစ်ဂိုးပြန်သွင်းပြီး ပီကေးနဲ့ ဆွာရက်ဇ်တို့က တစ်ဂိုးစီထပ်သွင်းလို့ လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဘာစီလိုနာအတွက် ဒီရာသီ ချန်ပီယံလိဂ်မှာ ဂိုးအများဆုံးသွင်းပေးထားနိုင်သူ မက်ဆီဟာ ခြောက်ဂိုးသွင်းထားပြီး ဒီအသင်းအတွက် ဒုတိယဂိုးအများဆုံးသွင်းထားသူကို ထပ်ရွေးရရင် ပြိုင်ဘက်တွေ ကိုယ့်ဂိုးကိုယ်သွင်းမှုကို ရွေးရမှာပါ။ ဘာစီလိုနာဟာ ဒီရာသီချန်ပီယံလိဂ်မှာ ပြိုင်ဘက်တွေ ကိုယ့်ဂိုးကိုယ်သွင်းလို့ရတဲ့ဂိုး ငါးဂိုးအထိ ရှိနေပြီဖြစ်ပါတယ်။

ရိုးမားအသင်းကတော့ ပထမအကျော့မှာ နိမ့်ပါးခဲ့ရသလို နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေပွဲမှာလည်း ဖီအိုရင်တီးနားကို အိမ်ကွင်းမှာ နှစ်ဂိုးပြတ်ရှုံးခဲ့ရတာကြောင့် ပြိုင်ပွဲစုံနောက်ဆုံးသုံးပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ရပါတယ်။ စီးရီးအေမှာ အဆင့် (၄)နေရာမှာသာ ရပ်တည်နိုင်တော့ပြီး လာမယ့် တနင်္ဂနွေညမှာ အဆင့် (၃)နေရာက လာဇီယိုနဲ့ ကစားရဦးမှာဖြစ်လို့ မိုးထဲရေထဲရောက်နေရချိန်ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကတော့ လာလီဂါမှာ ၁၂ မှတ်ဖြတ်ပြီး ဦးဆောင်နေတာကြောင့် ချန်ပီယံဆုအတွက် ဘာမှ စိုးရိမ်စရာမရှိပါဘူး။ စနေညမှာ ကစားခဲ့တဲ့ လီဂါနက်စ်နဲ့ပွဲမှာလည်း သုံးဂိုး-တစ်ဂိုး နဲ့အနိုင်ရခဲ့တာကြောင့် ပြိုင်ပွဲစုံနောက်ဆုံး ၁၉ ပွဲဆက် ရှုံးပွဲမရှိကစားနိုင်ခဲ့တယ်။ ဘာစီလိုနာဟာ ဒီရာသီဖလားသုံးလုံးရရှိနိုင်ဖို့ အလေးအသာဆုံး အသင်းလည်းဖြစ်နေပါတယ်။ ချန်ပီယံလိဂ်မှာဆိုရင်လည်း မနှစ်ကရာသီမှာ ဂျူဗင်တပ်ကို ရှုံးခဲ့ပြီးနောက် ရှုံးပွဲမရှိတော့ဘဲ ဒီရာသီချန်ပီယံလိဂ်ပွဲမှာ ငါးပွဲနိုင်ပြီး သုံးပွဲသရေကစားနိုင်ခဲ့တယ်။ ဒီရာသီ ရိုးမားရဲ့ချန်ပီယံလိဂ်အိမ်ကွင်း ပွဲတိုင်းနဲ့ ဘာစီလိုနာ ရဲ့အဝေးကွင်းပွဲတိုင်းမှာ နှစ်သင်းသွင်းဂိုးအနည်း ပွဲတွေဖြစ်ခဲ့လို့ ဂိုးအနည်းပဲရွေးရမှာပါ။

-Ads-
-Ads-