သရုပ်ဆောင် ဒေါင်းဝေနှင့်တွေ့ဆုံမေးမြန်းခြင်း

ဓာတ်ပုံ-ဒေါင်းဝေဖေ့စ်ဘွတ်ခ်

သရုပ်ဆောင်ဒေါင်းဝေသည် အနုပညာသက်တမ်း ၁၀ စုနှစ်ကြာပြီဖြစ်ကာ သရုပ်ဆောင်အလုပ်အပြင် တေးသီချင်း များကိုလည်း ဖန်တီးသီဆိုနေသူတစ်ဦးဖြစ်သည်။ ၂၀၁၈ ခုနှစ် နှစ်သစ်ကူးချိန်တွင် တောသင်္ကြန်အမည်ရှိ သင်္ကြန် သီချင်းခွေကိုလည်း ဖြန့်ချိထားသူဖြစ်ကာ မုံရွာမြို့တွင်ကျင်းပသော ချင်းတွင်းသင်္ကြန်၌ သူ၏ သီချင်းများသီဆိုရင်း ဖြတ်သန်းခဲ့သူဖြစ်သည်။ ၎င်းနှင့်တွေ့ဆုံစဉ် အနုပညာလုပ်ငန်းများနှင့် ဇာတ်ပို့ဇာတ်ရံတစ်ဦးဘ၀ ဖြတ်သန်းမှုများ အကြောင်း မေးမြန်းခဲ့ပါသည် –

မေး – ရုပ်ရှင်နဲ့ဗီဒီယိုတွေမှာ ဒုတိယသရုပ်ဆောင်ဖြစ်လာပြီဆိုတော့ နေရာတစ်နေရာရလာပြီလို့ ပြောလို့ရလား။

ဖြေ – အခုနောက်ပိုင်းတော့ အဲဒီလိုပြောလို့ရပါတယ်။ တချို့ဆိုရင် ကျွန်တော့်ကိုသနားပြီးခေါ်ရိုက်ကြတယ်။ ဖြစ်သင့်ဖြစ် ထိုက်တယ်ဆိုပြီးတော့ ခေါ်ရိုက်တယ်။ ပြီးတော့ ဒုတိယသရုပ်ဆောင်နေရာကနေပဲ ရိုက်ဖို့ခေါ်ထားတာ သုံး၊ လေးကား လောက်ရှိတယ်။ တချို့ဟာက ဗီလိန်ဆိုပေမယ့် ပြန်ဖြေတာတွေလည်း ရှိတယ်၊ ပြန်မဖြေတာတွေလည်းရှိတယ်ပေါ့နော်။ ကျွန်တော့်အတွက် လုပ်ခွင့်လေးတွေပေးလာကြတယ်။ ပိုလုပ်ခွင့်ရလာတယ်လို့ ပြောလို့ရတယ်။ ကျွန်တော့်သီချင်းလေး တွေဆိုရင်လည်း ပရိသတ်က လက်ခံလာကြတယ်။ ကျွန်တော့်ရဲ့ကံဇာတာ အလှည့်အပြောင်းဖြစ်လာပြီလို့ထင်တယ်။

-Ads-
-Ads-

မေး – သရုပ်ဆောင်ဘ၀ကို ဘယ်လိုခံယူချက်တွေနဲ့ ဖြတ်သန်းနေလဲဆိုတာကိုလည်း သိချင်ပါတယ်။

ဖြေ – ကျွန်တော့်ဘ၀မှာ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ချင်ပါတယ်။ အဲဒီလိုပဲ ရပ်တည်ချင်တယ်။ မင်းသားအနေနဲ့ ခေါ်ရိုက်ရင်လည်း ရိုက်ပေးတယ်။ ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ရိုက်ပေးတယ်။ ဟိုတလောက Telenor က ခေါင်း ဆောင်အနေနဲ့ ခေါ်ရိုက်တုန်းကလည်း ရိုက်ပေးပါတယ်။ Second အနေနဲ့ ခေါ်ရိုက်တော့လည်း ရိုက်ပေးပါတယ်။ ဇာတ်ရုပ်အစုံလုပ်ချင်တယ်၊ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ချင်တယ်။

မေး – ဒေါင်းဝေဆိုပြီး ပရိသတ်သိလာတဲ့ဇာတ်ကားလေးရှိရင် ပြောပြပေးပါ။

ဖြေ – ကျွန်တော့်ကို ပရိသတ်သိလာတာက ပန်းနုသွေးရုပ်ရှင်ဇာတ်ကားနဲ့ပါ။ ကျွန်တော် MRTV-4 မှာ သရုပ်ဆောင် လျှောက်တယ်။ ဒါပေမဲ့ မပါဘူး။ အရွေးမခံရဘူး။ ပန်းနုသွေး ရိုက်ဖို့အတွက် ဒါရိုက်တာတွေရော ဆရာတွေကပါ ဒီဇာတ်ကားထဲက ဇာတ်ကောင်က ကျွန်တော်နဲ့ကိုက်ညီတယ်ဆိုပြီးတော့ ခေါ်ခံရတာပေါ့။ အဲဒီနောက်ပိုင်းမှာ ပရိသတ် ပိုသိလာတယ်လို့ ပြောလို့ရတယ်။

မေး – သီချင်းတွေလည်းဆိုတယ်ဆိုတော့ တေးသီချင်း ဘယ်နှပုဒ်ရှိပြီလဲ။

ဖြေ – သီချင်းကတော့ နှစ်ခွေရှိပါပြီ။ ပထမတစ်ခွေက မန္တလာသူညိုချောလေးနဲ့ တောသင်္ကြန်ဆိုတဲ့ အခွေပါ။ နောက်ထပ် တစ်ခွေလည်း အဆင်သင့်ရှိတယ်။ မကြာခင်ထွက်မယ်။ မန္တလာသူညိုချောလေးဆိုရင် တစ်နှစ်လောက်ကြာတယ်။ လုပ်ရ တာ အတော်ကြာတယ်။ ကျွန်တော်က ဂီတချစ်သူများဝိုင်းနဲ့ မင်္ဂလာဆောင်တွေမှာလည်း သီချင်းဆိုတယ်။ အခုသင်္ကြန်မှာ ထွက်တဲ့ တောသင်္ကြန်ဆိုရင်လည်း သီချင်းတွေကဝယ်ထားတာ တစ်နှစ်လောက်ကြာပြီ။ သင်္ကြန်သီချင်းဆိုထားတာ လည်းမရှိတော့ ဆိုမယ်ဆိုပြီး Mini Alblum လေးလုပ်လိုက်တာပါ။

မေး – ခဏခဏအသည်းကွဲတဲ့ ကိုဒေါင်းဝေက အချစ်ကို ဘယ်လိုသဘောထားလဲ။

ဖြေ – ကျွန်တော့်အတွက်က အချစ်ဆိုတာ ချစ်နေဖို့ပါပဲ။ သေချာဆုံးဖြတ်ကြည့်ရင် ချစ်နေဖို့ပါပဲ။ ကျွန်တော့်ဘ၀မှာ တစ်ခါ ပဲချစ်ခဲ့ဖူးတယ်။ ဒီလောက်အထိ ပတ်သက်ပြီး ဒီလိုခံစားရမယ်လို့ မထင်ခဲ့ဖူးဘူး။ နောက်ထပ်ချစ်ဖို့အတွက် ကြောက်သွား ပါပြီ။ အသက်ကန့်သတ်တာတွေ ဘာတွေမရှိဘူး။

မေး – ပရိသတ်အတွက် လက်ဆောင်စကားလေးပြောပေးပါဦး။

ဖြေ – ပရိသတ်ကြီး ကျွန်တော့်ကို အားပေးပါ။ ကျွန်တော် ဆက်ပြီးတော့ ကြိုးစားသွားပါမယ်။ နှစ်သစ်မှာ လူသစ်စိတ် သစ်နဲ့ ဖြတ်သန်းနိုင်ကြပါစေ။

-Ads-
-Ads-