ထားဝယ်သင်္ကြန်တွင် လူမှားဝိုင်းရိုက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် များကို အရေးယူရန် ယခုအပတ်အပြီး စစ်ဆေးမည်

ဓာတ်ပုံ-ကိုဇော်|Dawei Watch|

ထားဝယ်၊ ဧပြီ ၁၉

ထားဝယ်မြို့တွင် သင်္ကြန်အကြတ်နေ့ ညနေပိုင်းက ရဲမေတစ်ဦးကို ကာယအိနြေ္ဒပျက်စေသည်အထိ ရေပက်ခဲ့သည်ဆိုသည့် လူငယ်များကို လိုက်လံဖမ်းဆီးရာတွင် လူမှားကာ တုတ်ဖြင့်ဝိုင်းရိုက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို အရေးယူရန် ယခုအပတ်အပြီး စစ်ဆေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ဧပြီလ ၁၉ ရက်တွင် ပြောသည်။

လူမှားကာ အရိုက်ခံရသူများနှင့် ပါဝင်ပတ်သက်သည့် ရဲတပ်ဖွဲ့ဝင်များကို ထားဝယ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၏ ဦးဆောင်သည့်အဖွဲ့(စုံစမ်းစစ်ဆေးရေးခုံရုံး)က ဧပြီ ၁၆ ရက်မှစတင်ကာ စစ်ဆေးနေပြီး အဖွဲ့ခေါင်းဆောင်၏ သုံးသပ်ချက်ဖြင့် တင်ပြခိုင်းထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ဆိုသည်။

စစ်ဆေးတွေ့ရှိချက်များကို တိုင်းရဲတပ်ဖွဲ့၏ မှတ်ချက်ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ထံ ဆက်တင်ပြမည်ဖြစ်ပြီး ဌာနချုပ် အတည်ပြုချက်ဖြင့် အရေးယူမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“လောလောဆယ်တော့ ပြီးတော့မယ်”ဟု ရဲမှူးကြီး နေမျိုးက ဆိုသည်။

ရဲမေတစ်ဦး အပြင်မိုးကာအင်္ကျီခြုံပြီး ယူနီဖောင်းဝတ်ကာ ဆိုင်ကယ်ဖြင့် ထားဝယ်ရဲစခန်းကိုလာစဉ် ထားဝယ်မြို့ ဥဿရံရပ်ကွက် ကမြောကင်းလမ်းတွင် ရေပက်နေသည့် လူငယ်တစ်စုက ကာယအိနြေ္ဒပျက်စေသည်အထိ ပြုမူကာ ရေပက်ခံရသည်ဟု ဆက်သွယ်လာသည့်အတွက် ရဲတပ်ဖွဲ့ဝင်ဦးရေ တစ်ဆယ်ကျော်က သွားရောက်ဖမ်းဆီး ခဲ့ကြောင်း ထားဝယ်ရဲစခန်းထံမှ သိရသည်။

ရဲတပ်ဖွဲ့ဝင်များက အဆိုပါ လူငယ်များကို သွားဖမ်းရာတွင် ကခုန် နေသည့် အခြားလူငယ်အုပ်စုကို လူမှားပြီး တုတ်များဖြင့် ၀ိုင်းရိုက်ခဲ့ကြောင်း အရိုက်ခံရသည့် လူငယ်များကဆိုသည်။

“ရေပက်ပြီးလို့ ပုခုံးချင်းဖက်ပြီးကနေချိန်တာ ရဲတွေဝင်လာပြီး ဘာမှန်းကိုမသိပဲနဲ့ရိုက်သွားတာ၊ အိမ်ထဲထိဝင်ပြီး ရိုက်တယ်၊ ဂုတ်ကိုဆွဲပြီးရိုက်တယ်၊ မေးတာလည်း မပြောဘူး၊ရိုက်ပဲရိုက်နေတာ၊ ရှိသမျှလူတွေကို အားလုံး အနာတရဖြစ်အောင်လုပ်ခဲ့ တာ”ဟု ကိုနေဇော်က ဆိုသည်။

ရဲတပ်ဖွဲ့က ခုံရုံးဖွဲ့ကာ စစ်ဆေးမည့်အပေါ် မူတည်ကာ တုံ့ပြန်သွားမည်ဖြစ်ပြီး ကျေနပ်မှုမရှိပါက ပြန်လည် တရားစွဲဆိုသွားမည် ဟု ၎င်းကပြောသည်။

အရိုက်ခံရသည့် လူငယ်အများစုမှာ ဦးခေါင်း၊ ခြေထောက် အစရှိသည့် ခန္ဓာကိုယ်နေရာများတွင် ဒဏ်ရာရရှိခဲ့ကြ သည်။

ရဲတပ်ဖွဲ့ဝင်များက ၎င်းနေထိုင်ရာ နေအိမ်ခြံဝင်းအတွင်း ထဲထိ ၀င်ရောက်ကာ အဆိုပါလူငယ်များကို ရိုက်နှက်ခဲ့ကြောင်း ဦးထွန်းထွန်းလတ်က ဆိုသည်။

“ ခြံစည်းရိုးအတွင်းထဲထိ ၀င်ရိုက်သွားတာ အတော်ဆိုးတယ်၊ ရဲကျင့်ရဲဝတ်မညီဘူးပေါ့”ဟု ဦးထွန်းထွန်းလတ်က ပြောသည်။

ယင်းဖြစ်စဉ်ဖြစ်ပြီးနောက် ရဲမေအား ကာယအိနြေ္ဒပျက်စေသည်အထိ ရေပက်ပြုမူခဲ့သည်ဆိုသည့် အခြားလူငယ် ၈ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ထားဝယ် ရဲစခန်းက ယင်းနေ့ ည ၁၀ နာရီခွဲခန့်တွင် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ရဲတပ်ဖွဲ့ဝင်များ လူမှားကာရိုက်နှက်မှုကြောင့် စုစုပေါင်းလူငယ် ၁၅ ဦးခန့် ဒဏ်ရာအသီးသီးရရှိခဲ့ပြီး ၇ ဦးကို ဆေးရုံတင်ကုသ လိုက်ရကြောင်း အရိုက်ခံရသူ တစ်ဦးဖြစ်သူ ကိုနေဇော်က ပြောသည်။

တိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်မူ အမျိုးသမီး ရဲတပ်ဖွဲ့ဝင်တစ်ဦး ဧပြီလ ၁၅ ရက် ညနေ ၆ နာရီခန့်တွင် ယူနီဖောင်းဝတ်ကာ နေအိမ်မှ ထားဝယ်စခန်းကို ဆိုင်ကယ်ဖြင့်လာစဉ် အခင်းဖြစ်နေရာအရောက်တွင် လူငယ်တစ်စုက တားဆီးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၀တ်ဆင်ထားသည့် မိုးကာအင်္ကျီကို အတင်းဆွဲချွတ်ကာ ပုခုံးကိုကိုင်ခဲ့သည့်အပြင် ဆိုင်ကယ်စီးဦးထုပ်ကို ဆွဲလှန်၍ ရေပက်ခဲ့ကြောင်း ဖော်ပြထားသည်။

ရေလောင်းပြီးနောက် ရေပက်သူများလက်ထဲတွင် ကိုင်ထားသည့် ပုလင်းများဖြင့်ရိုက်ရန် ပြုမူစဉ် စီးလာသည့်ဆိုင်ကယ်ကို ထားပစ်ခဲ့ကာ ထားဝယ်ရဲစခန်းသို့ ထွက်ပြေးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရေပက်နေသည့် လူငယ်အုပ်စုတွင်ပါဝင်သူ မစံပယ်ဦးကမူ ရဲမေစီးနင်းလာသည့် ဆိုင်ကယ်ကိုတားကာ ရေလောင်းစဉ် ရဲမေက စိတ်ဆိုးပြီး မိုးကာအင်္ကျီကို ကိုယ်တိုင်ချွတ်ကာ လမ်းမပေါ်ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“တစ်ယောက်မှမထိဘူး၊ ကိုယ်ထိလက်ရောက်ဆို လုံးဝမရှိဘူး”ဟု မစံပယ်ဦးက ပြောသည်။

ရဲမေကို ကာယအိနြေ္ဒပျက်သည်အထိ ကိုယ်ထိလက်ရောက် လုပ်ဆောင်ခဲ့သည်ဆိုကာ ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာတွင် တုတ်များဖြင့်ရိုက်နှက်ခဲ့ပြီး ရဲစခန်းကို ဖမ်းခေါ်လာချိန်တွင်လည်း တုတ်ဖြင့်ရိုက်နှက်ခံခဲ့ရ ကြောင်းရိုက်နှက်ခံရသူ ကိုဋ္ဌေးကျော်က ဆိုသည်။

ရဲမေကို ကာယအိနြေ္ဒပျက်ယွင်းစေသည်အထိ ပြုမူခဲ့သည်ဆိုသော လူငယ် ၈ ဦးကို ရာဇသတ်ကြီးပုဒ်မ- ၃၅၃ (ပြည်သူ့ ၀န်ထမ်း ကို ဟန့်တားရန်လက်ရောက်မှု)၊ ပုဒ်မ- ၃၅၄ (မိန်းကလေး၏ ကာယအိနြေ္ဒ ပျက်စီးစေရန်အကြံဖြင့် လက်ရောက်မှု ကျူးလွန်ခြင်း) နှင့် ပုဒ်မ-၁၁၄(ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှု)များဖြင့် အမှုဖွင့်ထားကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူများအကြား စိတ်ဝင်စားမှုမြင့်တက်နေပြီး ရဲတပ်ဖွဲ့ကရိုက်နှက်ခဲ့ သည့်အပေါ် ဝေဖန်ပြောဆိုမှုများ ရှိသည်။