သရုပ်ဆောင်အကယ်ဒမီနေတိုးနှင့်တွေ့ဆုံခြင်း

“ဒရာမာဇာတ်ကောင်တွေက ရုပ်ရှင်ဆန်ဆန် တကယ်ရိုက်ပြနိုင်တယ်ဆိုရင် ပရိသတ်ရင်ထဲမှာ အကြာကြီးတည်မြဲနေနိုင်တဲ့ ဇာတ်ကောင်တွေပါ”

RV ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ဒါရိုက်တာညွန့်မြန်မာ ညီညီအောင် ရိုက်ကူးတဲ့ “တိမ်မိုးခို”အမည် ရိုမန့်ဒရာမာ အချစ်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေတဲ့ သရုပ်ဆောင်နေတိုးနဲ့တွေ့ဆုံပြီး ယခုနှစ်အတွင်း ဒရာမာဇာတ်ကားတွေ ရိုက်ကူးဖြစ်ရခြင်းအကြောင်း၊ ရုပ်ရှင်တစ်ကား ထုတ်လုပ်ရိုက်ကူးရာမှာ အရေးကြီးတဲ့အခန်းကဏ္ဍဖြစ်တဲ့ Pre-production အပေါ်အမြင်နဲ့မြန်မာ့ရုပ်ရှင်လောကအတွက် ပြုပြင်ပြောင်းလဲသင့်တဲ့အပိုင်းတွေကို မေးမြန်းထားပါတယ် –

မေး – ဒီနှစ်ထဲမှာ ကိုနေတိုး ဒရာမာဇာတ်ကားတွေအရိုက်များ လာတယ်နော် ။

-Ads-
-Ads-

ဖြေ – ကျွန်တော်က ကားမျှပြီးတော့ ရိုက်ပါတယ်။ အဓိကကတော့ ဇာတ်ကား တစ်ကားမှာပေးချင်တဲ့ Message ရယ်၊ Presentation ပိုင်းရယ်၊ ကာရိုက် တာရယ် အဆင်ပြေတယ်။ ဒီကားကို ရိုက်သင့် တယ်ဆိုရင်တော့ ရာမာကားတွေ ပိုပြီးတော့ ရိုက်ဖြစ်ပါတယ်။ ဟာသကားတွေဆိုလည်း ဇာတ်လမ်းနဲ့ဇာတ်ကောင်စရိုက်ထူးခြားမှုရှိမယ်၊ ပရိသတ်ကို မတူညီတဲ့ရသမျိုးပေးနိုင်မယ့် ဇာတ်ရုပ်မျိုးဆိုရင် ကြိုးစားပြီးလုပ်ဖြစ်တာများပါတယ်။ အဓိကကတော့ ပရိုဂျူဆာပိုင်းကနေ ဒရာမာကားတွေရိုက်ချင်တယ်ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့အနေနဲ့ ၀မ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒရာမာဇာတ် ကောင်တွေက ရုပ်ရှင်ဆန်ဆန် တကယ်ရိုက်ပြနိုင်တယ်ဆိုရင် ပရိသတ်ရင်ထဲမှာ အကြာကြီး တည်မြဲနေနိုင်တဲ့ဇာတ်ကောင်တွေပါ။ ဒါကြောင့်လည်း ကျွန်တော်တို့က ဒရာမာဇာတ်ကားတွေ ရိုက်ဖြစ်တဲ့အခါတိုင်းမှာ အစစအရာရာ ပိုပြီးတော့ တိတိကျကျလုပ်ဖြစ်တယ် ။ နောက်တစ်ခုက ရုပ်ရှင်နည်းပညာ ပိုင်းနဲ့ပတ်သက်ပြီးတော့လည်း ဒရာမာတွေကို ပရိသတ်ပိုပြီးတော့လက်ခံလာအောင်၊ ကြည့်ရတဲ့အချိန်မှာ တကယ်ကို ဘ၀ထဲကိုဝင်ပြီး ခံစားနိုင်တဲ့ခံစားမှုမျိုး ပိုပြီးတော့လည်း ဖြစ်အောင်အဓိကတော့ရိုက်ကူးမှု တင်ဆက်ပုံအပိုင်းကိုလည်း အားယူထားပါတယ်။

မေး – “တိမ်ခိုမိုး”က ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးထားတယ် လို့ သိရပါတယ်။ ဒီဇာတ်ကားနဲ့လည်း မိတ်ဆက်ပေးပါဦး။

ဖြေ – “တိမ်ခိုမိုး”က ကိုမင်းခိုက်စိုးစန်တို့ ဆေးကျောင်းသားဘ၀ တုန်းက ကြုံတွေ့ခဲ့ရတဲ့ ဆေးတက္ကသိုလ်က ချစ်သူနှစ်ဦးရဲ့ ကြေကွဲဖွယ်ဇာတ်လမ်းလေးကို ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားမှာ ကျွန်တော်၊ ရွှေမှုန်ရတီ၊ ကိုမင်းဦး၊ ဦးထွန်းထွန်းဝင်း၊ မသိင်္ဂီထွန်းနဲ့ တခြားသရုပ်ဆောင် တွေလည်း ပါပါတယ်။

မေး – ရုပ်ရှင်ဈေးကွက်မှာ တင်ဆက်မှုပုံစံအသစ်နဲ့ရိုက်ကူးထားတဲ့ “ဥပါယ်တံမျဉ်″နဲ့ “မုဒြာရဲ့ခေါ်သံ” ဇာတ်ကားက စံချိန်တင်အောင်မြင်ခဲ့တာ တွေ့ရတယ်။ ပရိသတ်ဘက်ကလည်း မြန်မာရုပ်ရှင်ကားတွေကို မြင်နေကျပုံစံထဲကခွဲထွက်ပြီး မြင်ချင်နေကြပြီ။ အဲဒီအပေါ်မှာ ရုပ်ရှင်လောကအတွက် ဘယ်လိုလေးပြုပြင်ပြောင်းလဲသင့်တယ်လို့ အကြံပေးချင်လဲ။

ဖြေ – အဓိကကတော့ ဇာတ်လမ်းတွေက အမျိုးအစား အများကြီး ရှိကြတယ်။ ဒါက တော့ ကိုယ်ကြိုက်တဲ့လိုင်းကို အကောင်းဆုံး တည်ဆောက်နိုင်ဖို့လိုတယ်။ ဇာတ်လမ်းပုံစံက အဓိကမဟုတ်ဘူး၊ ဇာတ်ညွှန်းအရေးကြီးတာပါ။ ဇာတ်ညွှန်းနဲ့တင်ပြမှုပုံစံအပေါ်မှာပဲ ရုပ်ရှင်တစ်ကားက ဆိုးခြင်း၊ ကောင်းခြင်းကွာသွားတယ်လို့ ကျွန်တော် မြင် တယ်။ ပထမဆုံးပြုပြင်ပြောင်းလဲရမှာက ဇာတ်ညွှန်းပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲဖို့ နံပါတ်တစ်အရေးကြီးတယ်လို့ မြင်ပါတယ်။

မေး – ဇာတ်ကားတစ်ကားရိုက်တော့မယ်ဆိုရင် Pre-production အပိုင်းကို တချို့ကအချိန်ပေးပြီးပြင်ဆင်ကြတယ်။ တချို့က အချိန်ပေးတာ သိပ်မရှိဘူး။ အဲဒီအပေါ်မှာအားသာချက်၊ အားနည်းချက်တွေကိုလည်း မျှဝေပေးပါဦး။

ဖြေ – အချိန်ပိုပေးလေ အနုပညာကပိုပြီးတော့ သေသပ်လေ၊ ပရိသတ်ဆီသွားချင်တဲ့ပစ်မှတ်က ပိုထိလေပေါ့။ အချိန်ပေးတာကတော့ ကောင်းပါတယ်။ အချိန်ပေးနိုင်အောင်လည်း အကုန်လုံးကြိုးစားဖို့ လိုတယ်လို့ မြင်ပါတယ်။

မေး – ဒီနှစ်အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ အနုပညာ လှုပ်ရှားမှုတွေဆိုရင်ရော ဘာတွေများဖြစ်မလဲ။

ဖြေ – ရုပ်ရှင်တွေပဲ များပါတယ်။ တခြားတော့ မရှိပါဘူး။ တစ်လတစ်ကား လောက် ပုံမှန်ရိုက်သွားမယ်။ အဲဒါက ၂၀၁၈ ခုနှစ်ပလန်ပေါ့ ။ ၂၀၁၉ ခုနှစ်မှာတော့ ဇာတ်ကားအရေအတွက်စိစစ်ပြီး ကားနည်းနည်းလေးနဲ့ ကောင်းကောင်းလေးရိုက်ဖြစ်ဖို့များပါတယ်။

-Ads-
-Ads-