စတုတ်တန်းဆင်းသွား၍ ကစားသမားကောင်းများစွာ အသင်းမှ ထွက်ခွာရန်ပြင်ဆင်

စတုတ်အသင်းသည် မေ ၅ ရက် စနေညတွင် ကစားခဲ့သည့် ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲစဉ်၌ နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့် ခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ်မှ တန်းဆင်းသွားရပြီဖြစ်ရာ ပွဲအပြီးတွင် ဂိုးသမားဘတ်လန်းအပါအဝင် ကစားသမား များစွာမှာ မျက်ရည်ကျခဲ့ကြရသည်။

တန်းဆင်းရန် သေချာသွားခဲ့ပြီးနောက် ဘတ်လန်းအပါအဝင် စတုတ်ကစားသမားများသည် ပွဲအပြီး ပရိသတ်များကို နှုတ်ဆက်ရာတွင် မျက်ရည်များ ကျခဲ့ကြသော်လည်း အသင်းမှ အဓိက ကစားသမားများမှာ ချန်ပီယံရှစ်သို့ လိုက် ကစားမည်မဟုတ်ဘဲ အသင်းပြောင်းရန် ပြင်ဆင်ထားကြပြီဖြစ်သည်။ ထိုအထဲတွင် ဘတ်လန်းလည်း ပါဝင်နေသလို ၎င်းကို ပရီးမီးယားလိဂ်သို့ တန်းတက်လာသော ဝုဗ်အသင်းက ပေါင် ၃၅ သန်းဖြင့် ခေါ်ယူသွားရန် ကမ်းလှမ်းထားကြောင်းလည်း သိရသည်။

စတုတ်အသင်းကို လက်ရှိနည်းပြ ပေါလ်လမ်းဘတ်ပင် ချန်ပီယံရှစ်သို့ လိုက်ပါကာ နည်းပြမည်ဖြစ်သော်လည်း ဂျိုးအလန်၊ ရှာကွီယီ၊ အန်ဒီယာရီ၊ ချာလီအဒမ်၊ ဂလင်းဂျွန်ဆင်၊ စတီဖင်အိုင်ယာလန်၊ အဖယ်လေးတို့မှာ ချန်ပီယံရှစ်တွင် လိုက်ပါကစားကြမည်မဟုတ်ဘဲ အသင်းမှထွက်ခွာရန် သေချာနေကြောင်း သိရသည်။ ချယ်လ်ဆီးမှအငှားဖြင့် လာရောက်ကစားနေသော ကတ်ဇူးမားသည်လည်း မိခင်အသင်းသို့ ပြန်မည်ဖြစ်သည်။

-Ads-
-Ads-

စတုတ်အသင်းသည် နောက်ဆုံးကစားခဲ့သည့် ၁၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ခြင်းကြောင့် တန်းဆင်းခဲ့ရခြင်းဖြစ်ပြီး နိုင်ပွဲကြောင့် ပဲလေ့စ်မှာ တန်းမဆင်းရတော့ပေ။

-Ads-
-Ads-