သရုပ်ဆောင်ပွင့်နှင့်တွေ့ဆုံမေးမြန်းခြင်း

“ပရိသတ်ရဲ့အမြင်မှာ ရုပ်ရှင်နဲ့ ဂီတကို ရောထွေးတယ်လို့ ထင်မှာလည်း စိုးပါတယ်”

ပြည်သူ့အချစ်တော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ပွင့်ကတော့ သူမငယ်ငယ်ကတည်းက ဝါသနာပါတဲ့ သရုပ်ဆောင်အလုပ်အပြင် အဆိုတော် တစ်ယောက်အဖြစ်ပါ မြင်တွေ့ရတော့မယ်လို့ ဆိုပါတယ်။ မေ ၁၀ ရက်မှာတော့ သူမရဲ့ ပထမဆုံးစီးရီးခွေ “ဘေဘီပွင့်”ကို ပရိသတ်တွေနဲ့ မိတ်ဆက်လိုက်တာဖြစ်ပြီး သရုပ်ဆောင်အလုပ်အပြင် သီချင်းဆိုတာကိုပါ လုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် သရုပ်ဆောင်၊ အဆိုတော်ပွင့်နဲ့ တွေ့ဆုံပြီး ဘေဘီပွင့်လို့ခေါ်တဲ့ သူမရဲ့ တစ်ကိုယ်တော်တေးစီးရီးခွေနဲ့ ပတ်သက်ပြီး ကြိုးစားအားထုတ်မှု၊ ဂီတအပေါ် ဝါသနာပါမှုနဲ့ပတ်သက်ပြီးတွေ့ဆုံမေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

မေး – “ဘေဘီပွင့်” သီချင်းခွေလေးကို ဘယ်လိုမျိုးလုပ်ဖြစ်သွားတာလဲ။

-Ads-
-Ads-

ဖြေ – ဒီသီချင်းခွေလုပ်ဖို့အတွက် တော်တော်လေးစဉ်းစားရပါတယ်။ ဘာလို့လဲဆိုတော့ ပရိသတ်ရဲ့အမြင်မှာ ရုပ်ရှင်နဲ့ ဂီတကို ရောထွေးတယ်လို့ ထင်မှာလည်း စိုးပါတယ်။ ပထမဦးဆုံး ခြေလှမ်းကလည်း လှလှပပနဲ့ ပရိသတ်ရှေ့ကို ရောက်ချင်ပါတယ်။ ပထမဦးဆုံးရိုက်တဲ့ ဂေါ်ဇီလာခြင် ဆေးခွေကြော်ငြာလေးကလည်း ပရိသတ်ရင်ထဲကို တန်းရောက်ခဲ့ပါတယ်။အဲဒီလိုပဲ ဂီတကို ပထမဦးဆုံးစလုပ်တဲ့အချိန်မှာလည်း ပထမဦးဆုံး ခြေလှမ်းမှာ လှလှပပလေးနဲ့ ပရိသတ်ရဲ့ မေတ္တာကို အရမ်းကို လိုချင်ခဲ့ပါတယ်။ အဲဒါကြောင့် ဒီအခွေလေးကလည်းလုပ်မယ်၊ မလုပ်ဘူးနဲ့ ဒီအချိန်ကျမှ လုပ်ဖြစ်တယ်။ တချို့ဆိုလည်း အံ့ဩသွားကြပါတယ်။ သူတို့က သီချင်းခွေလုပ်နေမှန်းမသိဘူးပေါ့နော်။

မေး – ဒီအခွေအတွက်ကိုရော ဘယ်လောက်ထိ အားစိုက်ထုတ်ခဲ့ရလဲ။

ဖြေ – အချိန်တွေလည်း အများကြီးယူခဲ့တယ်။ အများကြီးလည်း စဉ်းစားခဲ့တယ်။ ပြီးတော့ သားအမိနှစ်ယောက်စလုံးအမေရော၊ ပွင့်ရော ငွေအား၊ လူအားပေါ့။ ပိုက်ဆံအရမ်းချမ်းသာလို့မဟုတ်ပါဘူး။ ကိုယ်ရှာထားတဲ့ ကိုယ့်ရဲ့ ချွေးနှဲစာလေးတွေနဲ့ တကယ့်ကို ခြစ်ခြစ်ကုတ်ကုတ်လုပ်ထားတဲ့ အခွေလေးပါ။ တေးရေးဆရာ ကိုဝေကြီးဆို အမြဲတမ်းပြောတယ်။ အစ်မရေ အရမ်းလုပ်နိုင်တာ ပဲဆိုပြီးတော့။ အရမ်းကို ကြိုးစားပြီးလုပ်ထားတဲ့ အခွေလေးပါ။ ပွင့်မှာရှိသမျှ စွမ်းအားတွေ အကုန်လုံးနဲ့ အတတ်နိုင်ဆုံးလုပ်ထားတဲ့ အခွေလေးဖြစ်ပါတယ်။ ပွင့်မှာ လိုအပ်ချက် တစ်စုံတစ်ရာရှိခဲ့မယ်ဆိုရင်လည်း ကလေးတယောက်ရဲ့ အမှားလေးပါ။ ပထမခြေလှမ်းမို့ နည်းနည်းပါးပါးလိုတယ်ဆို တာလေးနဲ့ ဖြည့်စွက်ပြီးတော့ နားလည်ပေးပါ၊ ချစ်ပေးပါ။ ပွင့်ကိုနွေးထွေးစွာနဲ့ ကြိုဆိုပေးပါ။

မေး – ဒီအခွေမှာ သီချင်းနာမည်လေးအတိုင်း ဘေဘီလေးလို တွေ့ရမှာလား။

ဖြေ – ခုနကပြောသလိုပေါ့။ သီချင်းအမျိုးအစားလေးတွေကအရမ်းကို စုံပါတယ်။ ဘေဘီပွင့်ဆိုတဲ့ သီချင်းလေးကတော့ ဘေဘီလေးလိုပေါ့။ ဒါကြောင့် ဒီနေ့လည်း Title လေးအတိုင်း ဘေဘီလေးလို ဝတ်ထားတာပါ။ Wall Sheet လေးတွေရော Cover လေးတွေပါ Baby စတိုင်လေးတွေပေါ့။ သီချင်းအမျိုးအစားစုံလင်တဲ့ အတွက် ရသမျိုးစုံရမှာပါ။

မေး – သီချင်းကို ဝါသနာပါတယ်ဆိုတော့ ဘယ်အချိန်လောက်ကစပြီး သီချင်းတွေသီဆိုဖြစ်တာလဲ ။

ဖြေ – ပွင့် သီချင်းဆိုခဲ့တာတော့ ကြာပါပြီ။ ရုပ်ရှင်လောကထဲရောက်ပြီး မကြာခင် ကတည်းက ပွဲတွေတော်တော်များများဆိုဖြစ်တယ်။ အဲဒါကြောင့် ကိုနိုင်ဇော်ဆို ပွင့်ကိုအမြဲတမ်းပြောတယ်။ ညီမလေး နင်အခွေလုပ်မှာလား၊ သူများသီချင်းတွေဆိုနေတာကြာပြီ။ နင်ဆိုလေ၊ ဒီလောက်ဆိုတတ်နေတာ၊ အဲဒီလိုမျိုးပေါ့။ ဆိုနေတာတော့ ၁၀ နှစ်ကျော်လောက်ရှိပြီ။ ပြီးတော့ ပွင့်ကငယ်ငယ်လေး ကတည်းက သီချင်းဆိုတာအရမ်းဝါသနာပါတယ်။ အနုပညာလောကထဲ မရောက်ခင် ကျောင်းသူဘ၀ကတည်းက Fresher welcome ဆိုလည်းဆိုတယ်။ ထိပ်ဆုံးကနေဆိုတယ်။ သီချင်းကို အရမ်းဆိုချင်တာ။ နောက်ဆုံးကျောင်းမှာ ဆရာကန်တော့ပွဲလုပ်မယ်ဆိုရင် ကိုယ်တွေက အမြဲတမ်းတက်ကြွနေတယ်။ ဘာလို့လဲဆိုတော့ ဆရာတွေကိုလည်း ကန်တော့ချင်သလို သီချင်းတွေလည်း အရမ်းဆိုချင်လို့ပါ။

မေး – သီချင်းဆိုတာကိုရော ငယ်ငယ်လေးကတည်းက ဝါသနာပါတာလား။

ဖြေ – ငယ်ငယ်လေးကတည်းက ရုပ်ရှင်ရော၊ ဂီတရောကပွင့်ရဲ့တကယ့်ဝါသနာပါ။ ကလေးဘ၀ကတည်းကကစားရင်တောင်မှ သရုပ်ဆောင်လုပ်တမ်းနဲ့ သီချင်းဆိုတမ်းတွေကစားတယ်။ ဝါသနာပါတာကတော့ ငယ်ငယ်လေးကတည်းကပါ။ လူကြီးတွေက ကြီးလာရင်ဘာလုပ်မလဲမေးရင် အဆိုတော်လုပ်မယ်၊ မင်းသမီးလုပ်မယ်ဆိုတာ ကိုယ့်ရဲ့ငယ်ငယ်ကတည်းက အိပ်မက်တစ်ခုပါပဲ။ အဲဒီလိုနဲ့ သီချင်းခွေလုပ်မယ်လုပ်မယ်နဲ့ စိတ်ကူးခဲ့တယ်။ အစ်ကိုတွေကလည်း အားပေးတယ်။ အစ်ကိုတွေဆိုတာက အစ်ကိုဆရာတွေပေါ့။ နောက်ပိုင်းမှာတော့ သရုပ်ဆောင်ပိုင်းရော အဆိုပိုင်းပါ နှစ်ဖက်စလုံးကို မျှပြီးတော့ လုပ်သွားမှာပါ။

မေး – ဒီအခွေထဲမှာ သီချင်းဘယ်နှပုဒ်ပါလဲ။

ဖြေ – ဒီအခွေထဲမှာ စုစုပေါင်းသီချင်း ၁၂ ပုဒ် ပါပါတယ်။ အားလုံး က Own Tune တွေပါ။ သီချင်းအမျိုးအစားတွေက လည်းစုံတယ်။ Pop တို့၊ EDM တို့ ပါတယ်။ ကလို့ကောင်းတဲ့ အမြူးလေးတွေ ပါတယ်။

မေး – နယ်ကပရိသတ်တွေကိုရော ဒီအခွေလေးကို မိတ်ဆက်ပေးဖို့ရှိလား။

ဖြေ – ဘေဘီပွင့်ကိစ္စနဲ့ နယ်တွေကိုသွားဖို့ ရှိပါတယ်။ နယ်ကိုတော့ ဆင်းဖြစ်မယ်။ ဒါပေမဲ့ အခုတော့ပရိသတ်တွေရဲ့ feedback တွေကို နားထောင်ပြီး ကိုယ့်ကိုပိုပြီး wantedဖြစ်မယ့်၊ နွေးနွေးထွေးထွေးကြိုဆိုမယ့် နယ်တွေကိုတော့ သွားဖြစ်ပါ မယ်။

မေး – ဘေဘီပွင့်အခွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ဘာများပြောချင်သေးလဲ။

ဖြေ – ပွင့် ဒီအခွေလေးလုပ်ဖို့အတွက် တော်တော်လေးလည်း စဉ်းစားခဲ့ပါတယ်။ အချိန်တွေလည်း တော်တော်လေး ယူပြီးတော့မှ အရမ်းကို ဝါသနာပါတာနဲ့ ပရိသတ်တွေ ကိုယ့်ကို နွေးနွေးထွေးထွေးကြိုဆိုပါ့မလားဆိုပြီးတော့ ကြောက်တဲ့စိတ်နဲ့ စဉ်းစားရင်း ကြာသွားတာပါ။ ပရိသတ်တွေကို ရသတွေ အများကြီးပေးချင်တဲ့အတွက် အချိန်တွေအများကြီး ယူပြီးတော့ ကြိုးစားထားပါတယ်။ တကယ့်ကိုယ်ပိုင်သီချင်းတွေနဲ့ တေးရေးဆရာဆိုလည်း ဆရာအကောင်းတွေချည်းပါတယ်။ Band အကောင်းတွေနဲ့ အကောင်းဆုံး ဖြစ်အောင်လို့ တော်တော်လေးကို ဆရာသမားတွေဆီကနေ သေချာသင်ထားတာပါ။ လူတစ်ယောက်ကတော့ ကိုယ်ပိုင်ဆိုင်တဲ့ အသံပေါ။့ အဆိုတော်ကြီးတစ်ယောက်လိုတော့ မကောင်းနိုင်ဘူးပေါ့။ ကိုယ့်မှာရှိတဲ့အသံလေးနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ ပိုက်ဆံတွေအရမ်းချမ်းသာတဲ့အထဲကမဟုတ်ပါဘူး။ ချွေးနှဲစာနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားထားတဲ့အတွက် ဒီအခွေလေးကိုလည်း နွေးထွေးစွာနဲ့ ကြိုဆိုပေးပါ။ လိုအပ်ချက်တွေရှိရင်လည်း ဘေဘီပွင့်ဆိုတော့ကလေးမို့လို့မှားတယ်ဆိုပြီးတော့ ပိုချစ်ပေးပါလို့ ပြောချင်ပါတယ်။

-Ads-
-Ads-