ဆရာဝန်ပြောကြား ကျန်းမာရေးစကား

ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာသန်းထွဋ်(လင်းဆေး-၁) ပြည်သူ့ကျန်းမာရေးတက္ကသိုလ်

ရာသီတုပ်ကွေးက မိုးရောက်ရင် တစ်ကျော့ပြန်လာတော့မယ်။ မကြာခင်လည်း ကြုံတွေ့ရတော့မယ်လို့ မှန်းထားတယ်။ သုံးချက်ပဲရှိတာ။ သူက လေထဲကနေ ကူးစက်တဲ့ရောဂါဖြစ်တယ်။ လေထဲမှာ နှာချေ၊ ချောင်းဆိုးလိုက်တဲ့ နှပ်မှုန်တွေ၊ သလိပ်မှုန်တွေ အဲဒီအမှုန်တွေကတစ်ဆင့် လေစီးကြောင်းနဲ့ပါသွားပြီး ကျန်တဲ့သူတွေကို ကူးတဲ့ရောဂါဖြစ်တဲ့အတွက် အဲဒီ လို နှာစေး၊ ချောင်းဆိုးနေတဲ့လူတွေကတော့ ဘယ်သွားသွား သတိထားသင့်ပါတယ်။

လူထူထပ်တဲ့နေရာမှာ ချောင်းဆိုးတယ်၊ နှာချေတယ်ဆိုရင်တောင် ကိုယ့်မှာဘာမှမရှိရင် ကိုယ့်အင်္ကျီစလေး၊ စက္ကူစလေးနဲ့ အုပ်ပြီးတော့ ဆိုးကြပါ။ နှာခေါင်းစည်းသုံးပါ။ အဓိကအရေးအကြီးဆုံးအချက်က လက်ဆေးပါ။ ဘာကိုပဲ ကိုင်မိကိုင်မိ ကိုယ့်စိတ်ထဲမှာသံသယရှိတယ်ဆိုရင် လက်ကိုဆေးရမယ်။ နောက်ပြီး ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာဖြစ်တဲ့အတွက် သူ့မှာ ကုစရာဆေးမရှိဘူး။ ဒီရောဂါမှာ တုပ်ကွေးဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ တုပ်ကွေးဖျားကို ဘာပဋိဇီဝဆေးမှ ပေးလို့မရဘူး။ အဲဒီတော့ ဖြစ်တဲ့ဝေဒနာတွေ သက်သာအောင်၊ ချောင်းဆိုးသက်သာအောင်၊ အဖျားတက်တာ သက်သာအောင်၊ ကိုယ်လက်နာကျင်တာသက်သာအောင် ဆေးတွေပဲပေးလို့ရတယ်။ ရောဂါပိုးကိုသေစေတဲ့ဆေး ပေးလို့မရဘူး။ ခွန်အားကိုမဖြုန်းတီးပါနဲ့၊ အလုပ်လုပ်ချိန်၊ နားချိန်မှန်အောင်လုပ်ပါ။

အခုကတည်းက အလေ့အကျင့်လုပ်ထားရင် ရာသီတုပ်ကွေးဝင်လာတဲ့အချိန်မှာ မလွှမ်းမိုးနိုင်ဘူး။ မခြယ်လှယ်နိုင်ဘူး။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပြောမယ်ဆိုရင် ရာသီပြောင်းတဲ့အချိန်မှာ တုပ်ကွေးကဖြစ်တာပဲ။ ဒီနှစ်အတွက်က H1N1 နဲ့ပဲလာမလား၊ H2N7 နဲ့လာမလား၊ H7N9 နဲ့ပဲ လာမလား၊ အဲဒါ ဘယ်သူမှမသိနိုင်ပါဘူး။ အခု အိမ်တိုင်ရာရောက် ဆေးဝါးလိုက်ကုပေးတဲ့အဖွဲ့တွေက တုပ်ကွေးကာကွယ်ဆေးတွေ လိုက်ထိုးပေးနေကြတယ်။ တုပ်ကွေးကာကွယ်ဆေးက ဘယ်တုပ်ကွေးကာကွယ်ဆေးပိုးကို ထိုးလိုက်တာလဲမသိဘူး။ တကယ်ဖြစ်တဲ့အခါ ဘာပိုးလဲ။ ဖြစ်တဲ့အခါရောက်ရင်တော့ ထိုးလို့ မရဘူး။ ဆရာပြောခဲ့သလို နည်းသုံးနည်းနဲ့ပဲ ကာကွယ်လို့ရတယ်။