သရုပ်ဆောင်ခင်လှိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း

သရုပ်ဆောင်ခင်လှိုင်နှင့်တွေ့ဆုံ၍ ဖိုးရှိတ်ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်ဖြစ်ခဲ့ပုံများ၊ လက်ရှိတွင် အော်ရီဂျင်နယ်ဂိုဏ်းစတား(၃)ရုပ်ရှင်ဇာတ်ကား ဆင်ဆာပိတ်သိမ်းခံရပြီး ရုံတင်ပြသခွင့်ပိတ်သိမ်းခံရခြင်းအပေါ် ၎င်း၏ထင်မြင်ယူဆချက်များနှင့် ဆင်ဆာအပေါ်ပြောကြားချက်များအား မေးမြန်းဖြစ်ခဲ့သည်များမှအချို့ကို ကောက်နုတ်ဖော်ပြလိုက်ရပါသည် –

မေး – ဦးခင်လှိုင်အနေနဲ့ ဖိုးရှိတ်ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး အမှတ်တရစကားပြောပေးပါဦး။

ဖြေ – ဖိုးရှိတ်ရုပ်ရှင်ဇာတ်ကားကတော့ အခုလို ခင်လှိုင်ဆိုပြီး သိပ်မအောင်မြင်ခင်ကတည်းက ရိုက်ထားတဲ့ဇာတ်ကားပါ။ အခုအချိန်မှာ ပြန်ကြည့်ရတော့ ဘာပဲဖြစ်ဖြစ်ပျော်ပါတယ်။ ပရိသတ်တွေအားလုံးလည်း ကြိုက်မှာပါ။ ဒီဇာတ်ကားထဲမှာပါတဲ့ သရုပ်ဆောင်တွေကလည်း အများကြီးကြိုးစားထားပါတယ်။

မေး – အခုလက်ရှိမှာ အော်ရဂျင်နယ်ဂိုဏ်းစတား (၃)ရုပ်ရှင်ဇာတ်ကားက ဆင်ဆာပိတ်ခံရတယ်။ ပြသခွင့်ပိတ်လိုက်တော့ ဦးခင်လှိုင်အနေနဲ့ ဘာများပြောချင်တာရှိမလဲ။

ဖြေ – ဒီလိုအဖြစ်မျိုးက အရှေ့မှာလည်း အများကြီးကြုံခဲ့ဖူးတယ်။ အလှူတော်မင်္ဂလာဆိုတဲ့ ရုပ်ရှင်ကားတုန်းကလည်း အဲဒီရုပ်ရှင်ဇာတ်ကားနာမည်ကရော ဘာများဖြစ်နေလို့လဲ။ အလှူတော်မင်္ဂလာဆိုတာ ကောင်းတဲ့နိမိတ်ပဲလေ။ အလှူတော်မင်္ဂလာဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာလည်း ဦးရန်အောင်ဆိုတဲ့သူကြီးက အရမ်းအယူသီးတယ်။ အင်မတန်မှ ဘုရားတရားလုပ်တယ်။ မနက်မနက်သူအိပ်ရာနိုးရင်လည်း သူ့ရဲ့အယူတော်မင်္ဂလာအရ အိမ်ကနေ နောက်ပြန်ခြေလှမ်း ခုနစ်လှမ်းလှမ်းပါဆိုလည်းလှမ်းတယ်။ အဲဒီလိုလူရဲ့ကာရိုက်တာကို နာမည်ယူပြီးရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကိုတောင်ဖြတ်တယ်ဆိုတော့ အခုဘာကြောင့်ဖျက်တယ်ဆိုတာ အဖြေမရှိဘူး။

မေး – အခုဆင်ဆာအပိတ်ခံရပြီး ပြသခွင့်ပိတ်လိုက်တယ်ဆိုတော့ ဘယ်လိုအကြောင်းတွေကြောင့်ဖြစ်မယ်လို့ ထင်မိလဲ။

ဖြေ – တကယ်တော့ ဆင်ဆာဖြတ်တယ်ဆိုတာက မောင်နဲ့နှမ၊ သားနဲ့အမိ အတူတွဲကြည့်ရတာ မသင့်လို့၊ မသင့်တော်လို့၊ နောက်ပြီး တိုင်းပြည်ရဲ့ Image ကိုထိခိုက်လို့၊ စော်ကားနေလို့ဆိုတဲ့ ဇာတ်ကားဆိုရင် ဖျက်သင့်ပါတယ်။ ဘာမှမဟုတ်တဲ့ကိစ္စလေးကို ဖျက်သိမ်းဆိုပြီးလုပ်တော့ ကျွန်တော်တို့မှာ ဘာမှလုပ်စရာမရှိတော့ဘူး။ အင်မတန်မှ ဘောင်ကျဉ်းတယ်။ အခုအချိန်မှာ ကျွန်တော်တို့က များသောအားဖြင့် အနုပညာသမားတွေရဲ့လှုပ်ရှားမှုတွေက အင်မတန်ကျပ်ပါတယ်။ ပရိသတ်တွေရဲ့ လိုချင်တောင့်တမှုကလည်း အသစ်အသစ်သောပုံစံတွေကို လိုချင်ကြတယ်။ အားမလိုအားမရတွေ ဖြစ်လာတော့ နိုင်ငံတကာစံနှုန်းနဲ့နှိုင်းယှဉ်တယ်။ အဲဒီတော့ ကိုယ်တွေကလည်း တတ်နိုင်သလောက်၊ ဖြစ်နိုင်သလောက် ရိုက်ရတဲ့အချိန်မှာ အခုဒီလိုမျိုးတွေဖြစ်တယ်ဆိုတော့ စိတ်မကောင်းဘူး။ အဖြေလည်းရှာမရဘူး။ အနည်းဆုံးအသက်သာဆုံးဈေးနှုန်းတွေနဲ့ ရိုက်ရတဲ့အခါမှ ဆင်ဆာကပါ အခုလိုမျိုးဖြတ်တယ်ဆိုတော့ ကျွန်တော်တို့မှာ ပြေးပေါက်မရှိတော့ဘူး။

မေး – အခုလို ဆင်ဆာပိတ်ပြီး ပြသခွင့်အပိတ်ခံရတယ်ဆိုတော့ ဦးခင်လှိုင်တို့အနေနဲ့ ဆင်ဆာနဲ့ပတ်သက်ပြီး ဘယ်လိုဖြစ်စေချင်တာများရှိမလဲ။

ဖြေ – ကျွန်တော်တို့ဖြစ်စေချင်တာကတော့ ဆင်ဆာနဲ့ပတ်သက်ပြီး တတ်နိုင်သမျှ လျှော့ပေါ့စဉ်းစားစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လာဘ်စားတဲ့ရဲရှိသလို လာဘ်မစားတဲ့ရဲရှိတယ်။ အဲဒီလိုပဲ ကောင်းတဲ့ဆရာဝန်ရှိသလို မကောင်းတဲ့ဆရာဝန်လည်းရှိတယ်။ အကောင်းနဲ့အဆိုးက ဒွန်တွဲနေတာပဲလေ။ အဲဒီတော့ ကျွန်တော်တို့ပြောတာက မကောင်းတဲ့သူကိုပြောတာ၊ ကောင်းတဲ့သူကိုပြောတာမဟုတ်ဘူး။ ရပ်ကွက်ထဲမှာ ကောင်းတဲ့သူရှိသလို မကောင်းတဲ့သူလည်းရှိတာပဲလေ။ အဲဒီတော့ ကျွန်တော်တို့က လူ့လောကမှာဖြစ်နေတဲ့အရာတွေကို ဖန်တီးရတာ။ ဒါတွေက တကယ်မရှိဘူးလားဆိုတော့ မဟုတ်ဘူး။ အပြင်မှာ တကယ်ရှိတယ်။ ဒါပေမဲ့ ရုပ်ရှင်ထဲမှာက ဒါမျိုးလုပ်ခွင့်မရှိဘူး။ အပြင်မှာဖြစ်နေတာကို ကျွန်တော်တို့က ဖန်တီးပြီးတင်ပြတာပဲလေ။ အပြင်မှာ မုတ်ဆိတ်မွေးတွေထားသလို ရုပ်ရှင်ထဲမှာလည်း မုတ်ဆိတ်မွေးထားမှာပဲလေ။ ပြီးတော့အပြင်မှာဆေးလိပ်သောက်တဲ့သူတွေရှိသလို ရုပ်ရှင်ထဲမှာလည်း ဆေးလိပ်သောက်တဲ့သူရှိမှာပေါ့။ ရုပ်ရှင်ထဲမှာ ဆေးလိပ်သောက်တယ်။ ဟုတ်ပြီ။ သူတို့စာတန်းထိုးပါဆိုလို့ “ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါသည်” ဆိုပြီး စာတန်းထိုးတယ်။ အပြင်က ဆေးလိပ်သောက်တဲ့သူတွေကို တားလို့ရသလား။ ဆိုလိုချင်တာက ရုပ်ရှင်ထဲကိုကျတော့ အကန့်အသတ်တွေက အရမ်းများလွန်းတယ်။ ကျွန်တော်ဆိုလိုတာက ကျွန်တော်တို့ရိုက်တယ်ဆိုတာကလည်း မဖြစ်နိုင်တာတွေကိုလုပ်ပြနေတာမဟုတ်ဘူး။ တကယ်ဖြစ်နေတာကို လုပ်ပြနေတာပဲလေ။ အိန္ဒိယကားမှာဆိုရင် ဘာဘ်စားတဲ့သူတွေအကြောင်းကို ရိုက်ပြထားတာမှ ပိုးစိုးပက်စက်ပဲ။ ကျွန်တော်တို့ဆီမှာက ပြောလို့လည်းမရ၊ ထိလို့လည်းမရ ဘာမှကိုလုပ်လို့မရဘူး။

မေး – နောက်ဆုံးအနေနဲ့ ဦးခင်လှိုင်ကို အားပေးနေတဲ့ ပရိသတ်ကို ဘာများပြောချင်လဲ။

ဖြေ – ခင်လှိုင်ဆိုပြီး မအောင်မြင်ခင်အချိန်ကတည်းက အားပေးနေတဲ့ ပရိသတ်ကြီးကို အရမ်းကျေးဇူးတင်တယ်။ ပရိသတ်အတွက် အသစ်အသစ်တွေ ကြိုးစားနေတဲ့အချိန်မှာ အခုလို ဆင်ဆာပိတ်ခံရပြီး ပြသခွင့်ပိတ်သွားတော့ အရမ်းစိတ်မကောင်းဘူး။ အော်ရီဂျင်နယ်ဂိုဏ်းစတား(၃)ကိုစောင့်မျှော်နေတဲ့ ပရိသတ်တွေကိုလည်း တကယ်အားနာမိတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် အကောင်းဆုံးကြိုးစားသွားပါမယ်။