ဆရာဝန်ပြောကြား ကျန်းမာရေးစကား

အသည်းဖောင်ဒေးရှင်းဥကဋ္ဌ်က ဒေါက်တာဒေါ်ခင်ပြုံးကြည်

အသည်းရောင်အသားဝါ A နဲ့ E ဟာ ရေမသန့်ုခြင်းနဲ့ အစားအသောက်မသန့်ရှင်းရာကနေ ဖြစ်တတ်ပါတယ်။ ဘယ်လို မသန့်ရှင်းတဲ့ရေလဲဆိုရင် အချို့ဒေသတွေမှာ မြစ်၊ ချောင်းဘေးတွေမှာ အိမ်သာတွေဆောက်ကြတာမျိုးရှိတယ်။ အသည်း ရောင်အသားဝါ A နဲ့ E ဖြစ်နေတဲ့သူက ဝမ်းသွားလိုက်ရင် မစင်ကတစ်ဆင့် ဗိုင်းရပ်စ်ပိုးတွေ ရေထဲမှာပါလာတယ်။ ဒီရေကိုပြန်သောက်ရင် ကူးပါတယ်။ ပိုးကပါးစပ်ထဲကဝင်သွားပြီး ဝမ်းဗိုက်ထဲမှာ အဓိကကျတဲ့ အသည်းကိုသွားတယ်။ အသည်းကိုဦးစားပေးသွားတယ်။ အဲဒီမှာ အသည်းရောင်တာတွေဖြစ်တယ်။ ပြီးရင် ဒီပိုးလေးတွေက ဝမ်းထဲကနေ ပြန်ထွက်ပါတယ်။

အစားအစာမှာလည်း အထူးသဖြင့် ပင်လယ်စာ၊ ရေကလာတဲ့ အစားအသောက်တွေကို သေချာမချက်ပြုတ်ဘဲနဲ့ အစိမ်း စားတာတွေရှိတယ်။ မကျက်တကျက်စားတာရှိတယ်။ မသန့်ရှင်းတဲ့ရေကို သောက်မိရင် အသည်းရောင်အသားဝါ A ပိုးတို့၊ E ပိုးတို့ ဖြစ်တတ်တယ်။ ပြီးရင် ဟင်းသီးဟင်းရွက်အစိမ်းစားတာမျိုးတွေက မစားသင့်ပါဘူး။ ယင်နားအစားအစာတွေကို မစားသင့်ပါဘူး။ အသည်းရောင်အသားအဝါ A နဲ့ E က တစ်နှစ်ပတ်လုံးဖြစ်တတ်ပေမယ့် အထူးသဖြင့် မိုးရာသီမှာ ဖြစ် တတ်ပါတယ်။ ရေကို ကျိုချက်သောက်သုံးခြင်း၊ အသီးအရွက်များကို သေချာစွာဆေးကြော၍ စားသုံးခြင်းတို့ကို ပြုလုပ်သင့် ပါတယ်။