တေးသံရှင် ဘီလီလမင်းအေးနှင့်တွေ့ဆုံခြင်း

မကြာသေးမီက တစ်ကိုယ်တော် တေးအယ်လ်ဘမ် ထွက်ရှိထားသည့် တေးသံရှင်ဘီလီလမင်းအေးသည် ယခုအခါတွင် ထိုသီချင်းခွေအတွက် MTV ရိုက်ကူးနေမှုများ၊ ငါ့ကိုနမ်းတဲ့မုန်တိုင်းရုပ်ရှင်ဇာတ်ကားတွင် ဇာတ်ဝင်တေးသီချင်း သီဆိုဖြစ်ခဲ့ပုံများ၊ တစ်ကိုယ်တော်အခွေအား ပရိသတ်လက်ခံအားပေးမှု အခြေအနေများနှင့် လတ်တလော အနုပညာလှုပ်ရှားမှုများအကြောင်း မေးမြန်းဖြစ်ခဲ့သည်များမှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ရပါသည် –

“ဖူးကိုချစ်တဲ့ ပရိသတ်ကြီးအတွက် မကြာခင်မှာပဲဖူးရဲ့သီချင်းခွေထဲက အမ်တီဗွီတွေလိုင်းပေါ်မှာ တင်သွားပါမယ်”

မေး – ဖူး လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။

-Ads-
-Ads-

ဖြေ – အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ ပွဲတွေတက်ဖြစ်ပါတယ်။ ရုပ်ရှင် ဇာတ်ဝင်တေးသီချင်းဆိုထားတယ်။ ပြီးတော့ ဖူးရဲ့သီချင်းခွေအတွက် MTV ရိုက် နေပါတယ်။ နယ်မှာရှိတဲ့ပွဲတွေကို သီချင်းသွားဆိုဖြစ်ပါတယ်။

မေး – MTV သီချင်းတွေအခုလုပ်နေပြီဆိုတော့ ဘယ်လိုပုံစံလေး တွေရိုက်သွားမလဲ။

ဖြေ – MTV ကတော့ နှစ်ယောက်တွဲဇာတ်လမ်းပုံစံမျိုးတွေထက် ဖူးတစ်ယောက်တည်းပုံစံတွေ ပိုပြီးတော့မြင်ရမယ်။ နောက်ပြီး မကြာခင်မှာလည်း ဇာတ်ဝင်တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ ငါ့ကိုနမ်းတဲ့ မုန်တိုင်းဇာတ်ကားမှာ ဆိုထားတာလေးလည်း ထွက်ပါမယ်။

မေး – ငါ့ကိုနမ်းတဲ့မုန်တိုင်း ရုပ်ရှင်ဇာတ်ကားမှာ ဇာတ်ဝင်တေး ဆိုဖြစ်တာနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ – ဒီသီချင်းကတော့ တေးရေး MHL ရေးပေးထားတဲ့လက်ရာလေးပါ။ ဇာတ်ဝင်တေးတွေကတော့ အများကြီးပါတာပေါ့။ အဲဒီထဲကမှ ညီမလေး တစ်ပုဒ်လောက်ဆိုပေးပါဆိုလို့ ဖူးဆိုဖြစ်သွားတာပါ ဖူးရဲ့ဇာတ်ဝင်တေး အနေနဲ့ ပထမဆုံးပါ။ ငါ့ကိုနမ်းတဲ့မုန်တိုင်းရုပ်ရှင်ကိုလည်း ဖူးအားပေးမှာပါ။

မေး – ဖူးရဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေကို ပရိသတ်တွေရဲ့ အားပေးမှု အခြေအနေကရော။

ဖြေ – တော်တော်များများ အားပေးကြတယ်။ ဖူးရဲ့ပထမဆုံးသီချင်းခွေ ဆိုပေမယ့် ဖူးကိုချစ်တဲ့ပရိသတ်တွေက အားပေးကြတယ်။ Original အခွေကိုလည်း အများကြီးအားပေးကြတာတွေ့ရပါတယ်။ အဲဒီအတွက် ဖူးအရမ်းဝမ်းသာပါတယ်။ ပရိသတ်တွေဆီကရတဲ့ Feedback ကလည်း အရမ်းကောင်းပါတယ်။

မေး – MTV ကရော သီချင်းတွေအားလုံးကို ရိုက်ဖြစ်မှာလား။ အွန်လိုင်း တင်သွားဖို့ရော ရှိမလား။

ဖြေ – MTV ကတော့ အကုန်လုံးရိုက်ဖြစ်မှာမဟုတ်ဘူး။ သီချင်းခွေထဲက Selection ရွေးပြီးတော့ပဲ MTV ရိုက်ဖြစ်ပါမယ်။ မေ ၃၀ ရက်မှာတော့ MTV တစ်ပုဒ်ကို အွန်လိုင်းမှာတင်သွားမှာပါ။

မေး – အဆိုပိုင်းအပြင် သရုပ်ဆောင်ပိုင်းကိုရော ပြောင်းဖို့ အစီအစဉ်ရှိသေးလား။

ဖြေ – အခုထိတော့ ဖူးမှာ သရုပ်ဆောင်ပိုင်းကို ကူးဖို့ အစီအစဉ်မရှိသေးဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ ဖူးကို ကမ်းလှမ်းလာရင်တော့ မပြောတက်ဘူး။ ဖူးကတော့ ဖူးချစ်တဲ့ပရိသတ်တွေကို သီချင်းတွေနဲ့ပဲဖျော်ဖြေနေမှာပါ။

မေး – သီချင်းဆိုတာအပြင် တခြားရောဘာတွေလုပ်ဖြစ်နေလဲ။ ဆရာမအလုပ်ကရော လုံးဝနားလိုက်တာလား။

ဖြေ – သီချင်းအပြင်တော့ ဘာမှမလုပ်ဖြစ်ဘူး။ အားတဲ့အချိန်တွေမှာ စန္ဒရားပြန်တီးတယ်။ ပြီးတော့ ညီမလေးနဲ့သီချင်းတွေကျင့်တယ်။ တခြား Activities တွေတော့ ထူးထူးခြားခြားမလုပ်ဖြစ်ပါဘူး။ ဒီသီချင်းခွေအတွက်ပဲ လုပ်ဖြစ်နေတယ်။ အခုက MTV ရိုက်ဖို့အတွက်ပဲ လုပ်ဖြစ်နေတယ်။ ဆရာမအလုပ်ကတော့ လုံးဝမလုပ်တော့တာ မဟုတ်ပါဘူး။ ဒီလိုင်းကိုတော့ ပြန်သွားမယ်။ ဘာလို့လဲဆိုတော့ ပရော်ဖက်ရှင်နယ်ပိုင်းအပြင် ပညာရေးပိုင်းကိုလည်း ပြန်သွားဖို့ရှိပါတယ်။

မေး – Myanmar Idol Season-3 ပြိုင်ပွဲမှာရော ဖူး သီဆိုဖျော်ဖြေဖို့ ရှိဦးမလား။

ဖြေ – လောလောဆယ်တော့ Season-3 အတွက် ဘာမှတော့ မစီစဉ်ရသေးဘူး။ ဒါပေမဲ့ သေချာပါတယ်။ ကိုယ့်ရဲ့ညီအစ်ကိုမောင်နှမတွေကို အားပေးဖို့အတွက် တစ်ထောင့်တစ်နေရာက ပါသွားမှာပါ။ Stage ပေါ်မှာ ဖျော်ဖြေရမယ် ဘာညာတော့ ဖူးတို့လည်း သေချာမသိရသေးပါဘူး။

မေး – Myanmar Idol Season-3 ပြိုင်ပွဲဝင်တွေကိုရော ဖူးအနေနဲ့ အမှတ်တရဘာများ ပြောချင်တာရှိမလဲ။

ဖြေ – ပြိုင်ပွဲဝင်တွေကိုတော့ ဖူးအမြဲတမ်းပြောတယ်။ အပြင်မှာတွေ့လည်း ပြောတယ်။ သီချင်းများများ နားထောင်ပါ။ ပြီးတော့ Myanmar Idol ပြိုင်ပွဲက အရမ်းခက်ခဲတဲ့အဆင့်တွေ အများကြီးဖြတ်ကျော်ရမယ်။ စိတ်ပိုင်းဆိုင်ရာကအစ အစစအရာရာ ခက်ခဲတာတွေရှိတယ်။ ဘယ်အရာမှ လွယ်လွယ်ကူကူမရပါဘူး။ ဒါကြောင့် အခက်အခဲမှန်သမျှကို ဖြတ်ကျော်နိုင်ပါစေ။ လှေကားထစ်တိုင်းမှာ အခက်အခဲဆိုတာရှိပါတယ်။ ကိုယ့်ဘက်ကသေချာမလေ့ကျင့်ထားဘူးဆိုရင် ပြုတ်ကျသွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်သွားရမယ့်လှေကားထစ်တိုင်းကို ဂရုစိုက်ပါ။ ကိုယ်လုပ်ရမယ့် မိနစ်တိုင်းကလည်း အရမ်းကိုတန်ဖိုးရှိပါတယ်။ ဒါကြောင့် ကြိုးစားကြပါလို့ ပြောချင်ပါတယ်။

မေး – Myanmar Idol Season-3 ပြိုင်ပွဲကြည့်နေရတဲ့အချိန်မှာ ဖူးပြိုင်ပွဲဝင် တုန်းကအချိန်တွေကိုရော သတိရမိတာရှိလား။

မေး – သတိရတယ်။ Season-3 ပြိုင်ပွဲ အခု Audition ပြိုင်ပွဲတွေ ကြည့်တာတောင် ကိုယ်ဝင်ပြိုင်ရသလိုခံစားရတယ်။ ရင်လည်းခုန်တယ်။ Ticket ရသွားရင်လည်း ကိုယ်ရသလိုမျိုးပဲ အရမ်းပျော်တယ်။ ပြီးတော့ ကိုယ်တိုင်လည်း ပရိသတ်တစ်ယောက်ရဲ့နေရာကိုရောက်သွားပြီး ကြည့်ရတဲ့အချိန်ဆိုတော့ ပိုပျော်ပြီးရင်ခုန်တယ်။ ဖူးတုန်းကလည်း ပရိသတ်တွေ ဒီလိုပဲအားပေးကြတာပါလားဆိုပြီးတော့ အောက်မေ့ပါတယ်။

မေး – နောက်ဆုံးအနေနဲ့ ဖူးကိုအားပေးနေတဲ့ ပရိသတ်ကြီးကို အမှတ်တရပြောပေးပါဦး။

မေး – ဟုတ်ကဲ့။ ခွန်အားဆိုတာထက် ဖူးပြိုင်ပွဲဝင်တုန်းကလည်း အများကြီးပြောခဲ့တယ်။ ဖူးရဲ့မိသားစုဟာ ဖူးအတွက်အားအင်ပါပဲ။ ဒီမိသားစုကြောင့်ပဲ ဖူးရှေ့ဆက်တယ်။ လျှောက်လှမ်းတယ်။ ပြီးတော့ ပရိသတ်ကြီးက အခုလိုအားပေးနေတဲ့အတွက် ဖူးအခုလိုရပ်တည်နေနိုင် တာပါ။ ဖူးကိုချစ်တဲ့ပရိသတ်ကြီးအတွက် မကြာခင်မှာပဲ ဖူးရဲ့သီချင်းခွေထဲက MTV တွေကို လိုင်းပေါ်မှာတင်သွားပါမယ်။ ဒုတိယအခွေကိုလည်း ဆက်လုပ်နေပါပြီ။ သီချင်းတွေဆိုပြီးတော့ ပရိသတ်ရှေ့မှာ ရှိနေပါမယ်။ ပရိသတ်ကြီးကလည်း အားပေးပါ။ ဖူးဒီနေရာမှာ ရပ်တည်နေနိုင်တာ ပရိသတ်ကြောင့်ပါ။ ကျေးဇူးတင်ပါတယ်ရှင်။

-Ads-
-Ads-