ဆာလက်ခ်ျဒဏ်ရာရသွားခြင်းအတွက် ရာမို့စ်ကို အပြစ်မတင်သင့်ကြောင်း လမ်းပတ်နှင့်ဖာဒီနန်ဆို

မေ ၂၆ ရက်ညတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ရီးရဲလ်နှင့် လီဗာပူးတို့၏ချန်ပီယံလိဂ်ဗိုလ်လုပွဲ၌ လီဗာပူးအသင်း၏ အဓိက တိုက်စစ်ကစားသမားဆာလက်ခ်ျမှာ ပွဲချိန်အစောပိုင်းမှာပင် ရာမို့စ်နှင့်အတူ လဲကျခဲ့ရာ၌ ရာမို့စ်က လက်ကိုချုပ်ပြီးကိုယ်ဖြင့် ဖိချသည်ဟု အမြင်များရှိနေရာ ဆာလက်ခ်ျ လက်မောင်းအဆစ်ပြုတ်သွားခြင်းအတွက် ရာမို့စ်မှာ ရည်ရွယ်ချက်ဖြင့်ပြုလုပ်ခဲ့ ခြင်းမဟုတ်ကြောင်း ရုပ်သံတင်ဆက်သူများဖြစ်သည့် လမ်းပတ်နှင့် ရီယိုဖာဒီနန်တို့က သုံးသပ်ပြောကြားသွားခဲ့သည်။

ရာမို့စ်သည် ဆာလက်ခ်ျကိုကိုဒဏ်ရာရစေကာ အသင်းအသာရစေရန် ကြံစည်ခြင်းဖြစ်မည်လားဟုမေးမြန်းရာ ဘီတီစပို့တ် တွင် ထိုပွဲအား သုံးသပ်တင်ဆက်သည့်လမ်းပတ်က “ရည်ရွယ်ပြီးလုပ်တယ်လို့ မထင်ပါဘူး။ ခံစစ်မှူးတိုင်းဟာ အနီးကပ် ဆုံးဖြစ်လာတဲ့ပြိုင်ဘက်ကို ကပ်ကစားရတဲ့အခါမျိုးမှာ ဒီလိုပဲချုပ်တွန်းတာမျိုးလုပ်ကြတာပါပဲ။ ကံအကြောင်းမလှလို့ ဆာလက်ခ်ျ ဒီလို ဒဏ်ရာရသွားတာပါ” ဟု ပြောဆိုခဲ့သည်။

ရီယိုဖာဒီနန်ကလည်း ” ရာမို့စ်ဆီက အကောင်းဆုံးခံစစ်ကစားသွားခြင်းသာဖြစ်တယ်။ သူက ဆာလက်ခ်ျကို နာကျင်စေ လိုတဲ့လုပ်ရပ်မျိုးနဲ့ ရည်ရွယ်ပြီးလုပ်တာလည်း မဟုတ်ဘူး” ဟု သုံးသပ်သွားခဲ့သည်။

-Ads-
-Ads-

ဖာဒီနန်နှင့် လမ်းပတ်တို့ နှစ်ဦးစလုံးက လီဗာပူး၏ ယခုပွဲကျရှုံးရခြင်းမှာ ဂိုးသမားကာရီရက်စ်၏ မကျူးလွန်သင့်သော၊ ကြီးမားလွန်းသော အမှားများကျူးလွန်မိခဲ့ခြင်းကြောင့်သာဖြစ်ကြောင်းနှင့် အရေးကြီးသောပွဲကြီးတွင် ထိုအမှားမျိုး မကျူးလွန်သင့်ကြောင်း ထောက်ပြပြောဆိုသွားခဲ့သည်။

-Ads-
-Ads-