အာဖဂန်မိန်းကလေးတွေရဲ့ ကံတရားကို မီးမောင်းထိုးပြနေတဲ့ အင်ဂျလီနာဂျိုလီ ရဲ့ Breadwinner

အင်ဂျလီနာဂျိုလီဟာ ပထမဆုံး ကမ္ဘောဒီးယားနိုင်ငံက ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက် စစ်ပွဲရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရတာနဲ့ ပတ်သက်ပြီး First They Killed my Father ဆိုတဲ့ဇာတ်ကားကို သူကိုယ်တိုင်ဒါရိုက်တာ အဖြစ်ရိုက်ကူးခဲ့ပါတယ်။ အခုတစ်ခါ အာဖဂန်နစ္စတန်က လှုပ်ရှားမှုပုံရိပ်တွေကို ဇာတ်ကားတစ်ကားအဖြစ် ရိုက်ကူးထုတ် လုပ်လိုက်ပြန်ပါပြီ။ ဒီဇာတ်ကားကို ပထမဆုံးပြသတဲ့ပွဲမှာ ဂျိုလီက “ငယ်ရွယ်တဲ့ မိန်းကလေးတစ်ဦးကို ပိုမိုခက်ခဲလာ အောင်ပြုလုပ်တဲ့ နေရာမျိုး ကမ္ဘာမှာနိုင်ငံအနည်းငယ်လောက်သာရှိပါတယ်” လို့ ပြောကြားထားပါတယ်။

အိုင်းရစ်ရုပ်ရှင်ထုတ်လုပ်သူ နိုရာတူးမေး ထုတ်လုပ်တဲ့ Bread winner ဟာအန်နီမေးရှင်း ဇာတ်ကားတစ်ကားဖြစ်ပြီး အမျိုးသမီးတွေပဲ စီစဉ်ရိုက်ကူးထုတ်လုပ်ထားတာဖြစ်ပါတယ်။ ကနေဒါနိုင်ငံသူ စာရေးဆရာမ Deborah Ellis ရဲ့ ရောင်း အားအကောင်းဆုံးစာအုပ်ကို အဆင်ပြေအောင် ပြန်လည်ညှိနှိုင်းပြီး ဇာတ်ညွှန်းရေးသားထားတာ ဖြစ်ပါတယ်။

၂၀၀၁ခုနှစ် အာဖဂန်နစ္စတန်နိုင်ငံအတွင်း တာလီဘန်တွေရဲ့လက်အောက်မှာကြီးပြင်းလာတဲ့ ၁၁ နှစ်အရွယ် ပါဗာနာ အဖြစ် ဆယ်ကျော်သက် ကနေဒါသရုပ်ဆောင် Saara Chaudry က အသံနဲ့ အားဖြည့်ကူညီသရုပ်ဆောင်ပေးထားပါ တယ်။ သူမရဲ့ဖခင်ဖြစ်သူ မှားယွင်းဖမ်းဆီးခံရချိန် မှာ ပါဗာနာက သူမမိခင်နဲ့ညီအစ်မတွေကို အငတ်ဘေးက ကယ်တင် နိုင်ဖို့ သူမကိုယ်သူမ ယောက်ျားလေးတစ်ယောက်အသွင်ဟန်ဆောင်လိုက်ပါတယ်။ သူမတို့နိုင်ငံက အမျိုးသမီးတွေဟာ ဆွေမျိုးသားချင်းအမျိုးသားတစ်ယောက်မပါဘဲ အိမ်ပြင်ကို ထွက်လို့မရဘူးလေ။

ဒီဇာတ်လမ်းဟာ ကလေးတွေအတွက် ပုံပြင်တစ်ပုဒ်လိုဖြစ်နေပေမယ့် တာလီဘန်တွေ လက်အောက်က အမျိုးသမီးတွေရဲ့ ရှင်သန်ရပ်တည်မှု အသေးစိတ်အချက်အလက်တွေကတော့ ဖုံးကွယ်လို့မရအောင် ပေါ်လွင်ထင်ရှားနေတဲ့ ဇာတ်ကား ကောင်းတစ်ကားဖြစ်ပါတယ်။