မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပုဂံမြို့ဟောင်းရှိ ဘုရားအမှတ် (၁၃၇၈) စေတီတစ်ဆူ ပြိုကျပျက်စီး

ညောင်ဦး၊ ဇွန်-၉

မန္တလေးတိုင်းဒေသကြီး ပုဂံညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ဇွန် ၈ ရက် ညနေ ၄ နာရီခွဲက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုဂံမြို့ဟောင်း မြင်းကပါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အရှေ့ဘက်ရှိ ဘုရားအမှတ်(၁၃၇၈) စေတီတစ်ဆူ မိုးဒဏ်ကြောင့် ယင်းနေ့ ညနေ ၅ နာရီက ပြိုလဲပျက်စီးသွားခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာခွဲ)မှ သိရသည်။

အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုလဲပျက်စီးသည့် ဘုရားအမှတ်(၁၃၇၈)စေတီပြိုလဲပျက်စီးရာနေရာသို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းနှင့် ခရိုင်သာသနာရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနေလင်းသိန်းနှင့် တာဝန်ရှိသူများ သွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

-Ads-
-Ads-

‘ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘုရားပြိုကျတယ်ဆိုတာ မှန်ပါတယ်။ ပြိုကျတဲ့နေရာက ပုဂံမြို့ဟောင်း မြင်းကပါကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်း အရှေ့ဘက်မှာရှိတဲ့ ဉာဏ်တော်အမြင့် ၂၇ ပေခန့်ရှိ ဘုရားအမှတ် (၁၃၇၈)စေတီပါ။ မိုးဒဏ်ကြောင့် ပြိုလဲပျက်စီးသွားတာပါ။ ကျွန်တော်တို့ဆီမှာ မိုးကလည်း ရွာလိုက်ရင် တအားသည်းပါတယ်။ ပြီးခဲ့တဲ့ မေ ၃၀ ရက်က မိုးရေချိန် ၄ ဒသမ ၇၆ လက်မ ရွာသွန်းခဲ့ပြီး အခု ဒီလထဲမှာ ဆိုရင်လည်း ဇွန် ၃ ရက်က မိုးရေချိန် ၁ ဒသမ ၂၂ လက်မ၊ ဇွန် ၅ ရက်က မိုးရေချိန် သုည ဒသမ ၇၁ လက်မ၊ ဇွန် ၆ ရက်က မိုးရေချိန် ၂ ဒသမ ၆၄ လက်မ၊ ဇွန် ၈ ရက်က မိုးရေချိန် သုည ဒသမ ၂၀ လက်မတို့ ရွာသွန်းခဲ့ပါတယ်။ အဲဒီလို မိုးတွေဆက်တိုက် သည်းထန်စွာ ရွာသွန်းခဲ့လို့ ဘုရားပြိုကျပျက်စီးသွားတာ ဖြစ်ပါတယ်’ဟု ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြောဆိုသည်။

-Ads-
-Ads-