လေးဖြူ၏ယုံကြည်ရာသီချင်းဖြင့် ယှဉ်ပြိုင်ခဲ့သည့် တေးသံရှင်ပိုးမီ The Winners of 2017 တွင် ရွေးချယ်ခံရ

ဓာတ်ပုံ - ပိုးမီဖေ့စ်ဘွတ်ခ်

ရန်ကုန်၊ ဇွန်-၉

Myanmar Idol သီချင်းဆို ပြိုင်ပွဲမှတစ်ဆင့် ပရိသတ်အားပေးမှုများစွာ ရရှိခဲ့သည့် တေးသံရှင်ပိုးမီသည် Myanmar Idol Season – 2 Top 3 အဆင့်ပြိုင်ပွဲတွင် သီဆိုခဲ့သည့် ယုံကြည်ရာသီချင်းကို Idol Global ၏ You Tube စာမျက်နှာ၌ The winners of 2017 စာရင်းတွင် ဖော်ပြခြင်းခံခဲ့ရသည်။

‘ကျွန်မသိခဲ့တာတော့ သူငယ်ချင်းတစ်ယောက်လည်းဖြစ်သလို အသိတစ်ယောက်က တင်ထားတာပေါ့နော်။ မပိုးမီရေ Idol Global ရဲ့ You Tube စာမျက်နှာမှာ မပိုးမီ ယှဉ်ပြိုင်ထားတဲ့သီချင်းလေးက ပါနေတယ်။ သိလားဆိုပြီးတော့ ကျွန်မကိုပြောတယ်။ အဲဒါနဲ့ ကျွန်မလည်းဝင်ကြည့်လိုက်တော့ အရမ်းအံ့ဩတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ထင်မထားဘူး။ သူတို့က The winners of 2017 ဆိုပြီးတင်ထားတာပါ။ မှားများမှားနေလားဆိုပြီးတောင် ထင်ရတယ်။ သူတို့ကလည်း ဘယ်လိုစည်းမျဉ်း၊ စည်းကမ်းတွေနဲ့ ရွေးထား လဲတော့မသိဘူး။ နိုင်ငံတကာနဲ့ယှဉ်ပြီး ကိုယ့်ရဲ့သီချင်းလေးကိုထည့်ထားတဲ့အတွက် ကိုယ်တိုင်က ထင်တောင်ထင်မထားတဲ့အတွက် အရမ်းလည်းဝမ်းသာရပါတယ်။ မယုံလို့ သွားကြည့်လိုက်တာပေါ့။ You Tube ကနေ ပြန်ကြည့်လိုက်ရတော့ ပြိုင်ပွဲညကို ပြန်ရောက်သွားသလို ခံစားရပါတယ်။ ဒီသီချင်းလေးနဲ့ပတ်သက်ပြီးတော့ သေချာလေ့ကျင့်ပေးခဲ့တဲ့ ဆရာဥက္ကာဦးသာနဲ့ အန်တီထရေစီတို့ကိုလည်း အများကြီးကျေးဇူးတင်ပါတယ်’ဟု တေးသံရှင်ပိုးမီက ပြောသည်။ တေးသံရှင်ပိုးမီသည် ဝါရင့်အဆိုတော်လေးဖြူ၏ လူကြိုက်အများဆုံး တေးသီချင်းဖြစ်သည့် ယုံကြည်ရာသီချင်းကို Myanmar Idol Season- 2 ပြိုင်ပွဲတွင် မူရင်းအဆိုရှင်လေးဖြူပုံစံအတိုင်း Rock ပုံစံဖြင့် သီဆိုခဲ့ခြင်းမဟုတ်ဘဲ ပုံစံပြောင်း၍ သီဆိုခဲ့ခြင်းဖြစ်သည်။

-Ads-
-Ads-

‘ယုံကြည်ရာသီချင်းကို ပြိုင်ပွဲမှာသီဆိုမယ်ဆိုတော့ အရမ်းကြောက်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ကိုလေးဖြူရဲ့ ပရိသတ်တွေကလည်း အများကြီးပဲ။ နောက်ပြီး ဒီသီချင်းက ကိုလေးဖြူရဲ့အကောင်းဆုံးသီချင်းတစ်ပုဒ်ဆိုတော့ ပိုးမီ ပြန်ဆိုတဲ့အချိန်မှာ မူရင်းပုံစံအတိုင်း ပြန်ဆိုတာလည်း မဟုတ်ဘူး။ ပုံစံပြောင်းပြီးသီဆိုခဲ့တာကြောင့် ပိုပြီးတော့စိုးရိမ်စိတ်တွေ လည်း ရှိခဲ့တာပါ။ ဝေဖန်ခံရမှာလည်းကြောက်ခဲ့သလို တကယ်လည်း ဝေဖန်ခံခဲ့ရတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဝေဖန်တဲ့သူတွေလည်းရှိသလို တကယ်အားပေးခဲ့တဲ့သူတွေရှိခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်’ဟု တေးသံရှင်ပိုးမီက ဆက်လက်ပြောဆိုသည်။

တေးသံရှင်ပိုးမီသည် သူမ၏ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်သည့် ‘နောက်ထပ်….တစ်ယောက်မရှိ’ဟု အမည်ပေးထားသော တေးအယ်လ်ဘမ်ထွက်ရှိထားပြီးလည်းဖြစ်သည်။

-Ads-
-Ads-