ဇယားထိပ်ပိုင်းမှ ရှမ်းနှင့် မကွေး ထိပ်တိုက်တွေ့ဆုံနေသည့် MNL ပွဲစဉ်(၁၆)ယနေ့စတင်မည်

ရန်ကုန်၊ ဇွန်-၁၅

၂၀၁၈ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၆) ကို လာမည့် ဇွန် ၁၆ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး အမှတ် ပေးဇယားထိပ်ပိုင်း မှ ရှမ်းယူနိုက်တက်နှင့် မကွေးအသင်းတို့ ထိပ်တိုက်တွေ့ဆုံ နေသည့်ပွဲကောင်းများ ပါဝင်နေသည်။

ပွဲစဉ် (၁၆)ပွဲစဉ်များကို လာမည့် ဇွန် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ဇွန် ၁၆ ရက် ပွဲစဉ်များတွင် တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်နှင့် မကွေးအသင်းတို့ တွေ့ဆုံနေသည်။ အဆိုပါ နှစ်သင်း တွေ့ဆုံမှုသည် နှစ်သင်း စလုံးက အမှတ်ပေးဇယားအဆင့် (၂)နှင့် (၃) နေရာတွင် ရပ်တည်နေသောကြောင့် ပြိုင်ဆိုင်မှုပြင်းထန်မည့် ပွဲစဉ်ဖြစ်လာ မည်ဖြစ်သည်။ ထို့နောက် ဝေသာလီကွင်းတွင်ရခိုင်ယူနိုက်တက် နှင့် ရတနာပုံ၊ သုဝဏ္ဏကွင်းတွင် GFA နှင့် မြ၀တီအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

ဇွန် ၁၇ ရက်ပွဲစဉ်များအဖြစ် အမှတ်ပေးဇယားထိပ်ဆုံးမှ ရန်ကုန်ယူနိုက်တက်အသင်းသည် ဇွဲကပင်အသင်းနှင့် သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး မော်လမြိုင် ကွင်းတွင် ဆောက်သမ်းမြန်မာနှင့်ဧရာဝတီ၊ မုံရွာကွင်းတွင် စစ်ကိုင်းယူနိုက်တက်နှင့်ဟံသာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

လက်ရှိပွဲစဉ် (၁၅) အပြီး အမှတ်ပေးဇယားကိုရမှတ် ၃၂ မှတ်ဖြင့် ရန်ကုန်ယူနိုက်တက်က ဦးဆောင်ထားပြီး အဆင့် (၂) တွင် ရမှတ် ၃၀ ဖြင့် ရှမ်းယူနိုက်တက်၊အဆင့် (၃) တွင် ရမှတ် ၂၅ မှတ်ဖြင့် မကွေး၊ အဆင့် (၄)တွင် ရမှတ် ၂၃ မှတ်ဖြင့် ရတနာပုံအသင်းတို့ကဇယားထိပ်ပိုင်းတွင် ရပ်တည်နေပြီး တန်းဆင်းဇုန်တွင်GFA နှင့် မြ၀တီအသင်းတို့ကရပ်တည် နေသည်။