FDA၀န်ထမ်းအမျိုးသမီး အသတ်ခံရမှုမှ ကျုးလွန်သူ မျိုးဇော်ဦးအား သေဒဏ်ချမှတ်

ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ ဇွန် ၂၂

FDA၀န်ထမ်း မရွှေရည်ဝင်း အသတ်ခံရမှုမှ ပြစ်မှုကျုးလွန်သည့် အငှားယာဉ်မောင်း မျိုးဇော်ဦး(ခေါ်)ဆီဒိုးနားအား ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁(ဂ)အရ သေဒဏ်ကျခံစေရန် ယနေ့ရုံးချိန်းတွင် အရှေ့ပိုင်းခရိုင်တရားရုံးက အပြီးသတ် အမိန့်ချမှတ်လိုက်သည်။

ပြီးခဲ့သည့် ဇွန် ၁၈ရက် ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများ အပြီးသတ်လျောက်လဲချက် ကြားနာရာတွင် မျိုးဇော်ဦး၏ရှေ့နေက မှုခင်းဆရာဝန်များကြီး၏ ဆေးစစ်ချက်အရ အမျိုးသမီးအင်္ဂါနှင့် အမျိုးသားအင်္ဂါတွင်သုတ်ပိုးမတွေ့ရခြင်း မရွှေရည်ဝင်း လည်ပင်းကို ထိုးသွင်းခဲ့သည်ဆိုသည့် ၀က်အူလှည့်ကို သက်သေခံအဖြစ် မတင်နိုင်ခြင်းနှင့် မျက်မြင်သက်သေ မရှိခြင်းတို့ကြောင့် အမှုကို ၃၀၂(၁)(ဂ) အစား လူသေမှုအဖြစ် သတ်မှတ်ရန် တင်ပြခဲ့သည်။

-Ads-
-Ads-

အဆိုပါ အမှုတွင် ဒုရဲအုပ် ယာချမ်းမြေ့အောင်က တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ပြီး တရားလိုပြသက်သေ ၉ဦးကို စစ်ဆေးခဲ့သည်။

မရွှေရည်ဝင်းသည် ဇန်န၀ါရီ ၂၁ ရက်ညက အိမ်အပြန်ကားငှားစီးရင်း ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး နောက်တနေ့နံနက်တွင် ဒဂုံမြို့သစ်မြောက်ပိုင်း၊ (၃၃) တိုးချဲ့ရပ်ကွက်၊ ငမိုးရိပ်ချောင်းကူး တံတားဘေး ကုလားမန်ကျည်းပင်အောက်၌ အလောင်းပြန်လည်တွေ့ရှိခဲ့သည်။

ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးမှုအရ မရွှေရည်ဝင်းကိုင်ဆောင်သည့် ဆမ်ဆောင်းဖုန်းအား ယုဇန ပလာဇာတွင် လာရောက်ရောင်းချသည့် မျိုးဇော်ဦးအား ဇန်န၀ါရီ ၂၄ရက်တွင် သက်သေခံ ပစ္စည်းနှင့်အတူ ဖမ်းဆီးမိခဲ့ပြီး အရှေ့ပိုင်းခရိုင်တရားရုံးက မျိုးဇော်ဦးကို ရာဇဝတ်မှုပုဒ်မ ၃၉၄၊ ၃၇၇၊ ၃၇၆၊ ၃၀၂ တို့ဖြင့် တရားစွဲဆိုခဲ့သည်။

-Ads-
-Ads-