အရှေ့တောင်အာရှ အသက် (၂၀)အောက်ပြိုင်ပွဲနှင့် အာရှကလပ်ဘော်လီဘောပြိုင်ပွဲ အိမ်ရှင်အဖြစ်ကျင်းပမည်

ရန်ကုန်၊ ဇွန်-၂၄

အကြိမ် (၂၀)မြောက် အရှေ့တောင်အာရှ အသက် (၂၀) အောက်(အမျိုးသား)ဘော်လီဘောပြိုင်ပွဲနှင့် အာရှကလပ် (အမျိုးသား)ဘော်လီဘောပြိုင်ပွဲများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အာရှဘော်လီဘောအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘော်လီ ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသော အကြိမ် (၂၀)မြောက် အရှေ့တောင်အာရှ အသက် (၂၀)အောက် (အမျိုးသား) ဘော်လီဘောပြိုင်ပွဲနှင့် အာရှကလပ် (အမျိုးသား) ဘော်လီဘောပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၊ (ဃ)ရုံတို့တွင် ကျင်းပသွားမည်ဖြစ်သည်။ အရှေ့တောင်အာရှ အသက်(၂၀) အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲကို ဇူလိုင် ၁၂ရက်မှ ဇူလိုင် ၁၆ ရက်အထိလည်းကောင်း၊ အာရှကလပ်အမျိုးသားဘော်လီဘောပြိုင်ပွဲကို ဇူလိုင် ၃၀မှ ဩဂုတ် ၆ ရက်အထိ လည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။

ယူ-၂၀ ပြိုင်ပွဲကို အိမ်ရှင်မြန်မာနိုင်ငံ၊ ထိုင်းနှင့် မလေး ရှားနိုင်ငံတို့အပြင် ချစ်ကြည်ရေးလက်ရည်စမ်းကစားရန် နယူးဇီလန်၊ ဩစတြေးလျ၊ ကာဇက်စတန်၊ မော်လဒိုက်နှင့် ဟောင်ကောင်အသင်းများကိုလည်း ဖိတ်ကြားထားကြောင်း၊ အာရှကလပ်အမျိုးသားဘော်လီဘောပြိုင်ပွဲကိုလည်း အိမ်ရှင်မြန်မာနိုင်ငံက ဩစတြေးလျ၊ တရုတ်၊ တရုတ် (တိုင်ပေ)၊ ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဂျပန်၊ ဟောင်ကောင်၊ အီရန်၊ အီရတ်၊ ကာဇက်စတန်၊ ဂျော်ဒန်၊ ကာတာ၊ တာ့ခ်မင်နစ္စတန်နိုင်ငံများအား ဖိတ်ကြားထားရာ ယနေ့အချိန်အထိ Entry By Name ၁၆ သင်း လက်ခံရရှိထားပြီး ဖြစ်ပါကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ပြောကြားသည်။