တေးတံရှင် ခင်စုစုနိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း

“ကိုယ်ဝါသနာပါတဲ့ အလုပ်ဖြစ်တဲ့အတွက် ကိုယ့်ဘက်က အစွမ်းကုန်ကြိုးစားခဲ့တယ်”

Melody World အဆိုပြိုင်ပွဲမှတစ်ဆင့် ဂီတလောကထဲကို ၀င်ရောက်ခဲ့ပြီး တစ်ကိုယ်တော် အယ်လ်ဘမ်နှစ်ချပ်နဲ့ အတွဲခွေပေါင်းများစွာထွက် ရှိထားသူတေးသံရှင် ခင်စုစုနိုင်နဲ့တွေ့ဆုံပြီး အောက်တိုဘာလမှာ ထွက်ရှိမယ့် တတိယတစ်ကိုယ်တော် အယ်လ်ဘမ်အကြောင်း၊ ပြည်တွင်းအဆိုပြိုင်ပွဲ တွေအပေါ် ပြိုင်ပွဲဝင်တစ်ယောက်အဖြစ် ဖြတ်သန်းခဲ့ဖူးတဲ့ သူ့အမြင်၊ သဘောထားနဲ့ အတွေ့အကြုံတွေကိုမေးမြန်းဖြစ်ခဲ့ပါတယ်

မေး – တတိယအယ်လ်ဘမ်လေးပြင်ဆင်နေပြီလို့ သိရတယ်။ အဲဒီအယ်လ်ဘမ်အကြောင်းအရင်ဆုံး ပြောပြပေးပါလား။

-Ads-
-Ads-

ဖြေ – တတိယခွေအတွက် သီချင်းတွေစသွင်းနေပါပြီ။ အောက်တိုဘာလ လောက် ထွက်နိုင်အောင် ကြိုးစားနေပါတယ်။

မေး – အယ်လ်ဘမ်နာမည်ကို ဘယ်လိုပုံစံလေးပေးဖို့ စိတ်ကူးထားလဲ၊ ထားလ။ဲ အကြမ်း ဖျင်း စဉ်း စားထားတာလေးရရှိရင်လည်း ပြောပြပါဦး။

ဖြေ – နာမည်တော့ မပေးရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ သီချင်းတွေ အကုန်လုံးက မစုံသေးတော့ နာမည်ပေးဖို့ အဆင်မပြေသေးဘူး။ စဉ်းစားထားတာတော့ အခွေထဲမှာမပါတဲ့ နာမည်မျိုးလေးပေးဖို့ စဉ်းစားထားပါတယ်။

မေး – မီနီအယ်လ်ဘမ်လား၊ ဒါမှမဟုတ် ပုံမှန်ထွက်နေကျ အယ်လ်ဘမ် ပဲလား။ တေးရေးတွေနဲ့လည်း မိတ်ဆက်ပေးပါဦး။

ဖြေ – ပုံမှန်ထွက်နေကျအယ်လ်ဘမ်တွေလိုပဲ သီချင်းတွေက ၁၀ပုဒ်၊ ၁၁ပုဒ်လောက်ပါမယ်။ တေးရေးတွေကတော့ အရင်အခွေတွေတုန်းက လက်တွဲခဲ့တဲ့ တေးရေးတွေရော တခြားတေးရေး ဆရာအသစ်တွေပါ ရေးထားပေးတဲ့ သီချင်းတွေပါမယ်။ ညီမကိုယ်တိုင်ရေးထားတဲ့ သီချင်းလေး နှစ်ပုဒ်လောက်ပါမယ်။

မေး – ဒီအယ်လ်ဘမ်က ကိုယ့်အတွက် တတိယအယ်လ်ဘမ်ဆိုတော့ အရင်အယ်လ်ဘမ်တွေထက် ပိုပြီး သတိထားရလား။

ဖြေ – အရင်အယ်လ်ဘမ်တွေထက်တော့ ပိုပြီးဂရုစိုက်မိလာတယ်။ အရင်အယ်လ်ဘမ်တွေတုန်းကလည်း အကောင်းဆုံးလုပ်ခဲ့တာပါပဲ။ ဒီအယ်လ်ဘမ်မှာ Music Style က မြင်နေကျပုံစံတော့မဟုတ်ဘူး။ နည်းနည်းတော့ထူးခြားမယ်။ ပရိသတ် ကြိုက်ပြီးသား ပေါ့ပ်သီချင်းလေး တွေလည်း ထည့်ထားပါတယ်။ အဲဒီထဲမှာမှ ဂီတပုံစံရော ဆိုပုံဆိုပေါက်ပါ ပြောင်းထားတဲ့ သီချင်းလေးတွေတော့သုံး၊ လေးပုဒ်လောက်ရှိပါတယ်။ အဲဒီအတွက်လည်း ရင်ခုန်ပါတယ်။

မေး – နည်းပညာခေတ်ကြီးမှာ အယ်လ်ဘမ်တစ်ချပ် ထုတ်နိုင်ဖို့ သိပ်မလွယ် တော့ဘူးလို့ ဂီတအသိုင်းအဝိုင်းက ပြောနေကြတာလည်းရှိတယ်။ကိုယ်တိုင်ရော အယ်လ်ဘမ်အသစ်ထုတ်ဖို့ တော်တော်လေး စဉ်းစားခဲ့ရတာရှိလား။

ဖြေ – ညီမက ကိုယ်တိုင်လည်း ဂီတကိုဝါသနာ အရမ်းပါတယ်။ သီချင်း တွေလည်း ဆိုနေတာဆို တော့ သီချင်းတွေကတော့ အမြဲတမ်းထွက်နေ မှာပါ။ ဂီတဈေးကွက် ပြောင်းလဲသွားတာ အွန်လိုင်းခေတ်ဖြစ်သွားတော့ အင်တာနက်အသုံးပြုတဲ့ သူများသွားတယ်။ နောက်ပြီးတော့ စမတ်ဖုန်း အသုံးပြုတဲ့ သူများလာတော့ စီဒီဝယ်လိုအားက အားနည်းသွားတယ်။ Digital Sale ကိုပဲ မျှော်လင့်ရမှာပေါ့။ ဂီတလောကပိုတိုးတက်ဖို့ Digital Sale တွေကိုပဲအဆင်ပြေ အောင်လုပ်ရမှာပေါ့။

မေး – ပြိုင်ပွဲဝင်တော်တော်များများပြိုင်ပွဲ ပြီးသွားရင်ပြိုင်ပွဲနဲ့အတူ ပျောက်ကွယ်သွားတတ်ကြတယ်။ အဲဒီအပေါ်မှာ ကိုယ်တိုင်ဝင်ပြိုင်ခဲ့ဖူးသူတစ်ယောက်ရဲ့ အမြင်လေးသိချင်ပါတယ်။

ဖြေ – ဒါကတော့ ခေတ်ရေစီးကြောင်းအရ ဖြစ်ပေါ်လာတဲ့ပြိုင်ပွဲတွေပေါ့။ ပြောရမယ်ဆိုရင် ပြိုင်ပွဲတွေမှာVolting ပေးတဲ့စနစ်တွေရှိတယ်။ ပွဲတစ်ပွဲကတော့ စိတ်ဝင်စားမှုရှိအောင် စဉ်းစားကြမှာပဲ။ Volting ပေးတဲ့သူတွေကဂီတလောကထဲကို အခုမှ ခြေလှမ်းစလှမ်းပြီး ဝင်လာတဲ့သူ တွေကို သူတို့တတ်နိုင်တဲ့ဘက်က Vote ပေးကြတာပဲ။ ပြိုင်ပွဲဝင်တွေဆိုတာလည်း တကယ်ကောင်းလို့ ဒီနေရာ အထိ ရောက်လာကြတာဆိုတော့သူတို့လည်း သေချာလေး ဆက်ကြိုးစားနေမယ်။ပရိသတ်နဲ့ ထိတွေ့ခွင့်ရဖို့ဆိုတာ အမှန်အတိုင်းပြောရရင် ဒီခေတ်မှာ လွယ်ပါတယ်။ အွန်လိုင်းခေတ်ဖြစ်တဲ့အတွက်သီချင်းတစ်ပုဒ် တင်မယ်၊ Liveလွှင့်မယ်။ အဲဒီအပေါ်မှာမှ ကိုယ့်ရဲ့ကြိုးစားမှုကိုသေချာချပြ နိုင်မယ်ဆိုရင် ပရိသတ် အသိအမှတ်ပြုမှုကိုရမှာပဲ။

ကိုယ့်ရဲ့ဂီတကို ကြိုးစားသွားမယ်ဆိုရင် ပျောက်ကွယ်သွားမှာတော့မဟုတ်ဘူး။ ကိုယ်ကသာဆက်မလုပ်ဘူး။ အခွင့်အရေးတစ်ခုပဲ မျှော်လင့်နေမယ်ဆိုရင် ပျောက်ကွယ်သွားမှာပေါ့။ အဓိကကတော့ ကြိုးစားဖို့အများကြီး လိုအပ်ပါတယ်။ခေတ်ကာလအရ ပြိုင်ပွဲတွေက အများကြီး ပေါ်လာနေမှာပါပဲ။

မေး – ကိုယ်တိုင်ရော Melody World ပြိုင်ပွဲ ပြီးသွားတဲ့နောက် ခင်စုစုနိုင်ဆိုပြီး ဖြစ်လာဖို့ဘယ်လောက်အထိကြိုးစားခဲ့ရလဲ။

ဖြေ – ကိုယ်တိုင်ပြိုင်ပွဲဝင်ခဲ့တာဆိုတော့ ကိုယ်တိုင်လည်း ကြိုးစားခဲ့တယ်။ တစ်ခါတလေကျရင် စိတ်ညစ်စရာတွေ၊ စိတ်ဓာတ်ကျစရာတွေ အများကြီးတော့ ရှိပါတယ်။ ဒါပေမဲ့ ကိုယ်ဝါသနာပါတဲ့အလုပ်ဖြစ်တဲ့အတွက် ကိုယ့်ဘက်က အစွမ်းကုန် ကြိုးစားခဲ့တယ်။

အဲဒါကြောင့် ဂီတလောကထဲကို ၀င်ရောက်လာကြမယ့် ပြိုင်ပွဲဝင်တွေလည်း ကိုယ်ဝါသနာပါတယ်။ စိတ်ပါတယ်ဆိုရင် အစွမ်းကုန် ကြိုးစားစေချင်ပါတယ်။ ပရိသတ်ကိုကိုယ့်ရဲ့ အနုပညာဝမ်းစာကို ချပြနိုင်ဖို့အတွက်လည်း ကြိုးစားကြပါလို့ပြောချင်ပါတယ်။

မေး – အားပေးနေကြတဲ့ ပရိသတ်တွေကိုဖြည့်စွက်ပြောပြချင်တာ ရှိရင်လည်း ပြောပေးပါဦး။

ဖြေ – ညီမကို အားပေးနေကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးအများ ကြီးတင်ပါတယ်။ တတိယခွေလေးထွက်ရင်လည်း အားပေးကြပါလို့။ ညီမကိုလည်း ဘာမဆိုဝေဖန် အကြံပေးနိုင်ပါတယ်လို့ ပြောချင်ပါတယ်။

-Ads-
-Ads-