အာဆီယံယူ-၁၉ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲတွင် မြန်မာနှင့်တီမော သရေကျ

ရန်ကုန်၊ ဇူလိုင်-၂

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသည့် ၂၀၁၈ အာဆီယံယူ-၁၉ အမျိုးသားဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ယူ-၁၉ အသင်းသည် အုပ်စု အဖွင့်ပွဲစဉ်အဖြစ် တီမောယူ-၁၉ အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ပြီး တစ်ဖက်နှစ်ဂိုးစီဖြင့် သရေရလဒ်ဖြစ်ခဲ့သည်။

အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မြန်မာ ယူ-၁၉ နှင့် တီမော ယူ-၁၉ တို့ပွဲစဉ်ကို ဇူလိုင် ၂ ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီတွင် ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအသင်းက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း နှစ်ဂိုးစီသရေရလဒ်ဖြင့် ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။ ယင်းပွဲစဉ်တွင် မြန်မာအသင်းက ဝင်းနိုင်ထွန်း၊ ပြည့်စုံနိုင်၊ မြတ်ကောင်းခန့်၊ လွင်မိုးအောင်၊ စိုးမိုးကျော်အစ ရှိသည့် အဓိက ကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာ ယူ-၁၉ အသင်းက ပွဲအစ ကိုးမိနစ်မှာပင် ပင်နယ်တီကန်ခွင့်ရရှိခဲ့ပြီး ယင်းဂိုးကို ပြည့်စုံနိုင်က သွင်းယူခဲ့သော်လည်း ဂိုးသမား ကာကွယ်ပြီး ပြန်ထွက်လာသည့် ဘောလုံးကို ရဲရင့်အောင် ပြန်လည်ပိတ်သွင်းယူခဲ့သောကြောင့် မြန်မာအသင်း ဦးဆောင်ဂိုးရရှိခဲ့သည်။ ပထမပိုင်းပြီးခါနီးတွင် တီမော ကွင်းလယ်ကစားသမား အဝေးမှ အမှတ်မထင်ကန်ချက်ကို မြန်မာဂိုးသမား မကာကွယ်နိုင်သောကြောင့် ချေပဂိုး ပြန်ပေးခဲ့ရပြီး ပထမပိုင်းအပြီးတွင် တစ်ဂိုးစီသရေဖြင့် ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင် တီမောအသင်း ကစားပုံကောင်းမွန်လာပြီး မြန်မာအသင်းကို ဆက်တိုက်ဖိကစားလာကာ အနိုင်ဂိုးပါ ထပ်မံသွင်းယူခဲ့သောကြောင့် ပြိုင်ပွဲကို တီမောက ပြန်လည်ဦးဆောင်ခဲ့သည်။ ယင်းနောက် ခံစစ် ပုံစံပြောင်းသွားသည့် တီမောနောက်တန်းကို မြန်မာအသင်း ကွင်းတစ်ဝက်ခန့် ဖိကစားခဲ့ရာ ပွဲချိန် ၈၆ မိနစ်တွင် ဝင်းနိုင်ထွန်းက ချေပဂိုးသွင်းယူ ခဲ့သော်လည်း လက်ကျန်အချိန်များ၌ အနိုင်ဂိုးထပ်မံသွင်းယူနိုင်ခြင်း မရှိသောကြောင့် အဖွင့်ပွဲတွင် မြန်မာအသင်း နှစ်ဂိုး-နှစ်ဂိုး သရေရလဒ် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

မြန်မာယူ-၁၉ အသင်းသည် ထပ်မံ၍ အုပ်စုပွဲစဉ်များအဖြစ် ဇူလိုင် ၆ ရက် ညနေ ၆ နာရီခွဲတွင် ကမ္ဘောဒီးယား၊ ဇူလိုင် ၈ ရက် ညနေ ၃ နာရီတွင် ဘရူနိုင်း၊ ဇူလိုင် ၁၀ ရက် ညနေ ၆ နာရီခွဲတွင် မလေးရှားအသင်းနှင့် ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။