တေးသံရှင်ဥာဏ်လင်းအောင်နှင့်တွေ့ဆုံခြင်း

“တွန်းအားသီချင်းခွေကကျွန်တော့် အဖေမွေးနေ့ဖြစ်တဲ့ ဇူလိုင် ၂၁ ရက်မှာထွက်ပါမယ်”

အသင့်ရှိသူ၊ သူစိမ်းလူ အစရှိသော တစ်ကိုယ်တော်တေးအယ်လ်ဘမ်နှစ်ခွေထွက်ရှိထားပြီး ယခုအချိန်ထိ ပရိသတ် အားပေးမှုရရှိထားသူမှာ တေးသံရှင်ဉာဏ်လင်းအောင်ဖြစ်သည်။ တေးသံရှင်ဉာဏ်လင်းအောင်သည် ဇူလိုင် ၂၁ ရက်တွင်လည်း တွန်းအားအမည်ရှိ တတိယမြောက် တစ်ကိုယ်တော်တေးအယ်လ်ဘမ်ကိုထွက်ရှိမည်ဖြစ်ရာ အဆိုပါသီချင်းခွေနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ လတ်တလောသီချင်းနှင့် ပတ်သက်သည့် လှုပ်ရှားမှုများနှင့်ပတ်သက်၍ မေးမြန်းဖြစ်ခဲ့သည်များမှအချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်-

မေး – ပထမဆုံးအနေနဲ့ တတိယမြောက်အယ်လ်ဘမ်အခွေကို တွန်းအားလို့ အမည်ပေးဖြစ်ပုံလေးပြောပြပေးပါဦး။

-Ads-
-Ads-

ဖြေ – တွန်းအားဆိုတဲ့ သီချင်းရဲ့အဓိပ္ပာယ်က လူတစ်ယောက်က ဘာအလုပ်ပဲလုပ်လုပ် တွန်းအားရှိရမယ်။ အဓိကကတော့ ကျွန်တော့်အဖေရဲ့တွန်းအားနဲ့ ပရိသတ်တွေရဲ့တွန်းအားကြောင့် ဒီအခွေလေးထုတ်ဖြစ်တာပါ။

မေး – တွန်းအားသီချင်းခွေထဲမှာရော ဘယ်လိုသီချင်း ပုံစံတွေပါမလဲ။ သီချင်းကရော စုစုပေါင်း ဘယ်နှပုဒ်ပါမလဲ။

ဖြေ – ကျွန်တော်တစ်ယောက်တည်း ဆိုထားတာပါ။ သီချင်းက စုစုပေါင်း ခြောက်ပုဒ်ပါ။ သီချင်းပုံစံလေးတွေကတော့ ဒီဘက်ခေတ်နဲ့ လည်းလိုက်တယ်။ လူငယ်လေးတွေလည်း ကြိုက်မယ့်သီချင်းလေးတွေပါပါမယ်။ အခွေအတွက်ကတော့ မနှစ်ကမှစတာပါ။ ကျွန်တော်သီချင်းအဟောင်းတွေ ဆိုဖို့ စီစဉ်လိုက်သေးတယ်။ အဒေါ်က သီချင်းခွေထုတ်ပေးမယ်ဆိုပြီး ကျွန်တော်တို့ သီချင်းတွေ ရွေးရင်းနဲ့ နောက်ဆုံး ဒီသီချင်းလေးတွေပဲလုပ်မယ်ဆိုပြီး လုပ်ဖြစ်တာပါ။ တေးရေးတွေအနေနဲ့ကတော့ ဦးသောမတ်၊ ကိုရယ်ဂျီ၊ အောင်ကိုမြင့်၊ ဝေကြီး၊ ဒိုးပတ်နဲ့ ညီမင်းခိုင်တို့ပါ။ ကျွန်တော်ရေးထားတဲ့သီချင်း တွေတော့ မပါဘူး။

မေး – သီချင်းစုစုပေါင်းခြောက်ပုဒ်တည်းကို Mini Album အဖြစ်မထုတ်ဘဲ Audio CD အဖြစ်ထုတ်ဖြစ်တဲ့သဘောလား။

ဖြေ – သီချင်းခြောက်ပုဒ်တည်းကို ငြညင ဗူဘကာ မထုတ်ဘဲ ပုံမှန်အတိုင်းMini Album ထုတ်ဖြစ်တာကတော့ ဒီဘက်ခေတ်မှာ သူများတွေဆိုရင်လည်း အခွေမလုပ်သေးဘဲ တစ်လကို သီချင်း တစ်ပုဒ်လောက် ဖန်တီးတယ်။ အွန်လိုင်းမှာတင်တယ်။ နောက်မှ သီချင်းခွေထုတ်မယ်ဆိုပြီးလုပ်တာပေါ့နော်။ ကျွန်တော်ကတော့ အယ်လ်ဘမ်လည်းမထွက်တာကြာတော့ အယ်လ်ဘမ်တစ်ခုလည်း ထွက်ချင်တဲ့အတွက် တစ်ပုဒ်ချင်း အွန်လိုင်းတင်တာထက်စာရင် အခွေလေးလုပ်တာက ပိုကောင်းမယ်ဆိုပြီး လုပ်ဖြစ်သွားတာပါ။

မေး – Audio CD အဖြစ် အခွေထုတ်တယ်ဆိုတော့ သီချင်းနည်း တယ်လို့ရော မထင်မိဘူးလား။

ဖြေ – သီချင်းနည်းတယ်လို့တော့ မထင်ပါဘူး။ အယ်လ်ဘမ်တစ်ခုလုံး နားထောင်ဖို့ထက်စာရင် အခုနောက်ပိုင်းသီချင်းတွေကလည်း နည်းလာပြီ။ သီချင်းတွေကလည်း ရှားလာပြီလေ။ ဒါကြောင့်အကောင်းဆုံးမတူ အောင်၊ မထပ်အောင်၊ နားထဲဝင်အောင် ကြိုးစားပြီးတော့ သီချင်းခြောက်ပုဒ်နဲ့ပဲ သီချင်းခွေထုတ်ဖြစ်လိုက်ပါတယ်။

မေး – တတိယမြောက်အယ်လ်ဘမ်အခွေမှာရော ပရိသတ်ကြိုက်နှစ် သက်မယ်လို့ထင်တဲ့သီချင်းက ဘယ်လိုမျိုးပါဦးမလဲ။

ဖြေ – အမှတ်တရဖြစ်စေမယ့်သီချင်းဆိုရင်တော့ သီချင်း Title ဖြစ်တဲ့ တွန်းအားဆိုတဲ့ သီချင်းပါ။ ကျွန်တော်က အချစ်သီချင်းတွေ၊ အသည်းကွဲသီချင်းတွေဆိုတာများတော့ ပရိသတ်တွေအတွက် ခွန်အားလည်း ဖြစ်စေအောင်လို့ လုပ်ပေးထားပါတယ်။ နောက်ပြီးတော့ ကိုဝေကြီးရေးပေးထားတဲ့သီချင်းကိုလည်း MTV ရိုက်ပြီးသွားပြီ။ အဲဒါလေးကိုတော့ မကြာခင် အွန်လိုင်းမှာတင်သွားပါမယ်။ အဲဒီသီချင်းပုံစံလေးကတော့ Story ပုံစံလေးကို စိတ်ကူးယဉ်ပြီး ဆိုထားတယ်။ ကောင်မလေးက သူ့ကိုပစ်မထားသွားခင် ပုံစံလေးပေါ့။ သရုပ်ဆောင်ခင်သဇင်နဲ့ တွဲရိုက်ထားပါတယ်။ ဒါရိုက်တာက ရဲမင်းသူပါ။

မေး – တတိယမြောက် တစ်ကိုယ်တော်အခွေကိုရော ပရိသတ်က ဘယ်လောက်အထိအားပေးမယ်လို့ မျှော်လင့်ထားလဲ။

ဖြေ – အဲဒီလိုကြီးတော့ မမျှော်လင့်ပါဘူး။ ရှေ့မှာထွက်ခဲ့တဲ့ သီချင်းခွေနှစ်ခွေစလုံးကိုလည်း ကျွန်တော်အကောင်းဆုံးကြိုးစားပြီး သီဆိုခဲ့တယ်။ ပရိသတ်ကို ချပြတယ်ပေါ့နော်။ ဒါပေမဲ့ဒုတိယ အခွေမှာတော့ ပရိသတ်ရဲ့ခံစားချက်နဲ့ ကျွန်တော့်ရဲ့သီချင်းပုံစံလေးတွေ ထပ်တူမကျဘူးဖြစ်သွားတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်ရဲ့ တတိယမြောက်အယ်လ်ဘမ်ကိုတော့ ပရိသတ်နဲ့ ထပ်တူကျအောင် ပိုပြီးကြိုးစားထားပါတယ်။

မေး – ဒါဆို ပရိသတ်က သီချင်းပုံစံအသစ်တွေနဲ့ ဉာဏ်လင်းအောင် အဖြစ် မြင်ရမှာလား။

ဖြေ – နောက်တစ်ယောက်အနေနဲ့တော့ မဟုတ်ပေမယ့် ပရိသတ်က ကျွန်တော့်ကို ရင့်ကျက်သွားတဲ့ ပုံစံမျိုးမြင်တွေ့ရမယ်။ အချစ်သီချင်းတွေ အသည်းကွဲ သီချင်းတွေဆိုနေကျသူက အခုလိုခွန်အားဖြစ်စေမယ့် သီချင်းလေးတွေဆိုတော့ ပရိသတ်တွေအတွက်လည်း အထူးအဆန်း ဖြစ်သလို ကျွန်တော့်အတွက်လည်း အမှတ်တရပါပဲ။

မေး – သီချင်းခွေတွေ မထွက်ဖြစ်တဲ့ကာလမှာရော တခြားဘာတွေလုပ်ဖြစ်နေလဲ။

ဖြေ – ကြားထဲမှာတော့ နယ်ပွဲတွေဆိုတယ်။ နောက်ပြီး ကျွန်တော့်ကို ရုပ်ရှင်ရိုက်ဖို့ လာကမ်းလှမ်းကြပါတယ်။ ဒါပေမဲ့ ကျွန်တော်မရိုက်ဖြစ်ဘူး။ ပထမတော့ ရုပ်ရှင်ရိုက်ဖို့လာချိတ်တယ်။ ၁၀ ကားဆို ၁၀ ကားပေါ့နော်။ ဒါပေမဲ့ ကျွန်တော်က ကိုယ်မကျွမ်းကျင်တဲ့အရာ၊ မကျွမ်းကျင်တဲ့အပိုင်းကို စိတ်နှစ်ပြီးမလုပ်ချင်ဘူး။ မပြည့်ဝတဲ့ဝမ်းစာတစ်ခုကို ပရိသတ်ကို ချမပြချင်ဘူးလေ။ ကျွန်တော်ကိုယ်တိုင်ကလည်း ဂီတဘက်မှာပဲ ရပ်တည်သွားမှာပါ။

မေး – တတိယမြောက်တစ်ကိုယ်တော်အခွေဖြစ်တဲ့ တွန်းအားအခွေကိုရောဘယ်နေ့လောက်မှာဖြန့်ချိသွားမလဲ။

ဖြေ – တွန်းအားသီချင်းခွေကို ကျွန်တော့်အဖေမွေးနေ့ဖြစ်တဲ့ ဇူလိုင် ၂၁ ရက်မှာထွက်ပါမယ်။ ဇူလိုင် ၂၂ ရက်မှာတော့လှည်းတန်းစင်တာမှာ ညနေ ၃ နာရီကစပြီး ပရိုမိုးရှင်းပွဲလုပ်ပါမယ်။ တခြားအဆိုတော် တွေလည်းပါမယ်။

မေး – အဖေ့မွေးနေ့အမှတ်တရ သီချင်းခွေထွက်မယ်ဆိုတော့ အဖေ့ကိုရော ဘာများပြောချင်သေးလဲ။

ဖြေ – ကျွန်တော်ဒီအခြေအနေ၊ ဒီနေရာရောက်ပြီး အယ်လ်ဘမ် အခွေတွေ ထွက်နေနိုင်တာက ကျွန်တော့်အဖေရဲ့ ကျေးဇူးတွေပါ။ကျွန်တော့်အဖေရဲ့ တွန်းအားတွေ ကြောင့်ပါ။ အဖေ့ရဲ့ကျေးဇူးတွေက ကျွန်တော့် အပေါ်မှာအများကြီးပါ။ အဲဒါကြောင့် အဖေ့ကိုကျေးဇူး အများကြီးတင်ပါတယ်လို့။

မေး – အချစ်ရေးကရော အေးဆေးပဲလား။ သီချင်းနဲ့ပတ်သက်ပြီး တော့ရော လက်တွဲဖော်ကအကြံဉာဏ်တွေပေးလား။

ဖြေ – အချစ်ရေးကတော့ အေးဆေးပါပဲ။ သုံးနှစ်ရှိပြီ။ သူက ကျွန်တော်နဲ့လည်း အသက်ကွာတဲ့ လူငယ်တစ်ယောက် ဆိုတော့ သူ့ကို ကျွန်တော့်သီချင်းတွေ ပေးနားထောင်တယ်။ လူငယ်တွေနားထောင် တဲ့ပုံစံလေးတွေကို သူ့ဆီကတစ်ဆင့် အကြံဉာဏ်တွေလည်းရပါတယ်။ ညှိယူရတာတွေလည်း ရှိပါတယ်။

မေး – ပရိသတ်ကိုရော ဘာများပြောချင်သေးလဲ။

ဖြေ – ကျွန်တော့်ရဲ့တတိယမြောက်အယ်လ်ဘမ်ကို ဒီအချိန်ထိ စောင့်ပေးကြတဲ့၊ အားပေးကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်လို့။ အခုတွန်းအားအခွေလေးကိုလည်း အားပေးကြပါဦး လို့။ ဇူလိုင် ၂၂ရက်ကျရင်လည်း လှည်းတန်းစင်တာမှာ ကျွန်တော်တို့အားလုံးဆုံကြပါမယ်လို့။

-Ads-
-Ads-