ပဲခူးမြို့ရှိရေဘေးကယ်ဆယ်ရေးစခန်း၌ ရောက်ရှိနေသော ရေဘေးသင့်ပြည်သူ ၄၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး ယင်းအနက်မှ ထက်ဝက်ခန့်မှာ ပဲခူးဆေးရုံကြီးသို့တက်ရောက်၍ ဆေးကုသမှု ခံယူနေရကြောင်း ဆေးရုံတာဝန်ရှိသူထံမှ သိရသည်။
ပဲခူးမြို့ ကလျာဏီရေဘေးကယ်ဆယ်ရေးစခန်းတွင်ရောက်ရှိနေသော ဒေသခံများမှာ ဇူလိုင် ၂၉ ရက် နံနက်ပိုင်း၌ အလှူရှင်များကျွေးမွေးသော ကြက်ဥ၊ ဘဲဥဟင်းများကိုစားသုံးပြီး နေ့လယ်ပိုင်းတွင် လာလှူသော ရေခဲချောင်း(နို့စတော်ဘယ်ရီ) များကို စားသုံးခဲ့ကာ ညနေပိုင်းတွင် အော့အန်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းနှင့် အနီးဆုံးဖြစ်သည့် အာနန္ဒာဘုရားဝင်းအတွင်း ဖွင့်လှစ်ထားသောကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းသို့ အစာအဆိပ်သင့်သူ ၄၃ ဦး သွားရောက်ကုသခဲ့ရပြီး အခြေအနေဆိုးရွားသောလူကြီး ခြောက်ဦးနှင့် ကလေး ၁၅ ဦးတို့အား ပဲခူးဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ကြောင်း သိရသည်။
“အစာအဆိပ်သင့်လို့ တက်ရောက်ကုသနေတဲ့ လူနာတွေ ပြန်လည်သက်သာလာပါပြီ။
ကြားရတာကတော့အမျိုးမျိုးပဲ။
ဘာကြောင့်ဖြစ်ရတာလဲဆိုတာ ပြည်သူ့ကျန်းမာရေးက အဖြေရှာနေပါတယ်။
လတ်တလောသိရတာက ဘဲဥဟင်းနဲ့စားပြီး ရေခဲချောင်းထပ်စားတယ်လို့ ပြောတယ်။
အေးတဲ့ရာသီမှာ သမံတလင်းအအေးဓာတ်ရှိတဲ့နေရာမှာအိပ်နေတဲ့စားတဲ့အစားအစာကလည်း မတည့်တော့ အစာအဆိပ်ဖြစ်သွားတာပါ။
လာလှူတဲ့ အစားအစာတွေပေါ် တာဝန်ရှိသူတွေက စိစစ်သင့်တယ်။
ကလေးတွေပိုခံရတာပေါ့။
ဒီရာသီမှာ ရေကို ကြိုချက်သောက်တာတို့၊ပူပူနွေးနွေး အစားအစာစားပေးတာတို့ လုပ်သင့်တယ်” ဟုပဲခူးမြို့ ခုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံအုပ်ကြီးဒေါက်တာ ရန်နိုင်မောင်က ပြောဆိုသည်။