ခရီးသွားလုပ်ငန်းတိုးတက်အောင် အတွေးသစ်တွေနဲ့ လုပ်ဖို့လို ပြည်ထောင်စုသားအားလုံးအတွက် အကျိုးရှိအောင်စဉ်းစားစေချင်

ရန်ကုန်၊ သြဂုတ်-၃

ခရီသွားလုပ်ငန်းအား ပြည်ထောင်စုအတွင်း နေထိုင်သူအားလုံးအတွက် အကျိုးရှိအောင် စဉ်းစားလုပ်ဆောင်ရန်လိုအပ်သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သြဂုတ် ၃ ရက်တွင်ပြောကြားသည်။

အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၁/၂၀၁၈)အစည်းအဝေးကို သြဂုတ် ၃ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အဖွင့်အမှာစကားပြောကြားရာတွင်ယင်းသို့ တိုက်တွန်းပြော ကြားခဲ့ခြင်းဖြစ်သည်။

-Ads-
-Ads-

“ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စုပါ။ ပြည်ထောင်စုဆိုတာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ကျွန်မတို့ ပြည်ထောင်စုကြီး အကျိုးအတွက် ဘယ်တော့မှမမေ့ဘဲနဲ့ ဘာလုပ်ငန်းလုပ်လုပ် လုပ်စေချင်ပါ တယ်။ ခရီးသွားလုပ်ငန်းလည်း ဒီအတိုင်းပါပဲ။ ကျွန်မတို့ ပြည်ထောင်စုသူ၊ ပြည်ထောင်စုသား အားလုံးအတွက် အကျိုးရှိအောင် စဉ်းစားပြီးလုပ်စေချင်ပါတယ်။ ပြီးတော့ပြည်ထောင်စုသူ၊ ပြည်ထောင်စုသားအားလုံး ပိုမိုပြီးတော့ နီးစပ်လာအောင်၊ ညီညွတ်လာအောင်၊ ပိုမိုပြီးတော့ စည်းလုံးလာအောင် လုပ်ပေးမယ့်ပုံစံမျိုးလည်း ဖြစ်စေချင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြိုင်အဆိုင်လုပ်ပြီးတော့ စိတ်ဝမ်းကွဲတာမျိုး မဟုတ်ဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက်ပူးပေါင်းဆောင်ရွက်ပြီး ညီညွတ်လာတဲ့ ပုံစံမျိုးဖြစ်အောင်လုပ်ပေးစေချင်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်က “ခရီးသွားလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လုပ်တဲ့အခါမှာ ကျွန်မတို့ရဲ့ဒေသမှာ တခြားနိုင်ငံ တွေ ဘာလုပ်နေလဲဆိုတာ ကြည့်ဖို့လိုအပ်ပါ တယ်။ အရှေ့တောင်အာရှကိုသွားရင် မြန်မာကိုသွားရင် ကောင်းမလား၊ ထိုင်းကိုသွားရင် ကောင်းမလား၊ လာအိုသွားရင် ကောင်းမလား၊ ကမ္ဘောဒီးယားသွားရင် ကောင်းမလား စဉ်းစားကြလိမ့်မယ်။ ဒီနိုင်ငံတွေက ယဉ်ကျေးမှုအရ၊ သဘာဝရေမြေ အနေအထားအရ ဆင်တူယိုးမှားဆိုတော့ ဘယ်နေရာသွားရင် ကောင်းမလဲဆိုပြီး စဉ်းစားတာရှိတယ်။ တချို့ကလည်း အဲဒီနေရာတွေ အားလုံးကို Package Tour အနေနဲ့သွားတယ်။ ဒါတွေလည်း ကျွန်မတို့ ထည့်ပြီးတော့ တွက်ဖို့လိုပါတယ်။ ကျွန်မတို့ရဲ့ ကမ္ဘာလှည့်ခရီး သွားလုပ်ငန်းတိုးတက်အောင် လုပ်ဖို့ဆိုတာ နောက်ဆုံးကျတော့ အဓိကလိုအပ်ချက်က အတွေးသစ်တွေနဲ့ လုပ်ဖို့လိုပါတယ်။ အဲဒီအတွေးကို အကောင်အထည်ဖော်နိုင် ရမယ်။ ပထမအတွေးသစ်တွေ ရအောင်စဉ်းစားကြပါ။ ဒီအတွေးသစ်တွေကို အကောင်းဆုံးနည်းနဲ့ အကောင်အထည်ဖော်တဲ့အခါမှာ နိုင်ငံရဲ့ ရေရှည်အကျိုးကို ကြည့်ပြီးတော့ လုပ်ဆောင်ကြပါ”ဟု ပြောကြားသည်။

ယင်းအစည်းဝေးအခမ်းအနားတွင် အမျိုးသားခရီးသွား လုပ် ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက World Travel and Tourism Council ၏ ခန့်မှန်းချက်အရ ကမ္ဘာ့စီးပွားရေးတိုးတက်မှုသည် ၂၀၁၈ ခုနှစ်တွင် ဆက်လက်တည်ရှိနေဦးမည်ဟု ခန့်မှန်းထားသည့်အတွက် Travel and Tourism လုပ်ငန်းသည်လည်း ပုံမှန်တိုးတက် နေဦးမည်ဟုမျှော်မှန်းထား ကြကြောင်း၊ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် အနေ ဖြင့်လည်း ၂၀၂၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး ခရီးသွားလာသူပေါင်း ၁ ဒသမ၆ ဘီလီယံခန့်ရှိလာပြီး ၎င်းတို့အနက်အရှေ့တောင်အာရှ နိုင်ငံများသို့ ၁၂၃ သန်းခန့် လာရောက်မည်ဟု ခန့်မှန်းထားသည့်အတွက် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အလားအလာသည်အကောင်းဘက် သို့ ဦးတည်နေသည်ဟု ယူဆရကြောင်း၊ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေ အနှစ်များ၊ တောတောင်ရေမြေ သဘာဝ အလှအပများ၊ တိုင်းရင်းသားများ၏ ရိုးရာဓလေ့များနှင့် အစားအစာများ၊ လည်ပတ်စရာများ၊ ဆွဲဆောင်မှုများသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အတွက် အရည်အသွေးရှိသည့် ခရီးစဉ်ဒေသ၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ခရီးစဉ်ဒေသဖြစ်ရန် လိုကြောင်း၊ ခရီးသွား ဧည့်သည်များ၏ သဘောထား အကြံပြုချက်များကိုအထူးဂရုပြုပြီး လိုအပ်ချက်များ၊ အားနည်းချက်များကို ပြုပြင်ဖြည့်ဆည်း ဆောင်ရွက်သွားမည်ဆိုပါ က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် များစွာအထောက် အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် ခရီးလုပ်ငန်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း ပါဝင်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည် ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယ၀န်ကြီးများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းတို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

-Ads-
-Ads-