သထုံမြို့နယ်တွင် ရေကြီးမှုကြောင့် ပြည်သူတစ်သောင်းခွဲခန့် စားသောက်ကုန်နှင့်ဆေးဝါးများ အရေးပေါ်လိုအပ်နေဟုဆို

ရန်ကုန်၊ ဩဂုတ်-၃

မွန်ပြည်နယ် သထုံမြို့နယ်တွင် ရေကြီးမှုများဖြစ်ပေါ်နေပြီး ကျေးရွာ ၃၀ ခန့်ရှိ ရေဘေးရှောင်ပြည်သူ ၁၅၀၀၀ မှာ အခြေခံစားသောက်ကုန် ဆန်၊ ရေသန့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးများအရေးပေါ် လိုအပ်နေကြောင်း သထုံမြို့နယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူကဩဂုတ် ၃ ရက်တွင် စံတော်ချိန်သို့ ပြောဆိုသည်။

“အခုလက်ရှိမှာတော့ မြို့ပေါ် ကတာဝန်ရှိသူတွေအပါအဝင်လူ့ အဖွဲ့အစည်းတွေနဲ့တော့နိုင်သလောက် သွားရောက်ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနေပါတယ်။ လိုအပ်ချက်ကတော့အများကြီးရှိပါ တယ်။ အဓိကလိုအပ်တာကတော့ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါး၊ စားသောက်ဖို့အတွက် ဆန်နဲ့ ရေသန့်တွေ လိုအပ်ပါတယ်” ဟု သထုံမြို့နယ် အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောဆိုသည်။

သထုံမြို့နယ်တွင် ရပ်ကွက်ပေါင်းငါးရပ်ကွက်နှင့် ကျေးရွာပေါင်း၂၉၇ ရွာရှိပြီး လက်ရှိရေကြီးမှု ဖြစ်ပေါ်နေသည်မှာ ကျေးရွာပေါင်း ၃၀ ခန့်မှ လူဦးရေ ၁၅၀၀၀ ခန့်ရှိကြောင်း၊အဆိုပါကျေးရွာများသို့ ရေလမ်းတစ်ခုတည်းဖြင့်သာ သွားလာနိုင်ပြီး ကုန်းလမ်းခရီးဖြင့် သွားလာမှုမှာ ပြတ်တောက်နေကြောင်း သိရသည်။

အဆိုပါရေဘေးသင့်ပြည်သူများအားကူညီထောက်ပံ့နိုင်ရန်အတွက် သထုံမြို့နယ်ရှိခရိုင်မီးသတ်ရုံးတွင် ကူညီကယ်ဆယ်ရေးကွပ်ကဲမှုရုံး ဖွင့်လှစ်ထားကာ ရေဘေးသင့်ကျေးရွာများရှိ ရပ်/ကျေးအုပ်ချုပ်ရေးပိုင်းများနှင့်ဆက်သွယ်ကာ စာရင်းများအား ကောက်ခံလျက်ရှိပြီး အဆိုပါ ကျေးရွာများအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများအား ပို့ဆောင်ပေးလျက်ရှိကြောင်း ၎င်းကပြောဆိုသည်။

“ရေကြီးမှုဖြစ်တဲ့ ရွာပေါင်း ၃၀ ကျော်ရှိတယ်။ ရေဘေးသင့်ပြည်သူကတော့ ၁၅၀၀၀ကျော်လောက်ရှိတယ်။ ရေဘေးရှောင်စခန်းနှစ်ခု ဖွင့်ပေးထားရတယ်။ရေဘေးရှောင်စခန်းမှာ ပြောင်းရွှေ့နေထိုင်တဲ့ သူတွေကတော့ ၁၀၀၀ ကျော်လောက်ရှိတယ်။ ကျန်တဲ့သူတွေကတော့သူတို့ရဲ့ အိမ်အပေါ်ထပ်မှာပဲ နေကြတယ်။ ချက်ပြုတ်စားလို့လည်း မရဘူး။ ကွပ်ကဲမှုရုံးကနေ ထမင်းချက် ပြီး တစ်ရက်စာ ဆီ၊ ထမင်းထုပ်တွေလိုက်ဝေပေး နေရတယ်။ အဓိက လိုအပ်တာကတော့ ရေသန့်ဖြစ်ပါတယ်” ဟု သထုံမြို့နယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်ခိုင်လဲ့က ပြောဆိုသည်။

အဆိုပါ ရေဘေးသင့်ကျေးရွာများသို့ သြဂုတ် ၃ ရက် ညနေပိုင်းတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကိုယ်တိုင်သွားရောက်ကာအသက်ကယ်အင်္ကျီ၊ လှေ၊ ရေသန့်ဆေးပြား၊ ရေပြန်ကျပါက ရေတွင်းများမှ ရေကိုစုပ်ထုတ်ရန်အတွက် ရေစုပ်စက် ငါးလုံးနှင့် ငွေကြေးများပါထောက်ပံ့ခဲ့ကြောင်း သိရသည်။