သရုပ်ဆောင် အလင်းရောင်နှင့် တွေ့ဆုံခြင်း

ရုံတင်ပြသခဲ့ပြီးဖြစ်သည့်ရွေကြာရုပ်ရှင်ဇာတ်ကားလက်ရှိရုံတင်ပြသနေသော(CO2)ကာဗွန်ဒိုင်အောက်ဆိုဒ်စသောရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့ကာ လက်ရှိတွင် ပရိသတ်အားပေးမှုကို လက်ခံရရှိထားသူမှာသရုပ်ဆောင်အလင်းရောင်ဖြစ်သည်။

၎င်းသည် ဩဂုတ် ၁၀ ရက်တွင် ရုံတင်ပြသမည့် ဣတ္ထိယရုပ်ရှင်ဇာတ်ကားတွင်အကယ်ဒမီစိုးမြတ်သူဇာ၊ အကယ်ဒမီခိုင်သင်းကြည်၊ အကယ်ဒမီဖွေးဖွေးတို့နှင်အတူ တွဲဖက်သရုပ်ဆောင်ထားသည်။

သရုပ်ဆောင်အလင်းရောင်နှင့်တွေ့ဆုံကာ ဣတ္ထိယရုပ်ရှင်ဇာတ်ကားတွင် ပါဝင်ရိုက်ကူးဖြစ်ပုံများ၊ ရိုက်ကွင်းအမှတ်တရများအား မေးမြန်းဖြစ်ခဲ့သည်မှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ရပါသည်။

မေး-ပထမဆုံးအနေနဲ့ ဣတ္ထိယ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ရိုက်ကူးဖြစ်ပုံလေးကိုလည်း ပြောပြပေးပါဦး။

ဖြေ-ဣတ္ထိယရုပ်ရှင်ဇာတ်ကားကို ရိုက်ဖြစ်တယ်ဆိုတာကလည်း ဦးဇော်အမျိုးသမီး အန်တီသီတာက အကူအညီတောင်းလို့ပါ။ ကူညီပေးပါဦးဆိုလို့ ရိုက်ဖြစ်တာပါ။

ကျွန်တော့်အတွက်တော့ ဣတ္ထိယရုပ်ရှင်ဇာတ်ကားကပထမဆုံးဟာသဇာတ်ကားလေးပါ။

နောက်ပြီးဝါရင့်သရုပ်ဆောင်တွေနဲ့အတူတူတွဲပြီး သရုပ်ဆောင်ဖြစ်တဲ့ဇာတ်ကားလေးဆိုတော့ လိုအပ်တာတွေရှိမှာကိုလည်း စိတ်ပူခဲ့ရတဲ့ဇာတ်ကားတစ်ကားပါ။

ဣတ္ထိယ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အလင်းရောင်ရဲ့ကာရိုက်တာကရော ဘာများဖြစ်မလဲ။

ဣတ္ထိယရုပ်ရှင်ဇာတ်ကားမှာ ကျွန်တော်က ဓားပြဗိုလ်ရဲ့သားတစ်ယောက်ပါ။ အဲဒါကိုမှ ဘုန်းကြီးကျောင်းသားအယောင်ဆောင်ပြီးနေတဲ့ အေးချမ်းကာရိုက်တာနဲ့ သရုပ်ဆောင်ထားပါတယ်။

မေး-အလင်းရောင်အတွက် ပထမဆုံးဟာသကားအဖြစ် ရိုက်ကူးထားတဲ့ဇာတ်ကားဆိုတော့ ရိုက်ကွင်းပေါ်ကအမှတ်တရတွေရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ-ကျွန်တော်တို့ ရိုက်ကွင်းမှာလည်း ပါးစပ်ကိုမပိတ်ရဘူး။ ရယ်နေရတာ။

ဒါရိုက်တာဦးဇော်ကလည်း ပျော်ပျော်နေတတ်တဲ့သူတစ်ယောက်ပါ။

ပျော်ပျော်နေတတ်တဲ့သူဆိုတော့ ရိုက်ကွင်းမှာဆိုရင် ဆင်းန်တစ်ခုတည်တာနဲ့မကြီးစိုး၊ မခိုင်၊ မဖွေးတို့ရော အားလုံးက ရယ်နေရတာပါပဲ။ ပျော်ပျော်ပါးပါးနဲ့ရိုက်ပြီး ပျော်ပျော်ပါးပါးနဲ့ ဇာတ်သိမ်းခဲ့တဲ့ဇာတ်ကားလေးတစ်ကားပါ။

အမှတ်တရတွေလည်းအများကြီးရှိပါတယ်။

ရွှံ့တွေအရမ်းထူတဲ့နေရာတွေဖြစ်တဲ့ ဓားပြစခန်းမှာ သွားရိုက်ရတာမျိုး၊ နောက်ပြီး မြင်းစီးတဲ့အခန်းတွေ ရိုက်ရတာတွေက ကျွန်တော့်အတွက် အမှတ်တရတွေပါပဲ။

မေး-အခု ဣတ္ထိယရုပ်ရှင်ဇာတ်ကားကို ကိုယ်တိုင်ပြန်ကြည့်တဲ့အချိန်မှာရော ကိုယ့်ရဲ့သရုပ်ဆောင်မှုပိုင်းနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်မိလဲ။

ဖြေ-ကျွန်တော်အခု ဣတ္ထိယရုပ်ရှင်ဇာတ်ကား ထွေလာတက်တဲ့အချိန်မှာလည်း ကျွန်တော်ကြည့်ဖြစ်တယ်။ ကျွန်တော့်ရဲ့ အိုက်တင်လေးတွေက မကြီးစိုး၊ မခိုင်၊ ဖွေးတို့ထက်စာရင်တော့ ကျွန်တော့်အတွက် ပထမဆုံး ဟာသကားလည်းဖြစ်နေတော့ နည်းနည်းငြိမ်နေတာတွေ၊ နည်းနည်းလိုနေတာတွေ တွေ့ရတယ်။

အဲဒါကြောင့် ကျွန်တော်နောက်ပိုင်း ဟာသကားတွေရိုက်တဲ့အခါ ဟာသပိုင်းဆိုင်ရာမှာအကောင်းဆုံးကြိုးစားသွားမှာပါ။

အခုလောလောဆယ်တော့ ကျွန်တော့်ရဲ့ပထမဆုံး ဟာသကားလေးကို ကြည့်ပြီးဝေဖန်ပေးပါဦးလို့ပြောချင်ပါတယ်။

မေး-ထူးထူးခြားခြား မိန်းမကာရိုက်တာနဲ့ ရိုက်ထားတာလည်း တွေ့ရတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ရော အမှတ်တရတွေရှိခဲ့လား။

ဖြေ-ပုံမှန်ဆိုရင်တော့ ကျွန်တော်အစကတည်းက မသိဘူးပေါ့နော်။ မိန်းကလေးလိုဝတ်ရမယ်ဆိုတာလည်း မသိဘူး။ နောက်တော့မှစင်သီယာမိန်းကလေးလို ပုံစံဝတ်ရမယ်ဆိုတာနဲ့ ဝတ်ဖြစ်သွားတာပါ။ ကျွန်တော့်ရဲ့ ကာရိုက်တာအရလည်း အရမ်းပြင်ပြီး နုနုနယ်နယ်ကာရိုက်တာမျိုး မလုပ်ချင်တာရယ်ကြောင့် မုတ်ဆိတ်မရိတ်ဘဲ နှုတ်ခမ်းနီနည်းနည်းဆိုးတော်ရုံလောက်ပဲပြင်ပြီး သရုပ်ဆောင်ဖြစ်တာပါ။

ပြီးတော့ ဒါကလည်း ကာရိုက်တာအရ ကျွန်တော်က မိန်းကလေးပုံစံသရုပ်ဆောင်ရတာလည်း မဟုတ်ဘူး။

ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းအရ ဘုရားပွဲအတွက် ခဏ ကပြဖို့ မိန်းကလေးပုံစံဝတ်လိုက်ရတာပါ။ ပရိသတ်လာကြည့်ရင်တော့ သိမှာပါ။

မေး-ဣတ္ထိယ ရုပ်ရှင်ဇာတ်ကား ရုံတင်တဲ့အခါလာကြည့်ဖို့အတွက် ပရိသတ်ကို ဖိတ်ခေါ်ပေးပါဦး။

ဖြေ-ဣတ္ထိယ ရုပ်ရှင်ဇာတ်ကားမှာ ကျွန်တော့်ရဲ့ကာရိုက်တာပိုင်းနဲ့ပတ်သက်ပြီး အမှန်အတိုင်းဝန်ခံရရင် အိုက်တင်တွေလိုနေပါသေးတယ်။

အဲဒါကြောင့် ကျွန်တော့်ကို သည်းခံပြီးတော့အားပေးကြပါလို့။

နောက်ထပ်ရိုက်မယ့် ဟာသကားတွေမှာလည်း ကျွန်တော်အကောင်းဆုံး သရုပ်ဆောင်သွားပါမယ်လို့ ပြောချင်ပါတယ်။ ဒီဇာတ်ကားလေးရုံတင်ရင် လာပြီးအားပေးကြပါ။

ဟာသကားမှာ ကျွန်တော့်ရဲ့ အိုက်တင်တွေက မပီပြင်ပေမယ့် မကြီးစိုး၊ မခိုင်နဲ့ မဖွေးတို့အားလုံးက အရမ်းရယ်ရပြီး ပရိသတ်တွေအတွက် ပျော်ရွှင်စရာကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်မှာပါ။