တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်တက္ကသိုလ်ဝင်ခွင့်ရစာရင်းများနိုဝင်ဘာ ၁၅ ရက် ကြေညာမည်

ရန်ကုန်၊ ဩဂုတ်-၁၁

၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့ကဆောင်ရွက်သည့်စာရင်းများကို နိုဝင်ဘာ ၁၅ ရက်တွင် ကြေညာသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

“တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့ကဆောင်ရွက်တဲ့ တက္ကသိုလ်ဝင်ခွင့်ရစာရင်းတွေကို ခါတိုင်းနှစ်တွေလိုပဲ နိုဝင်ဘာ ၁၅ ရက်မှာ ကြေညာမှာပါ။

ဝက်ဘ်ဆိုက်တင်မယ်။ ဝင်ခွင့်ရတဲ့တက္ကသိုလ်မှာလည်း ကပ်မယ်။

ပညာရေးဝန်ကြီးဌာန http://www.moe.gov.mm/ ဝက်ဘ်ဆိုက်မှာလည်း ကြေညာပေးမယ်။

စာတိုက်ကလည်း ကြေညာမယ်။

ဒါပေမဲ့ အဲဒါကို စောင့်ရင်တော့နောက်ကျမယ်ပေါ့။

ကိုယ်လျှောက်တဲ့တက္ကသိုလ်မှာ သွားကြည့်ရင်ရပြီ။

နိုဝင်ဘာ၁၅ ရက်နောက်ပိုင်းဆိုကြည့်လို့ရပြီ။

တက္ကသိုလ်ဝင်ခွင့်ကိုသီးသန့်ခေါ်တဲ့တ္ကသိုလ်ကျောင်း၁၁ ခုက အရင်ကြေညာမှာပေါ့။

သူတို့က အမှတ်ကန့်သတ်တာကိုး။ အဲဒါပြီးတော့ဒီဘက်က တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့က ကြေညာမှာပေါ့”ဟုအဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောဆိုသည်။

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့သို့ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန်အတွက် ဇွန် ၂၆ရက်မှစတင်ကာ မြစ်ကြီးနားတက္ကသိုလ်၊ လွိုင်ကော်တက္ကသိုလ်၊ ဘားအံတက္ကသိုလ်၊ဟာခါးတက္ကသိုလ်၊မုံရွာတက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်၊ထားဝယ်တက္ကသိုလ်တောင်ငူတက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ စစ်တွေတ္ကသိုလ်၊တောင်ကုတ်ဒီဂရီကောလိပ်၊ရန်ကုန်အဝေးသင်တက္ကသိုလ်၊တောင်ကြီးတက္ကသိုလ်၊ လားရှိုးတက္ကသိုလ်၊ ကျိုင်းတုံတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်နှင့် ဟင်္သာတတက္ကသိုလ် စသည့် တက္ကသိုလ် ၂၃ ခုတွင် လျှောက်လွှာများ လက်ခံခဲ့ခြင်းဖြစ်သည်။