မိမိကစားဟန်ကို နှစ်လအတွင်းချယ်လ်ဆီး အသားကျနိုင်ဦးမည်မဟုတ်ဟု ဆာရီဆို

ချယ်လ်ဆီးနည်းပြသစ်ဆာရီက မိမိ၏ကစားဟန်ကို ချယ်လ်ဆီးအသင်း ရာသီအစပိုင်းပွဲစဉ်များတွင် အသားကျနိုင်ရန် မဖြစ်နိုင်သေးဘဲ နှစ်လကျော်မှသာ အသားသေသွားလိမ့်မည်ဖြစ်၍ ပရိသတ်များကြိုသိရှိထားစေချင်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့သည်။ ဆာရီသည် ယခုနွေဈေးကွက်တွင် ဂိုးသမား ကော်တွိုက်စ်ကို ရီးရဲလ်အသင်းထံရောင်းထုတ်လိုက်ရခြင်းကြောင့် ဘီလ်ဘာအို ဂိုးသမား ကီပါအရစ်ဇာဘလာဂါကို ဂိုးသမားများအနက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးပေါင် ၇၂ သန်းဖြင့်ဝယ်ယူခဲ့သော်လည်း ၎င်းသည် ချက်ချင်းဆိုသလို ကော်တွိုက်စ်လိုလက်စွမ်းမျိုးရနိုင်လိမ့်မည်ဟုလည်း မမျှော်လင့်ထားရန် ဆာရီက အသိပေးပြောကြားခဲ့သည်။

ဆာရီက ‘ဒုတိယရာသီဝက်မှာတော့ အသင်းက အရမ်းကောင်းပြီး အမှတ်တွေလည်း အများကြီးရယူနိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ရာသီအစ ပိုင်းမှာတော့ ပြဿနာတချို့နဲ့ရင်ဆိုင်ရမယ်လို့ မျှော်လင့်ထားတယ်။ သေချာတာကတော့ လက်ရှိကျွန်တော်တို့အသင်းဟာ အကောင်းဆုံးပုံစံမှာ မရှိသေး ဘူးဆိုတာပဲ။ ရာသီကြိုကာလကလည်း ဘာမှထူးခြားပြီး မပြင်ဆင်နိုင်ခဲ့ဘူး။ မနှစ်က ချယ်လ်ဆီးအသင်းရဲ့ အဓိကပြဿနာက ဂိုးတွေသိပ်မရနိုင်ခဲ့တာပဲ။ ရာသီကြိုကာလ မှာလည်း ဂိုးတွေလှိုင်လှိုင်မသွင်းနိုင်ခဲ့ဘူး။ ငါးပွဲမှာ သုံးဂိုးပဲ သွင်းနိုင်ခဲ့တယ်။ ပင်နယ်တီကန်ရတဲ့ပွဲတွေ အပါအဝင်ပေါ့။နောက်ထပ် မြန်နှုန်း ပိုမြင့်တဲ့ကစားဟန်နဲ့ ကစားနိုင်ဖို့လိုနေတယ်။ နှစ်လကျော်လောက်မှ အဆင် ပြေနိုင်မယ်’ဟု ပြောသွားခဲ့သည်။