Myanmar Idol Season 3 Winner ဆုရှင် ဖြိုးမြတ်အောင်နှင့်တွေ့ဆုံခြင်း

‘ကျွန်တော့်ကို စကားလုံးနဲ့ ဝေဖန်တိုက်ခိုက်တာတွေအားလုံးကို ကျွန်တော်ခံနိုင်ရည် ရှိပြီးသားပါ’

ယခုအခါတွင် ပရိသတ်အားပေးမှုများစွာဖြင့် ကျင်းပပြီးစီးခဲ့သည့် Myanmar Idol Season 3
ပြိုင်ပွဲတွင် Winner ဆုရှင်အဖြစ် ပြိုင်ပွဲဝင် ဖြိုးမြတ်အောင်က ရရှိခဲ့သည်။ ဩဂုတ် ၁၁ ရက် ညပိုင်းက ပြုလုပ်ခဲ့သည့် Grandfinal ပြိုင်ပွဲကြီးအပြီးတွင် Winner ဆုရှင် ဖြိုး မြတ်အောင်၏ ဝမ်းသာပီတိစကားသံများ၊ ရှေ့ဆက်လျှောက် လှမ်းမည့် အနုပညာလမ်းကြောင်းများ၊ ပြိုင်ပွဲတစ်လျှောက် အခက်အခဲများ၊ ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့သည့်အပေါ် ၎င်း၏ပြောကြားချက်များအကြောင်း မီဒီယာများ၏ စုပေါင်းတွေ့ဆုံမေးမြန်းမှုမှ ဖြေကြားချက်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်-

မေး။ ကျွန်တော့်ကိုပထမဆုံးအနေနဲ့ Myanmar Idol Winner ဆု ရရှိတဲ့အပေါ် ခံစားချက်လေးပြောပြပေးပါဦး။

-Ads-
-Ads-

ဖြေ။ ကျွန်တော်အရမ်းပျော်ပါတယ်။ ကျွန်တော့်ကိုအားပေးကြတဲ့ မြန်မာတစ်နိုင်ငံလုံးက မိသားစုဝင်တွေအားလုံးကို ကျေးဇူး တင်ပါတယ်။ ဧရာဝတီတစ်တိုင်းလုံးက မိသားစုဝင်တွေရော အားလုံးအားပေးကြလို့သာ ကျွန်တော်ဒီနေရာ ဒီဆုကိုရခဲ့တာပါ။ ပြည်တွင်း၊ ပြည်ပက အားပေးကြတဲ့ပရိသတ်တွေအားလုံးကိုလည်း ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ်။

မေး။ Winner ဆုကို မရခင်မှာလည်း လူမှုကွန်ရက်မှာရော ဝေဖန်မှုတွေအများကြီးရှိခဲ့တဲ့အပေါ် ဘာများပြောချင်မလဲ။

ဖြေ။ ကျွန်တော်ကတော့ ဘာပဲဖြစ်ဖြစ်ဝေဖန်မှုတွေကိုလျစ်လျူရှုပေးလိုက်တယ်။ အကောင်းမြင်ပေးလိုက်တယ်။ ဝေဖန်တဲ့ အရာတွေထဲကမှ ကျွန်တော်ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ဖြစ်တယ်။ အဲဒါတွေအားလုံးကတော့ ကျွန်တော့်ရဲ့အမြတ် ပေါ့။ ပြီးရင် တချို့ဝေဖန်မှုပြင်းထန်တဲ့အရာတွေကိုတော့ လျစ်လျူရှုလိုက်တာ များပါတယ်။

မေး။ Winner Song ဖြစ်တဲ့ သင့်အတွက်မနက်ဖြန်သီချင်းကိုရော ဘာကြောင့်ချမ်းမြေ့မောင်ချိုကို လက်ဆောင်ပေး လိုက်တာလဲ။

ဖြေ။ ဆုရတဲ့သီချင်းကို ဘာလို့ ညီမလေးချမ်းမြေ့မောင်ချိုကိုပေးဖြစ်လဲဆိုတော့ Myanmar Idol မှာ Winner ရတဲ့သူက Winner သီချင်းကို အပိုင်ရမှာဆိုတော့ ကျွန်တော်လည်း အစကညီမလေးလာပြိုင်မယ်ထင်ထားခဲ့တာပါ။ သူ့ကိုဆေးရုံ သွားမေးပြီး ပြန်လာတော့လည်း သူကဒီသီချင်းလေးကိုဆိုချင်တယ်ပြောတယ်။ ကျွန်တော်ကြား လိုက်တယ်။ အဲဒါနဲ့ပဲ ကျွန်တော် Winner ဖြစ်ခဲ့ရင် ဒီသီချင်းလေးကို ညီမလေးကိုလက်ဆောင်ပေးမယ်ဆိုပြီး စဉ်းစားထားတာပါ။ အခု Winner ဆုရရှိခဲ့တဲ့အတွက် သီချင်းကိုလက်ဆောင်အဖြစ်ပေးလိုက်တာပါ။ သူလည်း အရမ်းပျော်မှာလေ။ ဒီသီချင်းကို သူလည်းအရမ်းကြိုက်တယ်ပြောတယ်။

မေး။ Winner ရတဲ့သူကပဲ Winner Song ကိုဆိုခွင့်ရှိတာဆိုတော့ နောက်ပိုင်းရော ဖြိုးမြတ်အောင်က မဆိုတော့ ဘူးလား။

ဖြေ။ အဲဒီလိုတော့ မဟုတ်ပါဘူး။ ဒီသီချင်းကို ညီမလေးလည်းဆိုမယ်။ ကျွန်တော်လည်းဆိုမယ်။ သီချင်းက နှစ်ယောက်စလုံးနဲ့သက်ဆိုင်ပါတယ်။

မေး။ Myanmar Idol Season 3 ပြိုင်ပွဲမှာ ဒိုင်ပွဲရပ်နဲ့အနိုင်ရခဲ့တာဆိုတော့ ကိုယ့်အနေနဲ့ရော ဘယ်လိုခံစား ရလဲ။

ဖြေ။ ကျွန်တော်ကတော့ စိတ်ထဲမှာ ပြိုင်ဆိုင်နေတယ်လို့မသတ်မှတ်ဘဲ ကျွန်တော့်ကိုအားပေးနေတဲ့မိသားစုဝင် ပရိသတ်ကြီးအတွက် ကျွန်တော်တတ်စွမ်းသမျှ သီချင်းတွေချပြတဲ့သဘောပါပဲ။ သီချင်းဆိုခဲ့တဲ့ အဆင့်တိုင်း အဆင့်တိုင်း ဒီလိုပဲသီဆိုခဲ့တာပါ။

မေး။ ပြိုင်ပွဲမှာ Performance အနေနဲ့ မတင်ဇာမော်ကို နှင်းဆီပန်းပေးခဲ့တာကရော။

ဖြေ။ အဲဒါကတော့ ကျွန်တော့်ကို အကသင်ပေးတဲ့ ဆရာက သင်ပေးတာပါ။ Performance လည်းလုပ်ရမယ် ပြောတယ်။ သူတို့က ဆွဲခေါ်သွားမယ်ပေါ့။ ကျွန်တော့်ကို သီချင်းပေါ်မှာပဲခံစားပြီးတော့ ရယ်ပြုံးပြီးသရုပ်ဆောင်ပေါ့။ နောက်ပြီးတော့ ပန်းပေးရမယ်ပြောတယ်။ ကျွန်တော်လည်းအစကတော့ မလုပ်ရဲဘူး။ အရမ်းရှက်တာ လုံးဝ မလုပ်ရဲဘူး။ နောက်ဆုံးတော့ ဆရာ၊ ဆရာမတွေ အားလုံးသင်ပေးတဲ့အတွက် လုပ်ဖြစ်သွားတာပါ။

မေး။ Myanmar Idol Season 3 ပွဲစဉ်တစ်လျှောက် ကြုံတွေ့ခဲ့တဲ့အခက်အခဲတွေကရော ဘာများဖြစ်မလဲ။

ဖြေ။ အခက်အခဲကတော့ သီချင်းဆိုဖို့ မဲနှိုက်လိုက်တိုင်း အမြဲတမ်းနောက်ဆုံးကျတယ်။ ဘယ်လိုပဲနှိုက်နှိုက် ကျွန်တော့်ကံပေါ့နော်။ အဲဒီတော့ ကျွန်တော်က ဘယ်သီချင်းပဲလာလာ ကျတဲ့သီချင်းကို အတတ်နိုင်ဆုံး၊ အကောင်းဆုံးသီဆိုခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ ဆရာတို့၊ ဆရာမတို့ကလည်း အကောင်းဆုံးသင်ပြပေးပါတယ်။

မေး။ Grandfinal ပြိုင်ပွဲမှာ ကိုယ်နဲ့အတူတူသီဆိုယှဉ်ပြိုင်ခွင့်မရလိုက်တဲ့ ချမ်းမြေ့မောင်ချိုအတွက်ရော ဘာများပြော ချင်မလဲ။

ဖြေ။ စိတ်မကောင်းဘူး။ သူလည်း ဆိုချင်မှာပဲလေ။ နေမကောင်းတော့ မဆိုလိုက်ရဘူး။ အတတ်နိုင်ဆုံး သီဆိုချင်မှာပဲလေ။ ညီမလေးအတွက်လည်း တကယ်ပဲစိတ်မကောင်းပါဘူး။

မေး။ Winner ဆုလည်း ရသွားပြီဆိုတော့ ကိုယ့်အိပ်မက်ကို ဘယ်လို အကောင်အထည်ဖော်မလဲ။ ဘာတွေအရင် စလုပ်သွားမလဲ။

ဖြေ။ ကျွန်တော်လုပ်ချင်တာတွေကတော့ အများကြီးပါ။ အဲဒီအထဲကမှ ကျွန်တော် ဘုရားထီးတင်မယ်။ ကထိန်ခင်းမယ်။ နောက်ပြီး ကျောင်းဆောက်လှူဒါန်းဖို့လည်းရှိပါတယ်။ ပြီးရင် ပညာရေးနဲ့ပတ်သက်ပြီး လိုအပ်တဲ့ နေရာတွေကို သွားလှူမယ်။ လောလောဆယ်တော့ ဒါပဲရှိပါသေးတယ်။ အားလုံးကို ဖိတ်ပါတယ်။

မေး။ ရှေ့ဆက်လျှောက်မယ့် အနုပညာလမ်းကြောင်းမှာလည်း ဝေဖန်မှုတွေအများကြီးရှိလာဦးမှာဆိုတော့ ဝေဖန်မှု ကိုရော ခံနိုင်ရည်ရှိရဲ့လား။

ဖြေ။ ကျွန်တော် ဝေဖန်မှုတွေကိုခံနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် (၁၄)နှစ်သားလောက်ကတည်းက နယ်မှာ၊ ဇာတ်တွေ မှာရော သီချင်းတွေဆိုဖူးပါတယ်။ ဘယ်လောက်အထိတောင် ဆိုးလဲဆိုရင် တုတ်တွေနဲ့အပစ်ခံရတယ်။ ကျွန်တော့်ကို ပစ်တာတော့ မဟုတ်ပေမယ့် တစ်ရွာနဲ့တစ်ရွာအပြိုင်အဆိုင်တွေလုပ်တာပေါ့။ နောက်ပြီး ဓားနဲ့ခုတ်တာတွေတောင် ကြုံဖူးတယ်။ စကားလုံးနဲ့ဝေဖန်တိုက်ခိုက်တာတွေက တော့ ကျွန်တော် ခံနိုင်ရည်ရှိပြီးသားပါ။

မေး။ ရှေ့ဆက်ပြီးတော့ရော အနုပညာနဲ့ပတ်သက်ပြီး ဘာ တွေဆက်လုပ်သွားဖို့ရှိမလဲ။

ဖြေ။ လောလောဆယ်တော့ Myanmar Idol နဲ့ စာချုပ်ချုပ်ထားတာရှိတယ်လေ။ အဲဒါကိုဆက်ပြီး လုပ်သွားမယ်။ သီချင်းခွေထုတ်ပေးဖို့အတွက်လည်း ဆက်လုပ်သွားမယ်။ နောက်ပိုင်းမှာတော့ ပရိသတ်အတွက် ခွန်အားရစေမယ့်သီချင်းလေးတွေနဲ့ ပရိသတ် အတွက်ကျန်ခဲ့စေမယ့် သီချင်းလေးတွေ သီဆိုသွားပါမယ်။ ဆက်ပြီးတော့လည်း ဂီတလမ်းကြောင်းမှာ ရှိနေဦးမှာပါ။ ကျွန်တော်အရင်တုန်းကဆိုရင် ကိုလေးဖြူ၊ ကိုလင်းလင်းတို့ကို အရမ်းကြိုက်တယ်။ ကျွန်တော်လည်း တစ်နေ့အောင်မြင်သွားတဲ့နေ့ကျ ရင် သူတို့လိုပဲအများကြီးကြိုးစားသွားမယ်။ ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားသွားမှာပါ။ နောက်ပြီး တစ်ခု တောင်းပန်ချင်တာက ကျေးဇူးတင်စကားပြောဖို့ ကျန်ခဲ့တဲ့သူတွေရှိရင်၊ ကျွန်တော်စကားမှား ပြောတာတွေရှိခဲ့ရင် တောင်းပန်ပါတယ်။ ကျွန်တော် စိတ်လှုပ်ရှားနေလို့ပါ။ နောက်တက်လာမယ့် ညီငယ်၊ ညီမငယ်တွေကိုလည်း ပြောချင်တာက ကိုယ် ဖြစ်ချင်တဲ့အရာကို ဖြစ်အောင်လုပ်ပါ လို့လည်း ပြောချင်ပါတယ်။ အရာရာ ကိုလည်း ရည်မှန်းချက်၊ ရည်ရွယ်ချက်ထားပြီး လုပ်ပါလို့။

-Ads-
-Ads-