တေးသံရှင်ဖော်ကာ(Wanted Band) နှင့်တွေ့ဆုံခြင်း

ရော့ခ်သီချင်းများကို ပိုင်နိုင်စွာသီဆိုပြီး လူငယ်ပရိသတ်များ၏ အားပေးမှုကိုရရှိခဲ့သူက တေးသံရှင်ဖော်ကာဖြစ်သည်။

တေးသံရှင်ဖော်ကာပါဝင်သည့်Wanted Band အဖွဲ့ကလည်း အောင်မြင်နေသော ရော့ခ်Band တစ်ခုဖြစ်သည်။

တေးသံရှင်ဖော်ကာ (Wanted Band) အနေဖြင့် ဩဂုတ် ၁၈ ရက်ကလည်း ၎င်း၏စတုတ္ထမြောက်အယ်လ်ဘမ်ဖြစ်သည့်စိတ်နဲ့လူ အယ်လ်ဘမ်ကို ဖြန့်ချိလိုက်ပြီဖြစ်သည်။

-Ads-
-Ads-

တေးသံရှင်ဖော်ကာသည် ရောင်စဉ်၊ ငါ့ဂီတ ငါ့ဗီဇ၊ တစ်ယောက်တစ်နေရာ အစရှိသော တေးအယ်လ်ဘမ်သုံးခုကို ထွက်ရှိထားသူလည်းဖြစ်သည်။

သို့ဖြစ်၍ စတုတ္ထမြောက်အယ်လ်ဘမ်တွင် ပါဝင်သည့်သီချင်းအကြောင်းအရာများ၊ ပရိသတ်များနှင့်တွေ့ဆုံရန် စီစဉ်ထားမှုများကို မေးမြန်းဖြစ်ခဲ့သည်။

ထို့ပြင် မကြာသေးမီကသားဦးလေးပိုင်ဆိုင်ထားသည့် တေးသံရှင်ဖော်ကာအား ထပ်မံ၍သားဖြစ်သူနှင့်ပတ်သက်သော ခံစားချက်များ၊ သားဖြစ်သူအပေါ် မျှော်လင့်ထားပုံ စသည်ဖြင့် မေးမြန်းဖြစ်ခဲ့သည်များမှအချို့ ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး-ပထမဆုံးအနေနဲ့ စိတ်နဲ့လူသီချင်းခွေဖြစ်လာဖို့အတွက် ဘယ်ကတည်းက ပြင်ဆင်ခဲ့ရတာလဲ ပြောပေးပါဦး။

ဖြေ-တကယ်တီးတာကတော့ နှစ်လနီးနီးပါပဲ။ ပြင်ဆင်တာကတော့ ငါးနှစ်ပေါ့။

ကျွန်တော်အခွေမထွက်တာ ငါးနှစ်နီးပါးရှိပြီ။

ကျွန်တော့သီချင်းတွေအစထဲက ရှိတယ်။

ဒီထဲမှာပါတဲ့သီချင်းတွေက အရင်သီချင်းတွေလည်းပါတယ်။

နောက်ပြီးလတ်လတ်ဆတ်ဆတ်သီချင်းတွေလည်း အများကြီးပါပါတယ်။

မေး-စိတ်နဲ့လူသီချင်းခွေမှာရော သီချင်းဘယ်နှပုဒ်ပါလဲ၊ တေးရေးတွေကရော။

ဖြေ-သီချင်းကတော့အားလုံး၁၁ပုဒ်ပါ။

တေးရေးတွေကတော့ထုံးစံအတိုင်းဦးရှည်ကြီးပါတယ်။

ဦးရှည်ကြီးနဲ့ကျွန်တော် ရေးထားတဲ့သီချင်းတစ်ပုဒ်လည်း ပါပါတယ်။

နောက်ပြီး မန္တလေးက ကိုဇေသူတို့ ရေးပေးထားပါတယ်။

ဘ၀နဲ့ပိုနီးစပ်သွားတယ်။ အချစ်အကြောင်းတွေက သုံးပုဒ်လောက်ပဲပါမယ်။

ကျန်တာတွေကဒီလောကရဲ့ ဘ၀၊ အာဃာတအကြောင်းတွေပါမယ်။

မေး-စတုတ္ထမြောက်တေးအယ်လ်ဘမ်ဆိုတော့ အရင်ခွေနဲ့မတူအောင် ဘယ်လိုတွေပြင်ဆင်ထားလဲ။

ဖြေ-ပရိသတ်တွေနားထောင်ကြည့်ပြီး ဆုံးဖြတ်တာပဲ ပိုကောင်းမယ်ထင်ပါတယ်။

ကျွန်တော့်အတွက်ကတော့ နည်းနည်းထူးဆန်းတာပေါ့လေ။

ဘာလို့လဲဆိုတော့ အစွမ်းကုန်ကြိုးစားထားတယ်။ စတုတ္ထအခွေက ကျွန်တော့်အတွက်တော့အထူးခြားဆုံးအခွေတစ်ခွေပါပဲ။

အနည်းဆုံးတော့ရော့ခ်သီချင်းတွေနားထောင်နေတဲ့သူဆိုရင်တော့ တစ်ခွေလုံးနားထောင်ပြီးရင် ရင်ဘတ်တစ်ချက်လောက် တော့အောင့်လိမ့်မယ်။

မေး-အခွေမထွက်ခင်မှာပဲ သားလေးကိုပိုင်ဆိုင်ပြီး ဖခင်ဖြစ်သွားပြီဆိုတော့ သားသားအတွက် အမှတ်တရသီချင်းရောပါဦးမလား။

ဖြေ-အမှတ်တရတော့ မပါဘူး။

ဒါပေမဲ့တစ်ပုဒ်ကတော့၂၀၁၀လောက်ကရေးထားတဲ့သီချင်းတစ်ပုဒ်ဖြစ်တဲ့ဇာတ်ပို့သီချင်းကတော့ သားအတွက်ဆိုပြီးယူဆိုလို့ရတယ်။

ကလေးတစ်ယောက်ကို ပံ့ပိုးတဲ့အနေနဲ့လည်းယူဆိုလို့လည်းရတယ်။

အဲဒီသီချင်းကို ကျွန်တော်ရေးတဲ့အချိန်တုန်းကတော့စတူဒီယိုကိုလာတဲ့ကလေးလေးတစ်ယောက်အကြောင်းကိုရေးထားတာ။ အချစ်ဘက်ကို ယူလို့လည်းရတယ်။

ကလေးလေးတစ်ယောက်လိုပေါ့။

အခွေထဲက Copy Right မှာ ကျွန်တော့်သားနာမည်ပါတယ်။

အဲဒါလောက်ပဲ အမှတ်တရရှိပါတယ်။

မေး-စိတ်နဲ့လူနဲ့သီချင်းအတွက်ကော အခြားဘာတွေစီစဉ်ထားသေးလဲ။

ဖော်ကာပရိသတ်တွေကလည်း မျှော်နေမှာဆိုတော့။

ဖြေ-အခုလောလောဆယ်တော့ မရှိသေးဘူး။

ထုံးစံအတိုင်း အင်္ကျီလေးတွေထုတ်ဖို့တောင်းဆိုတော့အင်္ကျီလေးတွေထုတ်ဖြစ်မယ်။

ပရိုမိုးရှင်းပွဲတော့ မလုပ်ဖြစ်သေးပါဘူး။

ဖြစ်နိုင်ရင်တော့ လုပ်ချင်တာပေါ့။

ခေတ်ကာလအနေအထားအရ ပံ့ပိုးမှုတစ်ခုတော့လိုချင်တာပေါ့။

အဆင်မပြေဖြစ်သွားတာကြောင့်လည်းပါတယ်။

ဒီအတိုင်းလက်မှတ်ထိုးရုံလောက်လည်း မလုပ်ချင်ဘူး။

ဘာလို့လဲဆိုတော့ကျွန်တော့်ပရိသတ်တွေ ကားခအကုန်ခံလာပြီး လက်မှတ်လေးတစ်ခုလောက်ရတာမျိုးလည်း မဖြစ်ချင်ဘူး။

လက်မှတ်က ဘာလုပ်ရမှာလဲ။

ကျွန်တော်က Free Showလုပ်ချင်တာလေ။

ကျွန်တော် ကြိုးစားလိုက်ပါတယ်။အရင်အခွေတွေတုန်းကလည်း ပရိုမိုးရှင်းပွဲမလုပ်ဖြစ်ပါဘူး။

မေး-ဒါဆိုရင် ပရိသတ်တွေက ဖော်ကာနဲ့အနီးစပ်ဆုံး ဘယ်တော့လောက်တွေ့ရမလဲ။

ဖြေ-မန္တလေး One Man Showပဲ ဖြစ်မှာပါ။ ၁၀ လပိုင်းလောက်မှာ ပရိသတ်တွေနဲ့ မန္တလေးမှာ ဆုံမယ်။ အဲဒီအတွက် ကျွန်တော်ကြိုးစားနေပါတယ်။

မေး-အခုအချိန်မှာ ဖခင်တစ်ယောက်ဖြစ်သွားပြီဆိုတော့ သားသားကိုရော ဘယ်လိုမျိုးမျှော်လင့်ထားပြီလဲ။

ဖြေ-သူကြီးလာမှမေးပါလား။ ကျွန်တော်ကတော့စဉ်းစားထားတယ်။

သူ့အတွက်အရှက်စေရမယ့်အရာမျိုး၊ မျက်နှာငယ်ရမယ့်အရာမျိုးမှာ ဒါငါ့အဖေကွလို့ မပြောရဲအောင် မဖြစ်စေရဘူး။

သားအတွက် လက်မထောင်နိုင်တဲ့ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားသွားပါမယ်။

မေး-အရင်ကထက်စာရင် အခုက ဖခင်တစ်ယောက် ဖြစ်သွားပြီဆိုတော့ ကိုယ့်အတွက်ဘာတွေထူးထူးခြားခြားပြောင်းလဲသွားလဲ။

ဖြေ-အဲဒါတွေကတော့ ကျွန်တော်မပြောတတ်ဘူး။ ကျွန်တော်က မိန်းမလည်း အခုမှ ရဖူးတာ။

ကလေးလည်း ပထမဆုံးရဖူးတာလေ။ နောက်တာပါ။ မျက်လုံးထဲမြင်လို့ချစ်စရာကောင်းတာတွေ၊ ဘာတွေ ကျွန်တော်မသိဘူး။ ကျွန်တော်ကတော့ ချက်ချင်းဖက်နမ်းတာပဲ။

ကျွန်တော်က အရင်ကတည်းက ကလေးချစ်တတ်တယ်။

အခုလည်းတစ်ချိန်လုံး ကျွန်တော်ပဲထိန်းနေတာပါ။

တခြားသူတွေက ကျွန်တော့်ကို ပြောတယ်။

ကလေးထိန်းတတ်တယ်ပေါ့။

ကလေးချီတာကအစ အနေအထားမှန်တယ်ဆိုပြီးပြောတယ်။

အဲဒီတော့မှ ကျွန်တော်လည်း Youtube ကနေတစ်ဆင့် ပြန်ကြည့်တော့ဟုတ်တယ်ဗျ။

အဲဒါကလည်း ကျွန်တော့်ရဲ့ ပါရမီပေါ့လေ။

မေး-နောက်ဆုံးအနေနဲ့ Wanted Bandနဲ့အတူ ဖော်ကာတို့ကို အားပေးနေတဲ့ ပရိသတ်တွေကိုရော အမှတ်တရဘာများ ပြောချင်တာရှိလဲ။

ဖြေ-အထူးသဖြင့် ရော့ခ်သီချင်းတွေ ကြိုက်ပြီး Wanted Bandရဲ့ သီချင်းတွေကိုကြိုက်တဲ့သူတွေအတွက်တော့ သေချာပါတယ်။

တကယ်ကောင်းတဲ့အခွေလေးတစ်ခွေပါ။

အော်ရှဂျင်နယ်အခွေလေးကိုဝယ်ချင်ပါတယ်။

နောက်ပြီးဒီအချိန်ဒီနေရာအထိ ကျွန်တော့်ကိုဂီတနဲ့ပတ်သက်ပြီး အသက်ရှင်ခွင့်ပေးထားတဲ့သူတွေကိုတကယ်ကျေးဇူးတင်ပါတယ်။

နောက်ထပ်လည်း ဒီနေရာလေးမှာပဲထားပေးပါလို့သီချင်းတွေလုပ်ရင်းနဲ့ပဲ နေသွားချင်လို့ပါ။

-Ads-
-Ads-