သရုပ်ဆောင်၊ အဆိုတော် မိုရီဆာကီဝင်းနှင့် တွေ့ဆုံခြင်း

“ဂျပန်နိုင်ငံကလူတွေ မြန်မာပြည်ကို ဒီထက်ပိုပြီးသိအောင်ကြိုးစားသွားပါ့မယ်လို့ ကတိပေးပါတယ်”

မြန်မာပြည်ဖွား ဂျပန်နိုင်ငံသား သရုပ်ဆောင်၊ အဆိုတော် မိုရီဆာကီဝင်းကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့ပူးပေါင်းပြီး မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးသံတမန်အဖြစ် ခန့်အပ်ခြင်း အခမ်းအနားကို ဩဂုတ် ၁၈ ရက်တွင် ရန်ကုန်မြို့ Lotte ဟိုတယ်၌ပြုလုပ်ခဲ့ရာ မိုရီဆာကီဝင်းနှင့်တွေ့ဆုံပြီး ဂျပန်နိုင်ငံက ခရီးသွားများဝင်ရောက်လာရန် လုပ်ဆောင်မည့်အချက်များ၊ အသက် ၂၈ နှစ် မွေးနေ့အကြောင်း၊ အနုပညာလှုပ်ရှားမှုများ အကြောင်း မေးမြန်းထားသည်များမှ အချို့ကို ကောက်နုတ်ဖော်ပြ လိုက်ပါသည်-

မေး – ဂျပန် – မြန်မာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး သံတမန်အဖြစ် ခန့်အပ်ခံရခြင်းအကြောင်း အရင်ဆုံးပြောပါဦး။

ဖြေ – Myanmar Tourism Promotion Brand Ambassador အဖြစ် ခန့်အပ်ခံရတဲ့ အတွက် ကျွန်တော်အရမ်းလည်း ဝမ်းသာပါတယ်။ ဂုဏ်လည်းယူပါတယ်။Tourism Promotion Brand Ambassador ဖြစ်ဖို့ဆိုတာကိုဘယ်လိုလုပ်ရင်ဖြစ်မလဲ တော့ ကျွန်တော်မသိပါဘူး။ အခုလို ဖိတ်ခေါ်ပေးတဲ့လူကြီးတွေကို အရမ်းကျေးဇူးတင်ပါတယ်။ ပြီးတော အခုလည်း ဂျပန်နိုင်ငံမှာ ကျွန်တော်က ကြိုးစားနေတယ်။ လောလောဆယ် ဂျပန်မှာ နေနေတဲ့အတွက် ဂျပန်နိုင်ငံကလူတွေ မြန်မာပြည်ကို ဒီထက်ပိုပြီးသိအောင် ကြိုးစားသွားပါ့မယ်လို့ ကတိပေးပါတယ်။

မေး – ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်ကလည်း ပြောသွားတယ်။ ဂျပန်နိုင်ငံက ခရီးသွားတွေ ဝင်ရောက်လာနိုင်ဖို့ မျှော်လင့်တယ်ဆိုတော့မိုရီဆာကီဝင်းအနေနဲ့ တာဝန်ကြီးနေမလား။

ဖြေ – တာဝန်မကြီးပါဘူး။ ကျွန်တော်လာတိုင်း ၁၀ ယောက် လောက် ခေါ်လာရင်ဖြစ်တာပေါ့။ နောက်တာပါ။ ကျွန်တော် ပြောတာက တာဝန်ကတော့ ရှိတာပေါ့နော်။ ကျွန်တော် လည်းဂျပန်မှာ အဲဒီလောက်ကြီး နာမည်ကြီးတဲ့ လူတစ်ယောက် မဟုတ် သေးတော့ နည်းနည်းတော့ တာဝန်ကြီးတာပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က ဒီအနုပညာလောကကို ပိုပြီးတော့ နာမည်ထွက် အောင် ကြိုးစားပြီး အဲဒီပေါ်မှာမူတည်ပြီးတော့ ကျွန်တော်ဘယ်က လာတယ်ဆိုတာကို အားလုံးသိလာမှာ ပါခင်ဗျာ။ အဲဒီအခါကျတော့မှ မြန်မာပြည်ကလာတယ်ဆိုတာ မြန်မာပြည်ကို ပိုပြီးသိတဲ့အချိန်မှာ အဝင်းက မြန်မာပြည်မှာ မွေးတာတစ်ခုထဲမဟုတ်ဘဲ မြန်မာပြည်မှာလည်း အလုပ်လုပ်တယ်။ မြန်မာပြည်မှာ Tourism Promotion Brand Ambassador ပါ လုပ်နေပါလားဆိုတာ သူတို့အဲဒီအချိန်ကျ သိရလိမ့်မယ်။အဲဒီလိုမျိုးဖြစ်အောင် ကျွန်တော်ကြိုးစားရမယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီးတွေးမိပါတယ်ခင်ဗျာ။

မေး – Tourism Promotion Brand Ambassador တစ်ယောက်အနေနဲ့ လုပ်ဆောင်သွားမယ့်အချက်တွေက ဘာဖြစ်မလဲ။

ဖြေ – လုပ်သွားမှာတွေက ဘာဖြစ်မလဲဆိုတော့ အခုနတုန်းက ၀န်ကြီးက ပြောသွားတယ်လေ။ ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီး အများကြီးရှိတယ်လေ။ ကျွန်တော်လည်း အဲလိုနေရာမှာ အတတ်နိုင်ဆုံးလာ ကူညီမှာပါ။ ဂျပန်မှာလည်း အဲဒီလိုမျိုးတွေ ရှိတော့ သေချာပေါက်ကျွန်တော်ခရီးသွားနဲ့ပတ်သက်တာတွေကို လုပ်သွားမှာပါ။

မေး – ဂျပန်နိုင်ငံက မြန်မာပြည်ကိုသိတဲ့အနေအထားက အရင်နှစ်တွေနဲ့ အခု ဘယ်လောက်ထိရှိနေပြီလဲ။

ဖြေ – ဂျပန်တွေက မြန်မာပြည်ကို စုကြည်ဆန်းလို့ ပြောကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စုကြည်ဆန်းလို့ခေါ်ပြီး မြန်မာပြည်ကို သူရှိတဲ့နေရာလို့ သိကြတယ်ခင်ဗျာ။ မြန်မာပြည်ကသတင်းတွေက အခုဆိုရင် အရင်ထက် အများကြီး ဂျပန်ကိုဝင်လာတယ်ခင်ဗျာ။ မြန်မာပြည်က ပူတဲ့နိုင်ငံ၊ မိုးလည်းအရမ်းရွာတယ်လို့ ရေကနည်းနည်းကြီးတယ်လို့။ အဲလိုမျိုးအချက်တွေနဲ့ ဂျပန်ကပိုသိတယ်။ မြန်မာပြည်ကလူတစ်ယောက် ဂျပန်မှာ သရုပ်ဆောင် လုပ်နေတယ်ဆိုတာကိုလည်း တဖြည်းဖြည်းလူသိများလာပါတယ်။

မေး – မြန်မာနိုင်ငံက အစားအစာတွေ၊ သွားလည်သင့်တဲ့နေရာ တွေကို ဂျပန်ကသူငယ်ချင်းတွေကို ပြန်ပြောဖြစ် လား။

ဖြေ – ပြောဖြစ်တယ်ခင်ဗျာ။ ကျွန်တော် ပုံဂံကို သေချာပေါက် သွားကြလို့ ပြောထားတယ်ခင်ဗျ။ ဒါပေမဲ့ ကျွန်တော်တစ်ခါမှ ပုဂံကိုမရောက်ဖူးပါဘူး။ ကျွန်တော် ပုဂံအရမ်းသွားချင်သလို မြန်မာပြည်က ကမ်းခြေတွေအရမ်းလှတာတွေအများကြီးရှိတာ သိထားတဲ့အတွက် ကျွန်တော်အရမ်းသွားချင်ပါတယ်။ အဲဒါကြောင့်ဘယ်နေရာသွားရင်ကောင်းမလဲမေးရင် ပုဂံပြောတယ်။ကမ်းခြေတွေ ပြောတယ်။ ပြီးတော့ ပဲခူးသွားလို့ပြောထားပါတယ်။

မေး – ဇာတိမြေရုပ်ရှင်ဇာတ်ကားမှာဆိုရင် အဝင်းပါဝင်ထားတဲ့ အခန်းက အရမ်းနည်းတယ်လို့ ပရိသတ်တွေက ပြောတယ်။ အဲဒါလည်း ပြောပြပါဦး။

ဖြေ – အဲဒါက ဘယ်လိုပြောမလဲ။ ကျွန် တော့်အမြင်နဲ့ပြောမယ် ဆိုရင် ရုပ်ရှင်တစ်ကားထဲမှာ မင်းသားရှိသလို မင်းသမီးရှိတယ်။ မင်းသား၊ မင်းသမီးကို ပံ့ပိုးပေးတဲ့သရုပ်ဆောင်တွေ အများကြီး ရှိတယ်။ ဒါရိုက်တာတွေ၊ ကင်မရာမန်းတွေ အဲဒီလိုမျိုး အားလုံးပါတော့မှ ရုပ်ရှင်တစ်ကားဖြစ်တယ်။ အဲဒီရုပ်ရှင်ကို ကြည့်တဲ့ပရိသတ်တွေရှိတော့မှ အောင်မြင်တယ်၊ မအောင်မြင်ဘူးဖြစ်တာပါ။ ကျွန်တော့်အနေနဲ့တော့ပါတဲ့အခန်း နည်းတယ်၊ များတယ်ဆိုတာထက် ကျွန်တော့်ရဲ့တာဝန်ကျေ လားဆိုတာပဲ သိချင်ပါတယ်ခင်ဗျာ။ ကျွန်တော့်ကို ပရိသတ်တွေက ဘယ်လိုမျိုးခံစားလဲပေါ့။ ဒါပေမယ့် ပါဝင်တဲ့အခန်းနည်းတယ်လို့ ပြောတဲ့အတွက် နောက်တစ်ကားလာရင် ပိုများအောင် ကျွန်တော် ပြောပေးပါ့မယ်ဗျာ(ရယ်လျက်)။

မေး – ဩဂုတ်၂၀ ရက်က အဝင်းရဲ့မွေးနေ့ဆိုတော့ ဘာတွေလုပ်ဖို့စီစဉ်ထားလဲ။

ဖြေ – အလုပ်တွေလုပ်ဖို့ပဲ စဉ်းစားထားပါတယ်။ မွေးနေ့က ၂၈ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ ကျင်းပဖို့ကတော့ ဂျပန်ပြည်မှာ နားတဲ့အချိန်လုံးဝ မရှိဘူး။ မွေးနေ့ကလည်းဟိုကပွဲမှာသွားပြီးတော့ Promotion သွားလုပ်ရမှပါဗျာ။ ကျွန်တော် အသက် ၂၀ ပြည့်တုန်းကတော့ သူငယ်ချင်းတွေနဲ့ ပင်လယ်ကိုသွားပြီး
တော့ Countdown လုပ်ပြီး တော့ ပင်လယ်ထဲခုန်ချခဲ့တာဗျ။ အဲဒီလိုမျိုးလုပ် ခဲ့တဲ့ လူငယ်ဘ၀ကို မနေ့တစ်နေ့ကလိုမျိုးပဲ ပြန်ဖြတ်သန်းချင်တယ်။

မေး – အဝင်းရဲ့မွေးနေ့ကို Fan တွေကမွေးနေ့ပွဲလုပ်ပေးမယ်လို့ ပြောတယ်။ ဘယ်လိုခံစားရလဲ။

ဖြေ – စိတ်ထဲမှာတော့ အရမ်းဝမ်းသာပေါ့ဗျာ။ ဘယ်လိုပြန်ပြီးတော့ ကျေးဇူးဆပ်ရမလဲတော့မသိဘူး။ စိတ်ထဲမှာ သာဓုခေါ်ဖို့တော့ အသင့်ပါပဲခင်ဗျာ။ ဒါပေမဲ့ သေချာကျေးဇူးတင်ဖို့ကတော့ အခုလိုမျိုးမီဒီယာတွေက အင်တာဗျူးပေးတော့ ကျွန်တော့်ပရိသတ်တွေက ကျွန်တော်နဲ့ပိုပြီးထိတွေ့ခွင့်ရတယ်။ အဲဒီတော့မြန်မာပြည်က ပရိသတ်တွေနဲ့ထိတွေ့ခွင့်ရအောင် ပိုပြီးကြိုးစားသွားပါမယ်လို့ ကတိပေးပါတယ်ဗျာ။

မေး – မိုရီဆာကီဝင်းရဲ့ပရိသတ်တွေကို အမှတ်တရစကား လေးပြောပေးပါဦး။

ဖြေ – ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို
ရှေ့ဆက်အားပေးပါခင်ဗျာ။