ရိုက်တာသတင်းထောက်နှစ်ဦးအား ထောင်ဒဏ်ခုနစ်နှစ်ချမှတ်လိုက်ခြင်းအပေါ် မီဒီယာသမားများနှင့် ရှေ့နေများ၏ အမြင်သဘောထား

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော အင်းဒင်ရွာ လူသတ်မှုနှင့်ပတ်သက်၍ဖော်ထုတ်ရေးသားခဲ့သောရိုက်တာသတင်းထောက်ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို နိုင်ငံတော်လျှို့ဝှက်ချက်အက် ဥပဒေဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက စက်တင်ဘာ ၃ ရက်တွင်ထောင်ဒဏ်ခုနစ်နှစ်ကျခံရန် အပြီးသတ်အမိန့်ချခဲ့သည်။

ထိုသို့ရိုက်တာသတင်းထောက်နှစ်ဦးအား ထောင်ဒဏ်ခုနစ်နှစ် ချမှတ်လိုက်ခြင်းနှင့်ပတ်သက်၍တရားလွတ်တော်ရှေ့နေများ၊သတင်းမီဒီယာအဖွဲ့အစည်းမှတာဝန်ရှိသူများ၊သတင်းထောက်များ၏အမြင်များကိုစုစည်းတင်ပြလိုက်ပါသည်-

“အင်မတန်ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်တယ်လို့ မြင်ပါတယ်” ဦးဇော်ထိုက်

“သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ထိခိုက်စေတဲ့အရာတစ်ခုဖြစ်တာကြောင့်တော်တော်လေးကို ဆိုးရွားပါတယ်” ဦးမြင့်ကျော်

ထက်ခေါင်လင်း ( မြန်မာနောင်းသတင်းဌာနသတင်းထောက်)

ပထမတစ်ချက်က သတင်းထောက်တွေကို သတင်းစုံစမ်းဖော်ထုတ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ မင်းတို့တွေအတွက်အန္တရာယ်ရှိတယ်ဆိုတာကို မက်ဆေ့ခ်ျပေးတယ်လို့ ခံစားရတယ်။

ဒုတိယအချက် အနေနဲ့ ခံစားရတာကတော့ မင်းတို့သတင်းထောက်တွေ ပွဲလေးတက်၊ ပေးတဲ့လက်ဆောင်လေးယူပေးတဲ့လမ်းစရိတ်လေးယူ၊

ပြီးသွားလို့ရှိရင်သတင်းစာရှင်းလင်းပွဲလေးလုပ်၊ ငါတို့ ဗလာဗလာ ပြောတာလေးပဲရေး၊

ငါတို့အစိုးရသတင်းစာပုံစံအတိုင်းသာ မင်းတို့ရေးကြပေတော့ဟေ့လို့ မက်ဆေ့ခ်ျပေးတယ်လို့ ခံစားရပါတယ်။

ထောင်ခုနစ်နှစ်ချလိုက်တဲ့အပေါ်မှာ တရားမမျှတဘူးလို့ ကျွန်တော်ယူဆတယ်။

ဝလုံးတို့ရုံးချိန်းတိုင်းကိုကျွန်တော်လာပြီးတော့ လေ့လာသတင်းယူတယ်။

အဲဒီမှာကျွန်တော်အမြဲတမ်းတွေ့နေရတဲ့ ကိစ္စတစ်ခုက ၀လုံးတို့ဆီမှာ စာရွက်စာတမ်း တွေ့တယ်ဆိုတာ ၀လုံးကိုယ်တိုင်လည်း ဝန်ခံထားတယ်။

ဒါပေမဲကအဲ့စာရွပ်စာတမ်းတွေကဘယ်လိုရောက်လာတာလည်းဆိုတာ တရားစွဲအဖွဲ့အစည်းက သက်သေခိုင်ခိုင်မာမာမပြနိုင်ဘူးလို့ကျွန်တော်ယူဆတယ်။

ဆိုလိုခြင်တာကကျွန်တော်တို့ သတင်းထောက်တွေဆိုတာအဓိကသတင်းရေးဖို့အတွက် အချက်အလက်တွေကို စုရတယ်။

ဘာဖြစ်လို့ စုဆောင်းရသခဲဆိုတော့ ကိုယ်ရေးသားတာကိုယ်တာဝန်ယူနိုင်ဖို့အတွက်ရေးသားလိုက်တာဟာမှန်မှန်ကန်ကန် တိတိကျကျဖြစ်ဖို့အတွက်ကျွန်တော်တို့က စုဆောင်းရတယ်။

ဒီလိုရှိနေလို့သာ ကျွန်တော်တို့ကို တရားစွဲရမယ်၊

ဖမ်းဆီးရမယ်ဆိုလို့ကတော့ ကျွန်တော်ပြောခဲ့သလို ပွဲလေးတက်လိုက်၊ လက်ဆောင်လေးယူလိုက်၊ ဒီလိုပဲ လုပ်ရတော့မှာလား။

ကျွန်တော်တို့ကတော့ ကျွန်တော်တို့ သတင်းအလုပ်ကို ကျွန်တော်တို့ ဆက်လုပ်နေမှာပဲ။

ဝလုံးတို့ အဖမ်းခံရလို့ ကျွန်တော်တို့ စုံစမ်းဖော်ထုတ်မှုတွေရပ်တန့်မှာ မဟုတ်ဘူး။ စုံစမ်းဖော်ထုတ်တယ်ဆိုတာ တိုင်းပြည်အတွက်၊

အမှန်တရားအတွက် ကျွန်တော်တို့ စုံစမ်းဖော်ထုတ်နေတာ၊

မဟုတ်တမ်းတရားလုပ်နေတဲ့သူတွေ အတွက်ကကို ကျွန်တော်တို့ဖော်ထုတ်နေတာဖြစ်တယ်။

အဲဒီလိုလုပ်နေတဲ့သူတွေကသာ ကျွန်တော်တို့ကို ကြောက်ရင်ကြောက်နေရမှာ။

အမှန်တရားအတွက်ကို ကျွန်တော်တို့ကတော့ ဘာမှကြောက်နေမှာမဟုတ်ဘူး။

ဦးမြင့်ကျော် (မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင်)

သတင်းမီဒီယာကောင်စီဝင် တစ်ယောက်အနေနဲ့ပြောရမယ်ဆိုရင်တော့ ဒါကထောင်မကျသင့်ပါဘူး။

သတင်းသမားတွေက ဒီအချက်အလက်တွေကိုရဖို့ ကြိုးစားတာမဟုတ်ဘူး။

ဒီ သတင်းကို လိုက်တာဖြစ်တယ်။အဲဒီအချက်အလက်တွေကို လက်ထဲရောက်အောင် အမှုကို ထောင်ချောက်ဆင်ပြီး အဖမ်းခံရတယ်ပေါ့။

ဒါက အမှုသွား အမှုလာမှာထင်ရှားလျက်နဲ့ ပြစ်ဒဏ်ချတယ်ဆိုတဲ့ဟာကဥပဒေကြောင်းအရ ချတာမဟုတ်ဘူး။

ကျွန်တော်တို့သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ထိခိုက်စေတဲ့ အရာတစ်ခုဖြစ်တာကြောင့် တော်တော်လေးကို ဆိုးရွားပါတယ်။

သေချာတာကတော့ နောက်နှစ် သတင်းမီဒီယာလွတ်လပ်ခွင့် ညွှန်းကိန်းတွေ သိသိသာသာကို လျော့ကျလိမ့်မယ်။

နောက်တစ်ခု ကတော့ မီဒီယာ လွတ်လပ်ခွင့်မရှိတဲ့ဟာက တခြားကိစ္စတွေမှာအစိုးရကိုမကောင်းတဲ့ ပုံရိပ်အဖြစ်နဲ့ ထပ်ပြီးတော့ ဆက်နွှယ်ပြီးတော့ ရှုမြင်စေလိမ့်မယ်။

ဒါနိုင်ငံတကာအမြင်ကို ပြောတာ။ ပြည်တွင်းမှာတော့ ကျွန်တော်တို့ မီဒီယာတွေကတော့ဒီလိုကိစ္စမျိုးမှာ လက်ရှောင်ဖို့ဟာမျိုး ဖြစ်လာနိုင်တယ်။

အဲဒီသက်ရောက်မှုကတော့ ဒီပြစ်ဒဏ်ချလိုက်တာဟာ ထင်ရှားစေတယ်။

ဦးဇော်ထိုက် (မြန်မာဂျာနယ်လစ်ကွန်ရက်အတွင်းရေးမှူး-၂ )

ကိုဝလုံးနဲ့ ကိုကျော်စိုးဦး ကိုထောင်ခုနစ်နှစ် ချမှတ်လိုက်တာနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ ပုဂ္ဂလိကအမြင်နဲ့ ပြောရမယ်ဆိုရင်တော့ အရမ်းပြင်းထန်ပါတယ်။

အင်မတန်ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်တယ်လို့ မြင်ပါတယ်။

ပြီးတော့ သတင်းသမားတွေရဲ့ လုပ်လိုစိတ်၊ ကိုင်လိုစိတ်နဲ့ လုပ်ရဲကိုင်ရဲတဲ့ စိတ်ဓာတ်ကို ရိုက်ချိုးလိုက်တယ်။

သတင်းမီဒီယာတွေရဲ့လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့် ဟန့်တားလိုက်တယ်လို့ မြင်ပါတယ်။

မြန်မာနိုင်ငံမှာက စစ်တပ်နဲ့ပတ်သတ်လို့ရှိရင်တောင်အမြင့်ဆုံးတောင်ဒဏ် ၁၄ နှစ်၊

အရပ်ဘက်နဲ့ ပတ်သက်လို့ ရှိရင်အမြင့်ဆုံး ထောင်ဒဏ်ခုနစ်နှစ်ဆိုတဲ့ အခါကျတော့ အခုဟာက လက်ထဲကိုရောက်လာတဲ့ စာရွက်တစ်ရွက်က လျှို့ဝှက်ဥပဒေကိုဖောက်ဖျက်ရာကျလဲ၊ ဖောက်ဖျက်ရာမကျဘူးလဲဆိုတာကို ဘယ်အရာက လျှို့ဝှက်လဲဆိုတာ ကျွန်တော်တို့က ဘယ်အရာနဲ့ ခွဲခြားရမှာလဲ။ အင်မတန် အန္တရာယ်ကြီးတယ်။

ဥပမာ-ကျွန်တော်တို့က ရုံးပြင်ကနားတစ်ခုကို သွားတယ်။

လူတစ်ယောက်က ဒါသတင်းရေးလို့ရတယ်လို့ ပေးလိုက်တယ်။ ရုံးအောက်ကိုဆင်းကာမှ ဒါလျှို့ဝှက် ဥပဒေနဲ့ ငြိတယ်ဆိုလို့ရှိရင် ဘယ်လိုလုပ်မလဲ။

ဘယ် ကိစ္စကလျှို့ဝှက်နဲ့ငြိတယ်။ ဘယ်ကိစ္စက လျှို့ဝှက်နဲ့မငြိဘူးလဲဆိုတာ ဘာမှထုတ်ပြန်ထားတာမရှိဘူး။

ကျွန်တော်တို့ သတင်းသမားတွေအလုပ်လုပ်ကိုင်နေရတာ အင်မတန်အန္တရာယ်ဇုန်ထဲမှာ လုပ်ကိုင်နေရတယ်လို့ကျွန်တော်မြင်ပါတယ်။

ဒီလိုအမိန့်ချလိုက်တာဟာ သတင်းသမားတွေရဲ့လုပ်ရဲကိုင်ရဲ၊လုပ်လိုစိတ် ကိုင်လိုစိတ်တွေကို ဟန့်တားလိုက်ရုံမကဘဲနဲ့ ပြည်သူတွေကပါ မီဒီယာသမားတွေကို အထင်အမြင် လွဲမှားသွားစေနိုင်တယ်။

ဒီလူတွေက မကောင်းတဲ့ ကိစ္စတွေလုပ်နေတယ်။

တိုင်းပြည်ရဲ့ လျှို့ဝှက်ချက်ကိစ္စတွေကို ဖောက်ဖျက်နေတဲ့အတွက် အပြစ်ဒဏ်ပေးခံရတယ်ဆိုတဲ့နားလည်မှုလွဲမှားစေမှုကို ရရှိသွားနိုင်တယ်။

တချို့လူတွေက ဒီလိုမျိုး ပြစ်ဒဏ်ချလိုက်တဲ့အတွက် သတင်းသမားတွေကို နားလည်မှု လွဲလိမ့်မယ်လို့ကျွန်တော်ယူဆမိပါတယ်။

ဦးအောင်စိုး (တရားလွတ်တော်ရှေ့နေ၊မြန်မာမီဒီယာရှေ့နေများကွန်ရက်-ဥက္ကဋ္ဌ)

ကျွန်တော်တို့ကတော့ ဥပဒေအရကြည့်ရတာပေါ့။

တရားဥပဒေဆိုတာက အယူအဆအမျိုးမျိုးပေါ့နော်။

ကျွန်တော်တို့ကတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကိုကျွန်တော်တို့ကအားပေးရတာပေါ့။

တစ်ဖက်ကလည်း တရားဥပဒေဆိုတာ ရှိလာတော့ဒီဟာတွေက နည်းနည်းလေးတော့ တစ်ခုနဲ့တစ်ခုရှုပ်ထွေးမှုတွေရှိတာပေါ့။

ဒီနေ့ကတော့ တရားရုံးကလည်း သူ့အလုပ် သူလုပ်တာပေါ့။

ကျွန်တော်တို့ကလည်း ကိုယ့်အလုပ်ကိုယ် လုပ်ရမှာပေါ့။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ဖို့အတွက် ဆက်ကြိုးစားရမှာပေါ့။

ဒီဟာက အဖြေလို့ပြောလို့ မရသေးပါဘူး။တရားရုံးအဆင့်ဆင့်ကို တင်ပြလို့ရသေးတယ်။ အဲဒီအတွက် ဆက်ပြီးတော့ တင်ပြရမှာပေါ့။

ဟိုဘက်ကလည်း အချက်အလက်တွေကို အသေးစိတ်နားထောင်ကြည့်တဲ့အခါမှာ သေသေချာချာ ပြင်ဆင်ပြီးတော့အမိန့်ချတာ တွေ့ရတယ်။

ထောင်ဒဏ် ၁၄ နှစ်ကို ခုနစ်နှစ်ချတယ်ဆိုတာကလည်းတစ်နည်းအားဖြင့် သူတို့လည်း တော်တော်လေး ချိန်ဆပြီး လုပ်တဲ့သဘောပေါ့။

ဒါပေမဲ့ ကိုယ့်ဘက်ကကြည့်တော့လည်း ကိုယ်က လူသားတစ်ယောက်ပဲဖြစ်ဖြစ်၊ မီဒီယာသမားတစ်ယောက်ပဲဖြစ်ဖြစ်၊လွတ်လပ်စွာ ဖော်ခွင့်အရပဲ ဖြစ်ဖြစ် ကျွန်တော်တို့က လွတ်စေချင်တာပေါ့။

ပြည်သူတွေကလည်း ဒီသဘောရှိတာပေါ့။

သတင်းထောက်တွေဘက်ကလည်း ဒီသဘောရှိတာပေါ့။

ဒီအဖြေက ဘယ်မှာလဲဆိုတော့ နောက်ဆုံးကျမှ အဖြေထွက်လိမ့်မယ်။

ဦးသန်းဇော်အောင် (တရားလွှတ်တော်ရှေ့နေ)

ဒီနေ့ချတဲ့ အမိန့်ကတော့စိတ်ပျက်စရာကောင်းပါတယ်။

သတင်းသမား သတင်းအလုပ်ကို လုပ်တယ်လို့ပဲမြင်တယ်။

တရားရုံးက သတ်မှတ်တာကတော သုံးသပ်ချက်အပိုင်းပေါ့။

သုံးသပ်ချက်ထဲမှာ ဒီဇင်ဘာ ၁၂ ရက်ကရတဲ့ စာရွက်စာတမ်းတွေ၊ တယ်လီဖုန်းထဲက တွေ့တယ်ဆိုတဲ့အထောက်အထားတွေ၊ လျှို့ဝှက်စာရွက်လို့ခေါ်တဲ့ အထောက်အထားတွေ၊ နိုင်ငံတော်ကိုထိခိုက်စေတယ်ဆိုပြီး ယူဆတယ်။

နောက်ပြီးတော့ဝလုံးရဲ့ အိမ်မှာတွေ့ခဲ့တဲ့၊ မြန်မာတိုင်းမ်စာအုပ်ထဲမှာတွေ့ခဲ့တဲ့AAက ကိုညိုထွန်းရဲ့ဖုန်းနံပါတ်တွေ့ရှိရတဲ့အတွက် ဒါဟာ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေကိုအထောက်အထားတွေရောက်သွားမယ်ဆိုရင် နိုင်ငံတော် ထိခိုက်စေနိုင်တယ်ဆိုပြီးတော့ သုံးသပ်ပြီး ချတာ ကျွန်တော်တို့တစ်လျှောက်လုံးလည်း တရားရုံးမှာ ထုချေခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ခရီးစဉ်ဆိုလို့ရှိရင်ဂျာမနီဝက်ဘ်ဆိုဒ်ကနေပြီး ထုတ်ထားတာ။

ထုတ်ထားတဲ့ပုံက ၀လုံးတို့ ဖုန်းထဲရောက်တယ်။

ထိပ်တန်းလျှို့ဝှက်ချက်ပါဆိုပြီးတော့ ရုံးတော်က အမိန့်ချတယ်။

တခြားသော စာရွက်စာတမ်းတွေလည်းဒီအတိုင်းပဲ။

သမ္မတခရီးစဉ်တို့၊ ဝန်ကြီးခရီးစဉ်တို့ဒါတွေအားလုံးက အများပြည်သူ သိရှိပြီးသားအကြောင်း အရာတွေ။ ပါပြီးသား သက်သေ၊ သုံးပြီးသား။

ဒါတွေကို ထည့်သွင်းသုံးသပ်ပြီးတော့ အမိန့်ချတာပေါ့။

ဦးမြတ်ကျော်သူ (သတင်းထောက် – Frontier Myanmar)

အခုလည်း ကျွန်တော်တို့ သူငယ်ချင်းနှစ်ဦးထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခံလိုက်ရပြီပေါ့။

ကျွန်တော်တို့သိပ်တော့ အံ့ဩစရာမရှိပါဘူး။

ကျွန်တော်တို့ မျှော်လင့်ထားပြီးသားပါ။

ဒါပေမဲ့ တစ်ဖက်ကပြန်စဉ်းစားမိတော့ ကျွန်တော်တို့ မျှော်လင့်ထားတဲ့အတိုင်း တကယ်ဖြစ်လာတယ်ဆိုတော့ အစိုးရအပေါ်မှာ အရင်တုန်းကအတိုင်းပဲ ဆက်ရှိနေသေးတယ်။

ဒီခုနစ်နှစ်အပေါ်မှာ နောက်ထပ်လက်ရှိ အာဏာရ အစိုးရရော၊တပ်မတော်ဘက်ကရော သူတို့အတွက် ကစားစရာတစ်ခုခုပြန်ဖြစ်သွားမလား။

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလို့ရတယ်ဆိုတာမျိုး၊ သူတို့ နာမည်ကောင်း ယူတာမျိုး၊ ဒီအပေါ်မှာ အကျိုးအမြတ်ထုတ်နိုင်မလားဆိုတာမျိုးတော့ ထပ်ပြီးစဉ်းစားစရာရှိတာပေါ့လေ။

ရှေ့နေတွေ ပြောတာကတော့ သူတို့လုပ်နိုင်သလောက် ဆက်လုပ်သွားမယ်ဆိုတာမျိုး ပြောသွားတယ်။

ကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့လေ။