သရုပ်ဆောင်မြင့်မြတ်နှင့် တွေ့ဆုံခြင်း

“တစ်ကားလုံးကို ကျွန်တော်တို့ရဲ့ဇာတ်လမ်း၊ ဒါရိုက်တာ၊ သရုပ်ဆောင် ယုန်လေးတစ်ယောက်တည်း လုပ်ထားတာဆိုတော့အားရကျေနပ်ပါတယ်”

အဆိုတော်ယုန်လေး ဒါရိုက်တာအဖြစ် ကိုယ်တိုင်ရိုက်ကူးထားသည့် အထူးတပ်ဖွဲ့ဝင်ကိုးဦး (Special 9) ရုပ်ရှင်ဇာတ်ကားတွင် မြင့်မြတ်၊ ယုန်လေး၊ Nine One ၊ ထက်ယံ၊ Ice Cold ၊ သားသား၊ဥက္ကာ၊ ထက်အောင်ရှိုင်း၊ နေနော်၊ စန်းတိုးနိုင်၊ ချမ်းညီ၊ မောင်မောင်သန့်၊ ဆူဇီ အစရှိသည့် အဆိုတော်များစွာ ပါဝင်သရုပ် ဆောင်ထားသော ထူးခြားသောအက်ရှင်ဇာတ်ကားဖြစ်သည်။ ယင်းဇာတ်ကားတွင် မြင့်မြတ်သည် ရဲအုပ်နေနိုင် ကာရိုက်တာတွင် သရုပ်ဆောင်ထားခြင်းဖြစ်ပြီး ယင်းဇာတ်ကားရိုက်ကူးမှုပိုင်း အခက်အခဲများနှင့်ယုန်လေးနှင့် တွဲဖက်ရိုက်ကူးရမှုအပေါ် ခံစားချက်များ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်-

မေး – သူငယ်ချင်းတွေစုပြီး သရုပ်ဆောင်ထားတဲ့ Special 9 ဇာတ်ကားနဲ့ ပတ်သက်ပြီး အားရကျေနပ်မှု ဘယ်လောက်ရှိလဲ။

-Ads-
-Ads-

ဖြေ – အားရတာပေါ့။ တစ်ကားလုံးကို ကျွန်တော်တို့ရဲ့ ဇာတ်လမ်း၊ ဒါရိုက်တာ၊ သရုပ်ဆောင် ယုန်လေးတစ်ယောက်တည်းလုပ်ထားတာဆိုတော့ အားရကျေနပ်ပါတယ်။ ကျွန်တော်အရင်တုန်းက ပြောခဲ့သလိုပဲ ဇာတ်ကားတစ်ကားကောင်းတယ်ဆိုတာ တစ်ယောက်ကောင်းနဲ့မပြီးဘူး။Team Work ညီဖို့လိုတယ်။ ဒီဇာတ်ကားဆိုရင် သက်သေပါပဲ။ပါဝင်တဲ့သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ နောက် ဧည့်သည်အဆိုတော်တွေ ရှိပါသေးတယ်။ အားလုံးဝိုင်းပြီးတော့ ကူညီပေးကြတာ။ အဲဒီလို Team Work ကောင်းလို့ ဒီဇာတ်ကား အရမ်းသွက်တယ်၊ ကောင်းတယ်။ ကျွန်တော် အဲဒီတစ်ချက်ကို မြင်ပါတယ်။

မေး – ဇာတ်ကားကို ကြည့်ပြီးသွားပြီဆိုတော့ ဒါရိုက်တာအပေါ်ရော ဘာများပြောချင်သေးလဲ။

ဖြေ – ပြောစရာမလိုပါဘူး။ ကားလည်းပြီးပြီ။ ပရိသတ်လည်း လက်ခုပ်တီးပြီးတော့ အားပေးတယ်။ အဓိကကတော့ကိုယုန်လေး အကုန်ကောင်းလို့ ကျွန်တော်တို့အကုန်လုံး တက်ညီလက်ညီနဲ့ လုပ်ဖြစ်ခဲ့တာပါ။ ဒီဇာတ်ကားမှာပါဝင်တဲ့သူတွေအကုန်လုံးကို တကယ်ပဲကျေးဇူးတင်မိတယ်။ ကိုထူးအယ်လင်းကအစ အရမ်းကူညီတယ်။ အရမ်းကို စိတ်ရှည်သည်းခံပြီးတော့ရိုက်ပေးတယ်။ အဓိကကတော့ ကိုယုန်လေးတော်လို့ပါ။

မေး – ဇာတ်ကားရိုက်ကူးမှုမှာ အခက်အခဲတွေရှိခဲ့ရင် ပြောပြပေးပါဦး။

ဖြေ – အများကြီးဗျ။ တရုတ်ပြည်ထဲမှာရိုက်တာဆိုတော့ ကိုယ်တွေနယ်လည်းမဟုတ်ဘူး။ ပြောရ၊ ဆိုရတဲ့အပိုင်းမှာလည်း လက်ပေါက်ကတ်တာတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ကို နားလည်မှုမပေးတာတွေလည်းရှိတယ်။ အဲဒီလိုမျိုး အခက်အခဲတွေကလည်း အများကြီးပါပဲ။ တစ်ဖက်နိုင်ငံမှာဆိုတော့ ကိုယ့်နိုင်ငံလို မဟုတ်ဘူး။ အခက်အခဲလေးတွေရှိပါတယ်။

မေး – သူငယ်ချင်းတွေနဲ့ ရိုက်ကူးမှုအပိုင်းမှာကိုယ့်ဘက်က ဘယ်လိုမျိုးကူညီပေး ခဲ့တာရှိလဲ။

ဖြေ – သူငယ်ချင်းဆိုတာထက် အကုန်လုံးက ညီအစ်ကိုလိုတောင်ဖြစ်နေပါပြီ။ ဘယ်သူ့မှာ အခက်အခဲပဲရှိရှိ အကုန်လုံး၊ အားလုံးက ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းပြီးတော့ကူညီကြတာ။ ကျွန်တော် ဒုက္ခရောက်နေတဲ့အချိန်မှာ ကူညီခဲ့တာတွေ အများကြီးရှိခဲ့ကြပါတယ်။

မေး – ဆက်ပြီးတော့ ကိုယုန်လေးနဲ့ဘယ်လိုမျိုးတွေ ရိုက်ကူးဖို့ရှိဦးမလဲ။

ဖြေ – ကျွန်တော်ကတော့ ကာရိုက်တာအစုံပါပဲ။ ကျွန်တော်နဲ့ယုန်လေးတွဲပြီး နှစ်ယောက်ဒရာမာတွေလည်းဆက်ရိုက်သွားဖို့ရှိပါတယ်။

-Ads-
-Ads-