အဆိုတော်ပိုပိုနှင့် တွေ့ဆုံခြင်း

အဆွေးသီချင်း၊ အလွမ်းသီချင်းကို သီဆို၍ အောင်မြင်မှုရရှိလာသည့် အဆိုတော်ပိုပိုက သူမ၏Masterpieceအမည်ရှိMTV DVD Karaoke အခွေကို စက်တင်ဘာ၉ ရက်တွင် ထွက်ရှိတော့မည်ဖြစ်သည်။

အဆိုတော်ပိုပိုနှင့်တွေ့ဆုံခိုက် သူမ၏သီချင်းများ၊ သရုပ်ဆောင်မှုအပိုင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဖြေကြားထားသည်များအား ပြန်လည်ဖော်ပြပေးလိုက်ပါသည်

မေး-သီချင်းတွေမှာ ကိုယ်တိုင်ဒါရိုက်တာအဖြစ် ရိုက်ကူးဖြစ်တာဘာကြောင့်လဲ။

-Ads-
-Ads-

ဖြေ-အဲဒါကတော့ ပိုပိုက စိတ်ကူးထဲမှာ အမြဲတမ်း သီချင်းကိုဘယ်လိုမျိုးရိုက်ရင်ကောင်းမလဲအမြဲစဉ်းစားနေတယ်။

နောက်တစ်ခုကတော့ သီချင်းမရေးခင်ကတည်းက Story ကို စဉ်းစားပြီးတော့မှ သီချင်းရေးတာပါ။

အခုဆိုလို့ရှိရင် သီချင်းတောင် မရေးရသေးဘူး။

ပိုပိုရဲ့ နောက်ထပ်တစ်ခွေကို သီချင်းခေါင်းစဉ်ပေးပြီးသွားပြီ။

မေး-ကိုယ်တိုင် သရုပ်ဆောင်ခွင့်ရမယ်ဆိုရင် ဘယ်လို ကာရိုက်တာမျိုးသရုပ်ဆောင်ချင်လဲ။

ဖြေ-သရုပ်ဆောင်ပိုင်းမှာတော့ ပိုပိုက ပေါ့ပေါ့ပါးပါးလေးတွေ၊

နောက်ပြီးတော့ ပိုပို့ရဲ့ စိတ်ကူးထဲမှာရှိတဲ့ အတိုင်းသရုပ်ဆောင်ချင်ပါတယ်။

အရမ်းအကြီးကြီးတွေတော့ သရုပ်မဆောင်တတ်ဘူး။

ကိုယ်တွေက ပရော်ဖက်ရှင်နယ်မှ မဟုတ်တာ။ အဲဒီလိုဆိုတော့ ကိုယ့်ရဲ့ စိတ်ထဲမှာရှိတဲ့ ပုံစံလေးတွေတော့ သရုပ်ဆောင်ချင်ပါတယ်။

မေး-ကိုယ်တိုင် ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖန်တီးသွားဖို့ ရှိမလား။

ဖြေ-ပိုပိုတို့ ကအချိန်လည်းလိုပါသေးတယ်။

ဘာဖြစ်လို့လဲဆိုတော့ ပိုပိုတို့က အရင်တုန်းကလိုထုတ်လုပ်သူတွေက ပိုက်ဆံထုတ်ရိုက်နိုင်တဲ့ ခေတ်မဟုတ်တော့ဘူး။

ကိုယ့်ဘာသာကိုယ်လုပ်ချင်တဲ့စိတ်လေးတော့ရှိပါတယ်။

ဒါပေမဲ့ ပိုက်ဆံလည်း နည်းနည်းစုရဦးမယ်။ လုပ်စရာရှိတာလေးတွေလည်း လုပ်ရဦးမယ်။

မေး-မူးယစ်ဆေးဝါးနဲ့ အနုပညာရှင်တွေကို တွဲပြီး မြင်လာကြတဲ့အပေါ်ဘယ်လိုမျိုး ပြောချင်လဲ။

ဖြေ-ပိုပို ထင်တာကတော့ အနုပညာရှင်တွေချည်းပဲ မူးယစ်ဆေးဝါးသုံးတာမဟုတ်ဘူးလို့ ထင်ပါတယ်။

အပြင်က သူတွေလည်းမူးယစ်ဆေးဝါးသုံးတဲ့သူတွေလည်းအများကြီးရှိပါတယ်။

ပိုပိုဆိုရင် အရက်တောင်မသောက်တတ်တဲ့သူ၊ ဆေးသုံးဖို့ဆိုတာဝေလာဝေးပဲပေါ့။

ပိုပိုလို အနုပညာရှင်တွေလည်း အများကြီးရှိမှာပဲ။

တခြားအနုပညာရှင်မှ မဟုတ်ဘူး တစ်နိုင်ငံလုံးက ဆေးသုံးချင်တဲ့သူကတော့ ဆေးသုံးနေမှာပဲ အဲဒီလိုမျိုး သီးသန့်ချည်းတော့ သတ်မှတ်လို့မရပါဘူး။

မေး-တချို့ကလည်း မူးယစ်ဆေးဝါးသုံးမှ ဖန်တီးမှုကောင်းတယ်ပြောတယ်။ဒီအပေါ်မှာရော ဘယ်လိုထင်လဲ။

ဖြေ-ဒါကတော့ သူတို့ ခံစားချက်ပေါ့နော်။

ပိုပို ဘယ်လိုပြောရမလဲကိုယ့်ရဲ့ ခန္ဓာကိုယ်က အနုပညာတွေစီးဆင်းနေတဲ့အတွက်ကြောင့်ဘာအကူမှ မလိုဘူးလို့ ထင်ပါတယ်။

ကိုယ်ကိုယ်တိုင်လည်း အမြဲတမ်း သီချင်းတွေရေး၊ သီချင်းတွေလုပ်တယ်။ ဒါရိုက်တာလုပ်တယ်။

အများကြီး အများကြီးပေါ့နော်။

တစ်ခါမှ မူးယစ်ဆေးဝါးကို အကူပစ္စည်းလို့ပဲထားပါတော့ အကူပစ္စည်းတစ်ခုကြောင့် ကိုယ်က အရမ်းတော်သွားတဲ့သူဖြစ်သွားမယ်ဆိုတဲ့ အတွေးမျိုးကမှားတယ်။

ကိုယ်ကအနုပညာသမားစစ်ရင် သူ့ဘာသာသူ ရင်ဘတ်ထဲက ထွက်လာမှာပဲ။

အဲ့ဒါတွေမလိုအပ်ဘူးလို့ထင်ပါတယ်။

ဒါပေမဲ့မူးယစ်ဆေးဝါးသုံးတဲ့အနုပညာရှင်တွေ ရှိချင်ရှိမယ်။

အဲဒါတွေကတော့ သူတို့ရဲ့ လုပ်ပိုင်ခွင့်စိတ်ပေါ။

ပိုပိုကတော့ သူတို့ကို ဘာမှ ကန့်ကွက်တာမျိုးလည်း မရှိပါဘူး။

သူတို့ကို မလုပ်ပါနဲ့၊ လုပ်ပါလို့လည်း မပြောချင်ပါဘူး။ကိုယ်နဲ့လည်း မဆိုင်ပါဘူး။

မေး-လက်ရှိ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ပြစ်ဒဏ်တွေအပေါ်မှာ ပြည်သူတစ်ယောက်အနေနဲ့ အမြင်လေး ပြောပေးပါဦး။

ဖြေ-ဒါကတော့ အစိုးရပိုင်းနဲ့ ဆိုင်ပါတယ်။ အစိုးရတွေ၊ ရဲတွေလုပ်နေတဲ့ကိစ္စတွေဆိုတော့ ကိုယ်တွေတော့ဝင်ပြောချင်တဲ့ စိတ်တော့မရှိပါဘူး။

ဒါပေမဲ့ မူးယစ်ဆေးနဲ့ အဖမ်းခံရတဲ့အနုပညာရှင်တွေကိုတော့ လျော့ပေါ့ပြီးတော့မှ ဆုံးဖြတ်ပေးတာမျိုးဖြစ်စေချင်တယ်။

ဒါမှမဟုတ်လို့ရှိရင် ဥပဒေကတော့ အတည်မပြုရသေးဘူးဆိုပေမယ့် ပညာပေးလုပ်ငန်းတွေလုပ်ခိုင်းပြီးတော့ ဆေးဖြတ်တာမျိုးတွေကိုတော့ လုပ်ပေးစေချင်ပါတယ်။

မေး-ပရိသတ်ကိုရော ဘာများပြောချင်သေးလဲ။

ဖြေ-Masterpieceအခွေက အရမ်းမိုက်တယ်ဆိုတာကို ပြောပြချင်တယ်။

မင်းကိုမချစ်လို့ မဟုတ်ဘူးကွယ်ဆိုတာ အရမ်းမိုက်တယ်။

မြန်မာနိုင်ငံမှာနာမည်ကြီးမင်းသားတွေနဲ့လည်းရိုက်ထားသလို နာမည်ကြီးမော်ဒယ်လ်တွေနဲ့လည်း ရိုက်ထားပါတယ်။

အရမ်းလည်းချောတဲ့ မော်ဒယ်လ်တွေဆိုတော့ပရိသတ်တွေကြည့်ရတာ အရမ်းကောင်းမှာပါ။

-Ads-
-Ads-