သရုပ်ဆောင်ယုန်လေးနှင့်တွေ့ဆုံခြင်း

အဆိုတော်ယုန်လေး ဒါရိုက်တာအဖြစ်ကိုယ်တိုင်ရိုက်ကူးပါဝင်ထားသည့် အထူးတပ်ဖွဲ့ဝင်ကိုးဦး (Special 9) ရုပ်ရှင်ဇာတ်ကားကိုစက်တင်ဘာ ၇ ရက်မှစတင်ကာ ရုံတင်ပြသလျက်ရှိသည်။

အဆိုပါဇာတ်ကားသည် အခြားသောဇာတ်ကားများနှင့်မတူဘဲ အဆိုတော်များစွာပါဝင်သရုပ်ဆောင်ထားသည့် ထူးခြာသောအက်ရှင်ဇာတ်ကားပုံစံမျိုးဖြစ်သည်။

ယင်းဇာတ်လမ်းကို ကိုယ်တိုင်ရိုက်ကူးပုံဖော်ထားသည့်အဆိုတော်ယုန်လေးနှင့်တွေ့ဆုံခိုက်ဇာတ်ကားရိုက်ကူးခဲ့သည့် အခက်အခဲ၊ အမှတ်တရအကြောင်းအရာများအား မေးမြန်းထားမှုများမှအချို့ကို ပြန်လည်ဖော်ပြပေးလိုက်ပါသည်-

မေး-Special 9ဇာတ်ကားကို ဇာတ်လမ်းအပိုင်းရော ဒါရိုက်တာတစ်ယောက်အနေနဲ့ပါရိုက်ကူးဖို့ ဘယ်လိုမျိုး စဉ်းမိသွားတာလဲ။

ဖြေ-ကျွန်တော်ငယ်ငယ် ၂၀၀၉- ၂၀၁၀ လောက်ကတည်းက ဒီဇာတ်လမ်းလေးကို ကို့သမိုင်းကိုယ်ရေးကြသူများ(၁)ဆိုပြီးရိုက်မယ်လို့တွေးထားတာပါ။

ကိုမြင့်မြတ်နဲ့စတွေ့တဲ့အချိန်မှာ ပြောပြတယ်။ ရိုက်မယ်ပေါ့။ ဒါပေမဲ့ အဲဒီတုန်းကကျွန်တော်တို့မှာ အခွင့်အရေးမရှိခဲ့ဘူး။ အခုမှရတဲ့အတွက် ရိုက်ဖြစ်တာပါ။

မေး-ဒီ Special 9 ကအပိုင်း(၂)အနေနဲ့ လာဦးမလား။

ဖြေ-သေချာတော့မသိသေးပါဘူး။ ဒီဇာတ်ကားမှာပါတဲ့လူတွေကလည်းထွေထွေထူးထူး ညှိစရာမလိုပါဘူး။

တကယ်ချစ်တဲ့သူတွေချည်းပဲ ဒီရုပ်ရှင်ထဲကိုထည့်ထားတာ။

အပြင်မှာလည်း တကယ်ရင်းနှီးတယ်။ Team Workလည်း ရှိတယ်။

အပျော်ဆုံးပဲ။တကယ်ချစ်တဲ့မိသားစုတွေဆိုတော့ လာတာပဲကိုပဲ ကြည့်လိုက်။

တစ်ယောက်၊ နှစ်ယောက်လာတာမဟုတ်ဘူး။ သမ္မတရုပ်ရှင်ရုံကို အကုန်လုံးအတူတူလာဖြစ်တယ်။

မေး-ရဲကိုမယုံဘူးဆိုတဲ့ စကားလုံးကိုဇာတ်လမ်းမှာထည့်သုံးသွားတာတွေ တွေ့ရတယ်။ဘယ်လိုမျိုး စဉ်းစားမိတာလဲ။

ဖြေ-အဲဒါက ပြည်သူတွေတော်တော်များများက ရဲကိုမယုံကြည်ကြဘူးလေ။အရှင်းဆုံးပြောကြတာပါ။ ကျွန်တော် တကယ်တော်တဲ့ရဲတွေကိုလည်း တွေ့ဖူးပါတယ်။

ကျွန်တော် တကယ်အပြောခံရဖူးတာပါ။ ငါတို့က မယုံကြည်လည်း ငါတို့ဘာသာငါတို့ သက်သေပြမှာ၊ ငါတို့အလုပ်ကို ငါတို့လုပ်မယ်ဆိုပြီးတော့ အဲဒီလိုမျိုးရဲတွေလည်းရှိကြတယ်။

အမှန်တိုင်းပြောရင် ကျွန်တော် အဲဒီစကား ရဲတွေကိုပြောရင်တော့ မုန်းမှာပေါ့။ ပြည်သူတွေ တကယ်ဒုက္ခရောက်လို့ ခင်ဗျားလာကယ်တယ်ဆိုတာ အယုံအကြည်မရှိဘူးဆိုတာပါ။

ဒါပေမဲ့ အဲဒီမှာလည်း ဇာတ်လမ်း၊ ဇာတ်ကွက်အရ အမုန်းခံပြီးပြောထားတာပါ။

မေး-ဇာတ်ကားရိုက်ကူးရင်း ရဲအဖမ်းခံခဲ့ရတာ ဘယ်လိုမျိုးကြောင့်လဲ။

ဖြေ-သိတဲ့အတိုင်း ဂန်းစတားလိုပုံစံမျိုးကားတွေ ငါးစီး၊ ခြောက်စီး လူတွေအများကြီးထွက်၊ အမည်းရောင်တွေ အကုန်ဝတ်ထားတာဆိုတော့လေ။

ကျွန်တော့်သူငယ်ချင်းက အိမ်ရာထဲက အလုံး ၁၀၀ မှာ အလုံး ၇၀ လောက်ကို သူပိုင်တယ်။

သူ့ဝင်းမှာပဲ သူပိုင်လို့သူလုပ်တာ။ တစ်အိမ်ကပဲတိုင်တာ။ ဘာကောင်တွေမှန်းမသိဘူးဆိုတဲ့အချိန်မှာ အိမ်တစ်အိမ်ကြောင့် ရဲတွေလာဖမ်းတဲ့အချိန်မှာ ကျွန်တော်တို့အဖွဲ့ဘယ်နားပြေးရမှန်းမသိဘူး။

သူများမြေဆိုတော့ ခံချလို့ လည်းမရဘူး။

ကျွန်တော်တို့မမြင်ဖူးတဲ့ ကြာပွတ်တွေရော၊ လျှပ်စစ်တုတ်တွေရော အများကြီးပါလာတယ်။

ပါလာတဲ့အတွက် ကျွန်တော့်သူငယ်ချင်း အားတီကို သနားပါတယ်။

ဒီကနေပြီးတော့ ကျေးဇူးတင်တယ်။ ဒါမင်းမြေမဟုတ်ဘူး၊ ငါပိုင်တဲ့နေရာပေါ့။

မင်းအကုန်လုံးပိုင်ရင်တောင် ဒါမင်းမြေမဟုတ်ဘူး။ ငါတို့ခွင့်ပြုချက်မရရင်တောင် ဘာမှလုပ်လို့မရဘူး။ အဲဒီမှာ တော်တော်ရှင်းလိုက်ရတယ်။

ခွင့်ပြုချက်တရားဝင်တင်ထားတာကိုထပ်တင်ပြီးတော့ ရွှေလီရုပ်ရှင်အစည်းအရုံးတွေ၊ဘာတွေသွားလိုက်တဲ့အတွက်ပါ။

ဒါပေမဲ့ အချိန်ကတော့ Waste ဖြစ်သွားတာပေါ့။

မေး-ထူးအယ်လင်းကို ထည့်ပြီးရိုက်ဖြစ်သွားတာကရော ဘယ်လိုမျိုးကြောင့်လဲ။

ဖြေ-တွေ့တုန်းကတော့ မလုပ်ဘူးဆိုတာတော့ ရှိတယ်။ မြင့်မြတ်နဲ့ ကျွန်တော့်ကို သူကချစ်တယ်။

ကျွန်တော်တို့က တင်းရင်တင်းတယ်၊ မခေါ်ဘူး။

ဟီးဟားဟီးဟားလုပ်ပြီးတော့ နောက်ကျောကိုဓားနဲ့မထိုးဘူး။

ဒါကြောင့် ကျွန်တော်တို့ကိုချစ်တယ်။ ကူညီဆိုလည်း ကူညီပေးတယ်။

မချစ်တဲ့ကောင်လည်းလာမတွဲနဲ့ ဒိုး။ ကျွန်တော်တို့က အဲဒီလိုမျိုးနေတာကို ကိုထူးအယ်လင်းကကြိုက်တယ်။

သူလည်းအဲ့လိုမျိုးဆိုတော့ ထွေထွေထူးထူးတောင်းစရာတောင် မလိုပါဘူး။

ကျွန်တော်တို့ကိုချစ်လို့ ဝင်လုပ်ပေးတာပါ။

မေး-ဒီဇာတ်ကားအတွက် အကယ်ဒမီမှန်းထားတာရော ရှိလား။

ဖြေ-အကယ်ဒမီတော့ မမှန်းပါဘူး။ ပရိသတ်ကြိုက်ရင် ပျော်တယ်။တကယ်မမှန်းပါဘူး။

အက်ရှင်လူမိုက်ကားတွေလည်း အကယ်ဒမီမပေးဘူးလို့ပြောတော့ မှန်းစရာလည်းမရှိပါဘူး။

မေး-ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်ဆီက မျှော်လင့်ထားတာရှိသေးလား။

ဖြေ-ကျွန်တော်တို့က ကြိုးစားဆဲပါ။ လူငယ်တွေပါ၊ အသစ်ပါ။

ကျွန်တော်ကတော့ ပထမဆုံးဆိုတော့ ဒီဇာတ်ကားလေးကို အားအရဆုံး။ကျွန်တော်အားရတာက သူတို့အတွက် ချို့ယွင်းချက်တွေရှိရင် ရှိမယ်။

ဒီချို့ယွင်းချက်တွေကို ကျွန်တော်နားထောင်ပါမယ်။

နောက်ကားတွေမှာဒီထက်ကောင်းအောင် တင်ဆက်ဖို့ကတိပေးပါတယ်။

ပရိသတ်တွေကို အားလုံးကကြည့်ရင် ကျွန်တော်တို့ တကယ်စေတနာထားတာတွေ့မှာပါ။ အဲဒီအတွက်လည်း ကျွန်တော်တို့ရဲ့စေတနာရောင်ပြန်ဟပ်ပြီးပြန်ရမယ်လို့ မျှော်လင့်ပါတယ်။