၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်မည့် တရုတ် ယူ-၂၁ အသင်းကို ဟစ်ဒင့်နည်းပြမည်

တရုတ်အစိုးရသည် ဘောလုံးအဆင့်အတန်းမြင့်မားစေရန် ကမ္ဘာ့ ထိပ်တန်း ဘောလုံးသမားများနှင့် နည်းပြများအား တရုတ်စူပါလိဂ်သို့ ခေါ်ယူကစားခိုင်းနေသလို တရုတ် လက်ရွေးစင်အသင်းကြီးကိုလည်း အီတလီဝါရင့်နည်းပြ မာဆယ်လိုလစ်ပီအား တာဝန်ပေးထားပြီး ယခုလည်း ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲအတွက်ရည်ရွယ်ကာ တရုတ် ယူ-၂၁ အသင်းနည်းပြအဖြစ် ဟစ်ဒင့်ကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း စက်တင်ဘာ ၉ ရက်၌ အတည်ပြုကြေညာခဲ့သည်။

တရုတ်နိုင်ငံသည် အိမ်ရှင်လုပ်ခွင့်ရသည့် ၂၀၀၈ ပေကျင်းအိုလံ ပစ်ပြိုင်ပွဲ၌ အလိုအလျောက်ခြေစစ်ပွဲအောင်ခဲ့သော်လည်း တစ်ကြိမ်မျှ ပုံမှန်အတိုင်း အိုလံပစ်ခြေစစ်ပွဲအောင်ခဲ့ခြင်းမရှိသလို မိမိကိုယ်တိုင်သည်လည်း အာရှဘောလုံးလောက အတွေအကြုံမရှိခြင်းကြောင့် တိုကျိုအိုလံပစ်ခြေစစ်ပွဲ အောင်ရန်မှာ ခက်ခဲသည့် စိန်ခေါ်မှုဖြစ်ကြောင်း ဟစ်ဒင့်က ပြောဆိုခဲ့သည်။

အသက် (၇၁) နှစ်ရှိပြီဖြစ်သော ဟစ်ဒင်သည် နယ်သာလန်နှင့် တောင်ကိုရီးယားလက်ရွေးစင်အသင်းတို့ကို ၁၉၉၈ နှင့် ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ဆီမီးဖိုင်နယ်အဆင့်သို့ ပို့ဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး ရီးရဲလ်၊ ချယ်လ်ဆီးနှင့် ရုရှား အသင်းများကိုလည်း နည်းပြခဲ့သူဖြစ်သည်။

-Ads-
-Ads-

ရာထူးသစ်အတွက် ဟစ်ဒင့်က ပြောကြားခဲ့ရာတွင် လက်ရှိ ယူ-၂၁ အသင်းအတွက် အသုံးပြုနိုင်လောက်သည့် ကစားသမား လေး၊ ငါးဦးသာ မြင်ထားကြောင်း နယ်သာလန်မီဒီယာများအား ပြောကြားခဲ့သည်။

၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ၏ ဘောလုံးပွဲစဉ်အတွက် အိမ်ရှင် ဂျပန်က တစ်နေရာသေချာပြီးဖြစ်ခြင်းကြောင့် အခြားအာရှအသင်း သုံးသင်းသာ ခြေစစ်ပွဲအောင်ခွင့်ရှိနေသည်။ ထိုအိုလံပစ်ပွဲအတွက် ခြေစစ်ပွဲအောင်စေရန် ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ကစားမည့် အာရှ ယူ-၂၃ ပြိုင်ပွဲမှ ရလဒ်ကိုကြည့်၍ ဆုံးဖြတ်မည်ဖြစ်ကာ ထိုပွဲအတွက် ခြေစစ်ပွဲများကို လာမည့်မတ်လတွင် စတင်ကျင်းပသွားမည်ဖြစ်သည်။

-Ads-
-Ads-