ယူအီးအက်ဖ်အေက မိမိကိုအငြိုးဖြင့်သုတ်သင်သည်ဟု စီရိုနယ်ဒိုခံစားရတစ်ပွဲပယ်ပြစ်ဒဏ်သာ ခံရနိုင်၍ မန်ယူနှင့်နှစ်ကျော့စလုံး ပါဝင်နိုင်ဖွယ်ရှိ

ဂျူဗင်တပ်တိုက်စစ်မှူး စီရိုနယ်ဒိုသည် ပြီးခဲ့သည့်ကြားရက်က ဗလန်စီယာနှင့် ချိန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲတွင် ဗလန်စီယာကစားသမား မာရီလိုကို ဆံပင်ဆွဲမိခြင်းကြောင့် ဂျာမန်ကွင်းလယ်ဒိုင်ကတိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခြင်းမှာ ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေက မိမိအားအငြိုးဖြင့် သုတ်သင်ခြင်းဖြစ်သည်ဟု ခံစားနေရကြောင်း သိရသည်။

ထိုဖြစ်စဉ်တွင် တိုက်ရိုက်အနီကတ်မှာမျှော်လင့်ထားခြင်းမရှိသော ပြစ်ဒဏ်ဖြစ်၍စီရိုနယ်ဒိုသည် ကွင်းအတွင်း ငိုယိုခဲ့ပြီး ကွင်းထဲမှထွက်ခွာရန် တုံ့ဆိုင်းခဲ့သည်။

ယူအီးအက်ဖ်အေတွင်ဩဇာကြီးမားသော ရီးရဲလ်အသင်းက ထွက်ခွာခဲ့ပြီးနောက် မိမိအပေါ် ယူအီးအက်ဖ်အေက ဆက်ဆံမှုသည် များစွာပြောင်းလဲသွားခဲ့ပြီး ယူအီးအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံးအားကစားသမားဆုပေးပွဲတွင်လည်း မိမိသာ ထိုဆုရမည်ဟု ယုံကြည်ထားသည့်ကြားမှ ဆုပေးပွဲကျင်းပရန် သုံးနာရီအလိုမှ ထိုအကြောင်းကိုသိခဲ့ရပြီး မိုဒရစ် ထိုဆုရရှိသွားခဲ့သည် ကိုသိရကြောင်း၊ ထိုကြောင့်တက်ရောက်ရန် ပျက်ကွက်ခဲ့မှုကို ယူအီးအက်ဖ်အေက အငြိုးထားရှိကာ ယခုလိုလုပ်ဆောင်နေခြင်းဖြစ်မည်ဟု အသင်းဖော်များကို ဖွင့်ဟကြောင်းသတင်းများတွင် ပါရှိလာခဲ့သည်။

လက်ရှိတွင် စီရိုနယ်ဒို၏ အနီကတ်အတွက်ယူအီးအက်ဖ်အေသည် ကြားနာစစ်ဆေးသွားမည်ဖြစ်ရာ နှစ်ပွဲပယ်ပြစ်ဒဏ် သို့မဟုတ် သုံးပွဲပယ်ပြစ်ဒဏ်အထိ ချမှတ်ခံရနိုင်သော်လည်း ယူအီးအက်ဖ်အေအတွင်း သတင်းအရင်းအမြင်အရတစ်ပွဲသာ ပွဲပယ်မည်ဖြစ်ပြီး ထပ်တိုးအရေးယူပွဲပယ်မှု မလုပ်နိုင်ကြောင်းသိရ၍ ထိုသို့ဆိုလျှင် စီရိုနယ်ဒိုမှာ အသင်းဟောင်း မန်ယူနှင့် ချန်ပီယံလိဂ်အုပ်စုတွင်း နှစ်ပွဲစလုံး ပါဝင်ကစားခွင့်ရမည်ဖြစ်သည်။

တစ်ပွဲပယ် ပြစ်ဒဏ်ဆိုလျှင် စီရိုနယ်ဒိုသည် နောက်လာမည့်ယန်းဘွိုင်းနှင့် တစ်ပွဲသာ ပွဲပယ်ထိပြီး အောက်တိုဘာ၂၃ ရက်တွင်မန်ယူကွင်းသို့သွားကစားရမည့်ပွဲနှင့် နိုဝင်ဘာ ၇ ရက်တွင်အိမ်ကွင်း၌မန်ယူကိုလက်ခံကစားရမည့် နှစ်ပွဲစလုံးပါဝင်ကစားခွင့်ရမည်ဖြစ်သည်။

ယူအီးအက်ဖ်အေ စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ထိုပြစ်ဒဏ်အတွက် စက်တင်ဘာ၂၇ ရက်တွင် ဆုံးဖြတ်ချက်ချမှတ်မည် ဖြစ်သည်။