မန်မာ့စီးပွားရေးအကျပ်အတည်းအပေါ် လုပ်ငန်းရှင်များအမြင်

“လုပ်ငန်းရှင်တွေရဲ့အသံက တကယ့် ရင်တွင်းကခံစားချက်တွေပါ၊လိမ်ပြီး ငိုပြနေတာ မဟုတ်ပါဘူး” ဦးစိုင်းခွန်နောင်

“ဆောက်လုပ်ရေးကဏ္ဍဆိုရင် လုံးဝ သေမလား၊ ရှင်မလားဆိုတဲ့နှစ်လမ်းပဲရှိတော့တဲ့ အခြေအနေ ရောက်နေပြီ” ဦးမျိုးမြင့်

မြန်မာနိုင်ငံ၏ အိမ်ခြံမြေရောင်းဝယ်ငှား ဝက်ဘ်ဆိုက်ဖြစ်သညMyanmarHouse.com မှ ကြီးမှူး၍]မြန်မာ့စီးပွားရေး ဘာလဲ၊ဘယ်လဲ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာ ၂၉ရက် နံနက် ၉နာရီက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ကုန်သည် စက်မှုအသင်းချုပ်ရုံး (UMFCCI) တွင် ကျင်းပခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် အိမ်ခြံမြေ၊ ဆောက်လုပ်ရေးနှင် hအခြားမတူညီသည့် စီးပွားရေးလုပ်ငန်းရှင်များက လက်ရှိ ဖြစ်ပေါ်နေသည့်စီးပွားရေးအခြေအနေများနှင့် လုပ်ဆောင်သင့်သည့်အကြောင်းအရာများကို အသီးသီးဆွေးနွေးဟောပြောခဲ့သည်။ သို့ဖြစ်၍ ဆွေးနွေးဟောပြောချက်အချို့မှ ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ပြောဆိုချက်အချို့ကို ကောက်နုတ်ဖော်ပြလိုက်ရပါသည်

ဦးစိုင်းခွန်နောင် (မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း-ဒုတိယဥက္ကဋ္ဌ)

သိပ်အရေးကြီးတဲ့ ကဏ္ဍထဲမှာ အိမ်ခြံမြေ စီးပွားရေးပါနေတယ်။

နောက်တစ်ခုငွေကြေးစီးဆင်းမှုကလည်း ကြီးတယ်။အိမ်ခြံမြေလို့ပြောရင် အခွန်လျှော့မယ့်ကိစ္စတွေ၊ နိုင်ငံခြားသားဝယ်ယူမယ့်ကိစ္စတွေ၊ဝယ်ယူနိုင်တဲ့ ကိစ္စတွေကို အလျင်အမြန် လုပ်ပေးရမယ်။

ဘာလို့လဲဆိုရင် အိမ်ခြံမြေကသစ်ရောင်းတာနဲ့လည်းမတူဘူး၊ ကျောက်မျက်ရတနာ ရောင်းတာနဲ့လည်း မတူဘူး။

ဒီ အိမ်ခြံမြေတွေက ကျွန်တော်တို့ တိုင်းပြည်ထဲမှာပဲ ကျန်ခဲ့မှာ။

သူတို့ငွေတွေက အလုံးအရင်းနဲ့ ဝင်လာမယ့် အနေအထားမျိုးဖြစ်တယ်။

လက်ရှိကွန်ဒိုဥပဒေလည်း လုပ်နေတဲ့အခါမှာ အခက်အခဲများစွာ ကျော်ခဲ့ရတယ်။

ဥပဒေက ငါးနှစ်နဲ့ ကိုးလလောက်အထိကိုကြာသွားပြီးတော့ နည်းဥပဒေထွက်လာပြီ။

ဒါပေမဲ့ နည်းဥပဒေ၊ ဥပဒေကျင့်သုံးမှုကိုကြီးကြပ်တဲ့ကော်မတီဖွဲ့တာကလည်း ကြာနေပြီ။

ဒီလိုကြန့်ကြာမှုတွေကလည်း နိုင်ငံရဲ့ စီးပွားရေးအထကို အန်မတန်ပဲ နှေးကွေးစေတယ်။

အခုအချိန်အထိ ကျွန်တော်မြင်တာကတော့ တစ်ခုခုဆုံးဖြတ်ရမှာကို အရမ်းကြောက်နေသလားလို့ မြင်တယ်။

အရမ်းကိုEffect ကို ဂရုပြုပြီးလုပ်နေရတဲ့ အနေအထားကို မြင်နေတယ်။

သမ္မတ ဦးသိန်းစိန်ခေတ်ကနေပြည်သူ့အစိုးရခေတ်ဖြစ်လာပြီးဒီခေတ်မှာလည်း တစ်ခုခုကို ဆုံးဖြတ်ချက်ချဖို့ကို နှေးကွေးနေတယ်။

ဒါက ကျွန်တော်တစ်ယောက်တည်း ပြောနေတာမဟုတ်ပါဘူး။

ကွန်ဒိုဥပဒေတို့ အခွန်လျှော့ပေးတာတွေက သူများနိုင်ငံတွေမှာ အရမ်းမြန် တယ်။သူတို့အမိန့်ပဲ၊ ဘယ်လွှတ်တော်မှမဖြတ်ဘူး။

အဲဒီလိုကြာနေရင် တစ်ဖက်က လက်ဦးမှုရသွားမှာပေါ့။

ဒီမှာကကျတော့ ကျွန်တော်တို့နိုင်ငံက အရမ်းကိုသတိပြု လုပ်နေရတယ်။အမှားကြောက်နေတာပေါ့။ ဒီလိုလုပ်တာကလုပ်ငန်းရှင်တွေ အများကြီးနစ်နာမှု ရှိတယ်။

ဆုံးဖြတ်ချက်ချတဲ့သူတွေအနေနဲ့ ပြည်တွင်းက လုပ်ငန်းရှင်တွေရဲ့ အသံတွေလည်းနားထောင်ပေးပါဦး။

လုပ်ငန်းရှင်တွေရဲ့အသံက တကယ့်ရင်တွင်းက ခံစားချက်တွေပါ။ လိမ်ပြီး ငိုပြနေတာ မဟုတ်ပါဘူး။

အားလုံးက တကယ်ခံစားနေရလို့ တစ်သံတည်းထွက်နေတာပါ။

ဦးမျိုးမြင့် (MKT ConstructionCompany-ဥက္ကဋ္ဌ )

 

တန်ဖိုးနည်းအိမ်ရာတွေအတွက်သွင်းလာတဲ့ပစ္စည်းတွေကို နိုင်ငံတော်ကအခွန်မကောက်ဘူး။

ဆောက်လုပ်တဲ့ ကန်ထရိုက်တာတွေကို အခွန်ပေးမသွင်းဘူး။

ဒီလိုနည်းနဲ့ လုပ်ပေးရမှာကို။ အခုကတော့ရှိသမျှ Property နဲ့ပတ်သက်တာကို တစ်ခါတည်း ရိုက်ချိုးလိုက်သလို ဖြစ်သွားတယ်။

နောက်တစ်ခါကျတော့ ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ အခွန်မှာလည်း ၃၀ ရာခိုင်နှုန်းကိုဦးသိန်းစိန်အစိုးရလက်ထက်မှာ လျှော့ချခဲ့ပေမယ့် ဒီဘက်မှာတော့ ယနေ့အထိ လျှော့ချခြင်း မရှိသေးဘူး။ ၃ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်းလျှော့ဖို့ကြိုးစားတာကလည်း မအောင်မြင်ဘူး။

လူတွေက ၃၀ ရာခိုင်နှုန်းပဲမြင်ကြတာပေါ့။ ကျွန်တော်တို့က ၃၀ ရာခိုင်နှုန်း အပေါင်းတံဆိပ်ခေါင်းခွန် ၄ ရာခိုင်နှုန်းရှိတော့ သိန်းတစ်ထောင်ဆိုရင် သိန်း ၃၄၀ ဆောင်ရမယ်ဆိုတော့ ဝယ်မယ့်သူဘက်က အခက်အခဲဖြစ်တယ်။

ဒါကြောင့် ဆောက်လုပ်ရေး အိမ်ခြံမြေလုပ်ငန်းတွေက အခုအခြေအနေမှာပြောရမယ်ဆိုရင် ပြိုလဲမယ့် မဖြစ်တဖြစ်အခြေအနေကို ရောက်နေပါပြီ။
ကျွန်တော်မြင်တာကတော့ နိုင်ငံတော်က ဒီတစ်နှစ်အတွင်းမှာ ငွေဈေးကိစ္စရော နဂိုကတည်း ကအခြေအနေမကောင်းတဲ့ အခြေအနေတွေပါပေါင်းပြီးတော့ ဒီတစ်နှစ်အတွင်းမှာ အားဖြည့်တာ တစ်ခုခုလုပ်မှ အဆင်ပြေမယ်လို့ကျွန်တော်ကတော့ ယူဆတယ်။

ငွေဈေးကျအောင် အခုလတ်တလော ဖမ်းတယ်၊

ဆီးတယ်ဆိုတာ လုပ်သင့်ပါတယ်၊ သို့သော်လည်း ရေရှည်လုပ်နေလို့ ရမလားဆိုတာကိုစဉ်းစားရမယ်။

အခြားနည်းလမ်းတစ်ခုကိုစဉ်းစားဖို့လိုပါပြီ။ ဖမ်းနေရင် ငွေဈေးလည်းမဖွင့်၊ ရွှေဈေးလည်းမဖွင့်တော့ရင် ကျွန်တော်တို့ နိုင်ငံက Import ကို မှီခိုနေရတော့ ငွေလိုလာမယ်။

လိုလာရင် မှောင်ခိုဈေးကွက်ပေါ်လာမယ်။ မှောင်ခိုဈေးကွက်ပေါ်လာရင်ငွေဈေးက မှန်းလို့မရတာတွေ ဖြစ်လာနိုင်တယ်။

အခုလက်ရှိ ဝင်ရောက်ထိန်းတာထိန်းသိမ်းသင့်တယ်။

ရေရှည်မှာ ဒီနည်းလမ်းတစ်ခုမဟုတ်ပဲနဲ့ နိုင်ငံတော်တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ ဘယ်လိုနည်းလမ်းနဲ့ရေရှည်မှာ ကုစားမလဲ။

ဘယ်သူ့ဆီက အကူအညီယူပြီးတော့ ဒီနေရာမှာ ဘယ်လိုအားဖြည့်ပေးမလဲဆိုတာကို စဉ်းစားချိန်တန်ပြီလို့ ပြောချင်ပါတယ်။

မြန်မြန်ကုစားသင့်တယ်လို့လည်း ထင်ပါတယ်။ ကျွန်တော်တို့ ဆောက်လုပ်ရေးကဏ္ဍဆိုရင် လုံးဝသေမလား၊ ရှင်မလားဆိုတဲ့ နှစ်လမ်းပဲရှိတော့တဲ့အခြေအနေ ရောက်နေပြီ။ မင်း ဒါလုပ်မလား၊မလုပ်ရင်အသေခံမလား၊ နှစ်ခုမှာ တစ်ခုခုကိုရွေးရတော့မယ့် လမ်းဆုံးအခြေအနေ အထိကိုဖြစ်နေပြီလို့ ကျွန်တော်မြင်တယ်။

ဦးကျော်ကျော်လှိုင် (SMART Group of Company-ဥက္ကဌ)

 

 

စီးပွားရေး ဒီထက်ပိုပြီးကျမသွားဖို့ကအစိုးရလုပ်ရမယ့်အပိုင်းက ဒေါ်လာကိုများများဝင်လာအောင် လုပ်ဖို့လိုတယ်။

ဒေါ်လာဝင်နိုင်တဲ့နည်းလမ်းတွေ အများကြီးရှိတယ်။ နံပါတ်တစ်အချက်အနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာအောင် ဆွဲဆောင်ဖို့လိုမယ်။

ဝန်ကြီးဌာနအားလုံးကလည်းနိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို ဖိတ်ခေါ်ဖို့လိုအပ်တယ်။

ရေနံမှာဆိုရင် အရင်တုန်းက တင်ဒါခေါ်ခဲ့တဲ့အတွက်ကြောင့် တင်ဒါတွေဝင်လာတယ်။

ဒီနေ့ ရေနံကုမ္ပဏီတွေ တစ်ခုပြီးတစ်ခုထွက်နေတယ်။ ဒါတွေကို မထွက်အောင်ဆွဲဖို့လိုအပ်တယ်။

သို့သော် ဆွဲတာတွေမှာ အားနည်းနေသေးတယ်။

နောက်တစ်ခုက နိုင်ငံခြားမှာသွားအလုပ်လုပ်ရင် ပြန်ပို့တဲ့ပိုက်ဆံ၊ အဲဒီတော့ အဲဒီလူတွေ ပိုက်ဆံပြန်ပို့တာကနေဖိလစ်ပိုင်ဆိုရင် ဒီလိုပဲ ရပ်တည်နေတာပဲလေ။ အဲဒါကြောင့် ကျွန်တော်တို့က ပတ်စ်ပို့စ်တွေဆိုရင် ကူလုပ်ပေးမယ်။

နိုင်ငံခြားကိုသွားပြီး ပို့တဲ့သူတွေ ငွေပြန်ပို့ရင် သူတို့တစ်တွေအတွက် ဘယ်လိုအခွင့်အလမ်းတွေပေးမလဲ။

ဒါတွေကို ပြန်လုပ်ပေးရမယ်။နိုင်ငံခြားက ငွေဘယ်လောက်ပို့တဲ့သူဆိုရင်ကားကို ရန်ကုန်လိုင်စင်ပေးမယ်။

ဒါမျိုးတွေပေါ့။ ဒီလိုဆို နိုင်ငံခြားကနေပြီး ဒေါ်လာတွေပြန်ဝင်လာမယ်။

အခုတော့ သူတို့က ဒေါ်လာတွေကို ဟိုမှာပဲ ကိုင်ထားတယ်။

နံပါတ်သုံးအချက်ကတော့ ကွန်ဒိုတွေကို နိုင်ငံခြားသားတွေဝယ်ခွင့် အလွယ်တကူပေးရမယ်။ နိုင်ငံခြားဝင်ငွေ ဝင်နိုင်ဖို့export လုပ်ဖို့လိုမယ်။

ဒါပေမဲ့ လွယ်လွယ်ကူကူပို့နိုင်အောင် လုပ်ပေးရမယ်။

နိုင်ငံခြားကို ပစ္စည်းတွေလွယ်လွယ်ကူကူပို့နိုင်မှ ပစ္စည်းတွေကနိုင်ငံခြားထွက်ပြီးတော့ အဲဒီက ငွေဝင်မှာပေါ့။

နောက်ဆုံးအချက်က အစိုးရလုပ်နေတဲ့စီးပွားရေးတွေထဲမှာ ရှုံးနေတဲ့ စီးပွားရေးတွေအကုန်ပေါင်းရင် တစ်နှစ်ကို သန်း ၅၀၀ရှိတယ်။

ကုန်သွယ်ရေးလိုငွေက ၄ ဘီလီယံရှိနေတယ်။ အဲဒီသန်း ၅၀၀ မရှုံးရင် ၁၅ ရာခိုင်နှုန်းလောက် သက်သာသွားမယ်။

အဲဒီတော့ရှုံးနေတဲ့ စီးပွားရေးတွေ အကုန်ရပ်ပစ်ရမယ်။

Cooperate အသွင်ပြောင်းပစ်ရမယ်။ပုဂ္ဂလိကလက်ထဲကိုပေးတာထက် Cooperateအသွင်ပြောင်းတာမျိုးလုပ်ရမယ်။

ဒီလိုပြောင်းလိုက်မှ ပိုပြီး သွက်သွက်လက်လက်လှုပ်ရှားနိုင်ပြီးတော့ စီးပွားရေးပုံစံကလည်ပတ်လာနိုင်မယ်။