သရုပ်ဆောင်၊ အဆိုတော် မာရီကိုးလ်နှင့် တွေ့ဆုံခြင်း

သရုပ်ဆောင်၊ အဆိုတော်မာရီကိုးလ်သည် နာဂတိုင်းရင်းသူတစ်ဦးဖြစ်ပြီး ပရိသတ်၏ စိတ်ဝင်စားမှု အများအပြားရရှိသူလည်းဖြစ်သည်။လက်ရှိတွင် သရုပ်ဆောင်အလုပ်များကိုရပ်နားထားပြီး ဂီတပိုင်းကို အချိန်ပေးနေသူလည်းဖြစ်သည်။ သူမနှင့်တွေ့ဆုံစဉ် မကြာမီ အသစ်ထွက်ရှိတော့မည့် သီချင်းခွေအသစ်အကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကျန်းမာရေးသံတမန်အဖြစ် ခန့်အပ်ခံရသည့်အကြောင်း၊ အနုပညာလှုပ်ရှားမှုများကို မေးမြန်းကောက်နုတ်ဖော်ပြလိုက်ပါသည်-

မေး-လတ်တလောအနုပညာလှုပ်ရှားမှုကို ပြောပြပါဦး။

ဖြေ-အခု သီချင်းခွေထွက်ဖို့ ကြိုးစားနေပါတယ်။ ၁၂ လ
ပိုင်းလောက်မှာ ထွက်မယ်။ Mini Album CDထွက်မယ်။

မေး-သီချင်းခွေထဲမှာ ကိုယ်တိုင်ဆိုထားတာတွေပဲလား။

ဖြေ-တစ်ကိုယ်တော်ပဲ ဆိုထားတာပါ။ Featuring ကတော့ ဘယ်သူလဲဆိုတာ မထည့်ရသေးဘူး။

ဘယ်သူဖြစ်မလဲဆိုတာ မသိသေးဘူး။ ဒီအခွေက မာရီ့အတွက် ပထမဆုံးအခွေလည်းဖြစ်တော့ အကောင်းဆုံးလုပ်ထားတယ်။

အခွေထဲမှာရော ဘယ်လိုသီချင်းတွေပါဝင်လဲ။မာရီကိုးလ်က အသံလုံးနည်းနည်းကြီးတော့ ရော့ခ်သီချင်းတွေ ဆိုချင်တာ။ အခုအခွေမှာတော့ ကိုယ်ကလည်းကတာဝါသနာပါတော့ Electro Pop ပုံစံမျိုးလေးတွေပါတယ်။

မေး-မာရီကိုးလ် ပရိသတ်နဲ့အရမ်းဝေးကွာနေတာဘာကြောင့်လဲ။

ဖြေ-ပရိသတ်နဲ့ဝေးနေတာက မာရီကိုးလ်ကြားမှာ
သီချင်းတွေလုပ်နေလို့ပါ။ ပြီးတော့ မာရီကိုးလ်တို့ နာဂဒေသအတွက်Traveller ပုံစံမျိုးလေး သွားရိုက်နေတာကြောင့်လည်း အဲဒီလိုဖြစ်သွားတာပါ။

အခုဆိုရင် မာရီကိုးလ်ကစစ်ကိုင်းတိုင်းသံတမန်လည်း ရထားတဲ့အတွက် ကိုယ့်ဒေသအတွက်ကိုသွားနေရတယ်။ အဲဒီဘက်တွေကို သွားနေရလို့အချိန်ကုန်နေတာပေါ့နော်။

ကိုယ့်လူမျိုးတွေကလည်း တိုင်းရင်းသားတွေအများကြီးထဲမှာမှ အလိုအပ်ဆုံးပေါ့နော်။

အစစအရာရာမပြည့်စုံဘူးဆိုတော့ အဲဒီအတိုင်းအတာလေးမှာ မာရီကိုးလ်တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီနေရတာဆိုတော့ အနုပညာလုပ်ငန်းဘက်မှာ အားနည်းသွားတာပါ။

မေး-ကိုယ်က သံတမန်တစ်ယောက်အဖြစ် ခန့်အပ်ခံရတော့ဘယ်လိုမျိုးတွေ လုပ်ပေးရလဲ။

ဖြေ-အခုဆို ပွင့်လင်းရာသီရောက်တော့မှာ ကလေးတွေကို ကာကွယ်ဆေးထိုးပေးတာတွေလုပ်ပေးရတယ်။

ကိုယ့်ကိုကျန်းမာရေးသံတမန်ခန့်ပေးတာဆိုတော့ ကျန်းမာရေးနဲ့ပတ်သက်တဲ့အသိပညာတွေ၊ ဗဟုသုတတွေ အဲဒါတွေပေးရတယ်။

ရွာတွေကိုဆင်းပြီး မာရီကိုးလ်တို့လူမျိုးတွေ ကျန်းမာရေးအသိပညာတွေရှိလာဖို့ ကိုယ်တိုင်သွားပြီး ကျန်းမာရေးဟောပြောတာတွေလုပ်ဖို့ အစီအစဉ်လေးတွေရှိပါတယ်။

မေး-အခွေထုတ်မယ်ဆိုရင်ရော ဘယ်လိုလုပ်သွားမယ်လို့ စီစဉ်ထားလဲ။

ဖြေ-မာရီကိုးလ်ကတော့ အကောင်းဆုံးပြင်ဆင်ထားတယ်။ ရှုံးဖို့၊ မြတ်ဖို့ကတော့ အဓိကမဟုတ်ပါဘူး။အဓိကတော့အနုပညာကို ကိုယ်ကချစ်မြတ်နိုးတဲ့ လူတစ်ယောက်ဆိုတော့အကောင်းဆုံးပေးဖို့ပဲ စီစဉ်ထားတယ်။

မရှိဘဲနဲ့ကြိုးစားနေရတဲ့လူတွေလည်းရှိတော့ အခွေတစ်ခွေထုတ်ဖို့ သူတို့အတွက်လည်း ခက်ခဲတာပေါ့နော်။ အဲဒီလိုမျိုးကျတော့ သူတို့အခွေတွေကို အားပေးစေချင်တယ်။

အွန်လိုင်းကနေအားပေးတာထက် CD ခွေတွေကို အားပေးသင့်တယ်။

မေး-ကိုယ်က အနုပညာအလုပ်တွေ ပြန်လုပ်တဲ့အချိန်မှာဂီတပိုင်းကို လုပ်ဖြစ်တာဘာကြောင့်လဲ။

ဖြေ-အဲဒီလိုတော့လည်း မဟုတ်ပါဘူး။ မာရီကိုးလ်ကျတော့ စိတ်မပါဘဲလုပ်တဲ့အလုပ်တွေက ထွက်လာလည်းကိုယ့်အတွက် Result မကောင်းနိုင်ဘူးလေ။အဲဒီတော့ထွက်လာရင်လည်း သေသေချာချာပြင်ဆင်ပြီးထွက်လာတာလေးတွေပဲ ပေးချင်တယ်။

ပေးချင်တဲ့မက်ဆေ့ခ်ျကိုလည်းကောင်းကောင်းလေး ပေးချင်တယ်။

ကိုယ်ကဇာတ်ကားတွေမရိုက်ဘူး ဆိုတာကလည်း ရိုက်ပြီးသွားရင်ကိုယ့်ဘာသာကို ကြည့်ပြီးရင်တောင် ရှက်နေတဲ့ရလဒ်မျိုးဖြစ်နေတော့ရိုက်လည်းဘာမှမထူးဘူး။

ငွေကြေးအနေနဲ့ကလည်း မြန်မာပြည်က အနုညာရှင်တွေက ဘာမှလုံလုံလောက်လောက်မရဘူး။ တကယ်လို့ ကိုယ့်အတွက် အခွင့်ရေးပေါ်လာရင်တောင်မင်းလုပ်ထားတာ ဘာတွေလဲပြဆိုရင် ကိုယ့်အတွက် Resultမကောင်းတာတွေပြမိသွားရင် အခွင့်အရေးလည်း ဆုံးရှုံးနိုင်တယ်။

သီချင်းကလည်း လုပ်တာကြာနေပြီ။ မထွက်လို့မဖြစ်ဘူး၊ ထွက်မယ်ဆိုပြီး လုပ်တာပါ။

မေး-ဂီတပိုင်းကို ပိုပြီးအာရုံစိုက်ဖြစ်တာကရော ဘာကြောင့်လဲ။

ဖြေ-ဂီတကတော့ လူတိုင်းရူးသွပ်တဲ့အရာဖြစ်တယ်။

ဂီတပိုးကလည်း လူတိုင်းရှိတာပဲ။ အနည်းနဲ့အများပဲ ကွာတာပါ။ မာရီကိုးလ်ကလည်း အကောင်းဆုံး ဂီတသမား ပညာရှင်ကြီးတစ်ယောက် မဟုတ်ခဲ့ရင်တောင်မှ ကိုယ်ထွက်လာတဲ့Result ကောင်းအောင်တော့ ကြိုးစားနေပါတယ်။

အခုထွက်လာမယ့်အခွေကိုလည်း ကောင်းကောင်းလေးပေးချင်တယ်။

မေး-သီချင်းခွေထွက်လာရင် ဘယ်လိုဖြန့်မလဲ။ သီချင်းဘယ်နှပုဒ် လောက်ပါမလဲ။

ဖြေ-အွန်လိုင်းကနေ ဖြန့်ဖို့ရှိတယ်။ သီချင်းကတော့ Mini Album ဆိုတော့ ခုနစ်ပုဒ်လောက်ပါမယ်။

မေး-ပရိသတ်ကို အမှတ်တရစကားလေးပြောပေးပါဦး။

ဖြေ-မာရီကိုးလ်သီချင်းအခွေလေးထွက်ဖို့ ပြင်ဆင်နေပါတယ်။

သီချင်းခွေထွက်လာတဲ့ အခါကျရင်လည်း အသစ်အဆန်းတစ်ခုအနေနဲ့ မြင်တွေ့ရမှာပါလို့ပြောချင်ပါတယ်။