ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များအပေါ် သူတို့အမြင်

“ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲအ့ ပေါ် အပြစ်တော့မြင်စရာမရှိပါဘူး။ ဒါပေမဲ့ သိပ်တော့အားမရဘူး”

ဦးမျိုးဝင်းမောင်(စာရေးဆရာ)

“အရင်အစိုးရရဲ့ အရှိန်တွေကျန်နေတော့ သူတို့ထင်တိုင်း မပေါက်ဘူးပေါ့။ အဲဒီလိုမျိုးတွေတော့ တွေ့နေရတယ်”

-Ads-
-Ads-

ဦးမြသွေး(ကုမ္ပဏီဝန်ထမ်း)

အစိုးရသက်တမ်းသုံးနှစ်ပြည့်ရန် နီးကပ်လာပြီဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များအပေါ် အားပေးထောက်ခံသူများရှိသကဲ့သို့အားမလိုအားမရ ဝေဖန်ကြသူများလည်း ရှိနေသည်။ အစိုးရအနေဖြင့် လက်ရှိကာလအထိ ဆောင်ရွက်ခဲ့မှုများတွင် အကျိုးသက်ရောက်မှုရှိသည့်အရာများရှိသလို အရာ မရောက်သည့်အရာများလည်းရှိနေပြီး ဖြေရှင်းရန်ခက်ခဲ သည့်ပြဿနာရပ် အများအပြားလည်း ရှိနေသည်။ ယင်းအခြေအနေများနှင့်ပတ်သက်ပြီး ပြည်သူအချို့၏ သဘောထားအမြင်များကို ဖော်ပြလိုက်ပါသည် –

ဦးဝင်းမော် (ဈေးသည်)

အခုလောလောဆယ် ဈေးရောင်းနေရတာဆိုတော့ အဆင်တော့သိပ်မပြေဘူး။ စည်းကမ်းတွေကြီးလွန်းတယ်။ အစိုးရရဲ့လုပ်ဆောင်မှုကို မကောင်းဘူးလို့လည်း ပြောလို့မရဘူး။ စည်းကမ်းဆိုတာ တိုင်းပြည်ရော၊ အိမ်ထောင်စုရော၊ မိသားစုရောမှာ စည်းကမ်းရှိမှအဆင်ပြေမှာပေါ့။ အခု လောလောဆယ်တော့ ခဏတော့ကျပ်တာပေါ့။

ဦးကီးလိန်း

ကျွန်တော့်အနေနဲ့ ယေဘုယျအမြင်အရဆိုရင် ကောင်းတယ်လို့ မြင်ပါတယ်။ အရင့်အရင်တုန်းကဟာတွေထက်စာရင် ကျွန်တော်တို့ ကာလကြာရှည်စွာ ဆင်းရဲလာခဲ့တယ်၊ ဒုက္ခရောက်လာခဲ့တာဆိုတော့ အခုတော့ အများအားဖြင့် ကောင်းပါတယ်လို့ ခွင့်လွှတ်နိုင်တယ်လို့ ကျွန်တော်တော့မြင်ပါတယ်။ မြို့တွင်း သွားရလာရတာလည်း ခါတိုင်းနဲ့ယှဉ်ရင် ဘတ်စ်ကားကျပ်တာတွေ သိပ်မများတော့ဘူး။ ကျွန်တော်က တော့ သွားလို့လာ လို့ ကောင်းသလားလို့ပဲ ထင်ပါတယ်။

ဦးမျိုးဝင်းမောင် (စာရေးဆရာ)

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အပေါ် အပြစ်တော့မြင်စရာမရှိပါဘူး။ ဒါပေမဲ့ သိပ်တော့အားမရဘူး။ လုပ်ရည်ကိုင်ရည်အပေါ် မှာတော့ တချို့က တကယ်ထက်မြက်တဲ့သူလည်းရှိတယ်။ တချို့ကျတော့လည်း နောက်ကနေ မှေးလိုက်ပြီးတော့ ဘာမှမဟုတ်တဲ့သူတွေလည်းရှိတယ်။ ဒါပေမဲ့ လုပ်တဲ့ကိုင်တဲ့နေရာမှာ မှားတာလည်း ရှိမယ်၊ မှန်တာလည်း ရှိမယ်။ အဓိကကတော့ အကုန်လုံးလက်တွဲခေါ်ပြီး စုပေါင်းညီညာလုပ်သွားရင်တော့ ပိုကောင်းလိမ့်မယ်လို့ထင်ပါတယ်။ အစိုးရရဲ့ လုပ်ဆောင်ချက်ကို ကောင်းတယ်လို့လည်း မမြင်ပါဘူး၊ မကောင်းဘူးလို့လည်းမမြင်ပါဘူး။ ဒါပေမဲ့ သူတို့လည်း ကြိုးစားတော့ ကြိုးစားနေတာပဲလေ။ ဒါပေမဲ့ အများပြည်သူမျှော်လင့်သလိုတော့ ဖြစ်စေချင်တယ်။

ဒေါ်ခင်ခင်အေး
(ဦးစီးအရာရှိ-တောင်ပိုင်းခရိုင် ပညာရေးမှူးရုံး)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကအခုလက်ရှိတော့ ကောင်းပါတယ်။ တော်တော်ကိုတိုးတက်လာတာပေါ့နော်။ အန်တီတို့ဆိုရင် တောထဲမှာနေပြီးတော့ မြို့ပေါ်တက်လာတာနဲ့တစ်ပြိုင်နက်တည်း အန်တီတို့မျက်စိထဲမှာအများကြီးပြောင်းလဲတာကို မြင်ခဲ့ရတယ်။ အန်တီ အများကြီးကြိုက်ပါတယ်။ လမ်းတွေ၊ တံတားတွေ၊ တိုက်တာအဆောက်အအုံတွေ၊ နောက်ပြီးပန်းခြံတွေပေါ့နော်။ အဲဒီလိုမျိုး သန့်ရှင်းသာယာလှပတာတွေ၊တိုးတက်တာတွေကို မြင်ရတဲ့အတွက် အန်တီကတော့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကိုကောင်းတယ်လို့ မြင်တာပါ။

ဦးမြသွေး (ကုမ္ပဏီဝန်ထမ်း)

တချို့အရာတွေက သူတို့ လုပ်မရတာလေးတွေလည်း ရှိတယ်။ အရင်အစိုးရရဲ့အရှိန်တွေကျန်နေတော့ သူတို့ထင်တိုင်းမပေါက်ဘူးပေါ့။ အဲဒီလိုမျိုးတွေတော့ တွေ့နေရ တယ်။ အခုအချိန်ကျော်သွားပြီး နောက်ငါးနှစ်ဆိုရင်တော့ ကောင်းမလားလို့ မပြောတတ်ဘူး။ လောလောဆယ်တော့ လှုပ်မရဘူး။ အစ်ကိုက အဲဒီလိုပဲ မြင်ပါတယ်။ တကယ်အလုပ်လုပ်ချင်ပေမယ့် ဖောင်ဒေးရှင်းမှာ ရှေ့ကပိတ်နေတဲ့ ထုကို ဖြိုဖို့မနိုင်ဘူး၊ စိတ်သွားတိုင်း ကိုယ်မပါဘူး။ အဲဒီလိုတော့ မြင်တယ်။ အရင်လူတွေထက်စာရင် အများကြီး ကောင်းတာပေါ့။ သူတို့လုပ်မရတဲ့အချက်တွေ ရှိတယ်။ အဲဒါ ကြောင့်မို့လို့ပါ။ သူတို့လည်း တကယ်လုပ်မှာပါ။လုပ်ချင်ပေမယ့်လည်း လုပ်မရတာတွေကရှိတယ်။ အရင်အစိုးရနဲ့ ကွာတယ်ဆိုတာကတော့ဗဟိုချုပ်ကိုင်တဲ့ အာဏာသိပ်မရှိတော့ဘူးပေါ့နော်။ ပြည်သူကို ဦးစားပေးတယ်။ ပြည်သူ့ ဆန္ဒကိုဦးစားပေးတယ်ဆိုတော့ အရင်နဲ့အများကြီး ကွာတာပေါ။့ အရင်ကတော့ အမိန့်ပဲလေ။ အရင်တုန်းကတော့ တိုင်းမှူးပြီး အကုန်ပြီးတာပဲ။ တိုင်းမပြောပါနဲ့၊ အုပ်ချုပ်ရေးမှူး လောက်ဆို အကုန်ပြီးနေတာပဲ။ အခုက အုပ်ချုပ်ရေးမှူးနဲ့လည်း မရဘူး။ တိုင်းနဲ့လည်း မရဘူး။ အကုန်လုံး ဗဟိုထိတက်လို့ရနေတယ်။ ဆန္ဒပြလို့ ရနေတယ်ဆိုတော့ ပြည်သူအနေနဲ့ လွတ်လပ်ခွင့်ပေါ့။ ဒီမိုကရေစီ စံနှုန်းနည်းနည်းတော ရှိနေတာပေါ့။ အဲဒါတွေ အများကြီးကွာသွားတယ်။ အရင်တုန်းကတော့ ဆန္ဒမပြနဲ့၊ ပြတာနဲ့ ဖမ်းမှာပဲလေ။ ဘယ်ထောင်ရောက်လို့ ရောက်မှန်းတောင် မသိဘူး။ အခုကတော့ပြခွင့်လည်း ရှိတယ်။ လွတ်လပ်ခွင့်လည်း ရှိတယ်။ အဲဒီ အချက်ကလေးကတော့ ခံသာပါတယ်။အရင်အစိုးရနဲ့ အခုအစိုးရ ကွာခြားချက်ကတော့အဲဒါပါပဲ။ ကျန်တာကတော့ ဘာမှလုပ်လို့မရသေးဘူး။

ဦးထက်ဝေဇော် (ကုမ္ပဏီဝန်ထမ်း)

ကျွန်တော်က ကောင်းတယ်လို့တော့မြင်တယ်ဗျ။ အရင်တုန်းကထက်စာရင် လမ်းပန်းဆက်သွယ်ရေးတွေက ပိုကောင်းလာတယ်လေ။ နောက်သန့်ရှင်းမှုတွေလည်း ပိုပြီးတော့ရှိလာတယ်။

ဦးအောင်ချစ် (တရားလွှတ်တော်ရှေ့နေ)

အခုဟာက ဒီအစိုးရက လုပ်ငန်းတော့လုပ်နေတာပဲလေ။ တချို့ကျတော့လည်း အမြင်မကြည်တဲ့ဟာတွေ ရှိတယ်။ ဒါပေ မဲ့ သူကအလုပ်ကတော့ လုပ်နေတယ်။ အစိုးရရဲ့ လုပ်ဆောင်ချက်တွေက ကောင်းပါတယ်။ အခုဆိုလို့ ရှိရင် သွားလာရတာလွယ်ကူဖို့အတွက် YBS တွေကိုထောင်ပေးတယ်။ သက်သောင့်သက်သာနဲ့ သွား လို့ရတယ်လေ။ အခြားဟာတွေလည်း အခုလိုမျိုးလုပ်ဆောင်ပေးနေတာတွေ ရှိပါတယ်။

 

ဇွဲမာန်၊ သီရိခေတ် စုစည်းသည်။

-Ads-
-Ads-