နည်းပြဆိုသည်မှာ စက်ချုပ်သမားတစ်ဦးသာဖြစ်ဟု ကွန်တီဆိုလာမည့်ဇွန်လမှ ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်မည်ဟုဆို

ဘောလုံးနည်းပြတိုင်းမှာ သက်ဆိုင်ရာအသင်းတိုင်း၏ အလွန်ကောင်းမွန်သည့် စက်ချုပ်သမားတစ်ဦးသာဖြစ်သည်ဟု ချယ်လ်ဆီးနည်းပြဟောင်း ကွန်တီက ပြောကြားခဲ့သည်။ ဂျူဗင်တပ်၊ အီတလီနှင့် ချယ်လ်ဆီးတို့တွင် တာဝန်ယူခဲ့ဖူးသည့် ကွန်တီသည် လက်ရှိအချိန်၌ အသင်းလက်မဲ့ဖြစ်နေပြီး အသင်းပေါင်းများစွာနှင့်လည်း သတင်းထွက်ပေါ်နေသူဖြစ်သည်။ နိုဝင်ဘာ ၁၂ ရက် (တနင်္လာည)က ပြုလုပ်ခဲ့သည့် အီတလီ ဘောလုံးအဖွဲ့ချုပ်၏ နှစ်ပတ်လည်အကောင်းဆုံး ဆုပေးပွဲတွင် ကွန်တီက ထိုကဲ့သို့ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

နည်းပြတစ်ဦးမှာ စက်ချုပ်သမားတစ်ဦး ကဲ့သို့ပင် ဝတ်စုံကိုလိုသလို စိတ်တိုင်းကျပုံဖော်နိုင် သည်ဆိုသည့်သဘောမျိုးကို ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။ ချဲလ်ဆီးကိုကိုင်တွယ်ခဲ့ရာတွင် အလိုရှိ သည့်အတိုင်း ပုံဖော်ခဲ့သလို အင်္ဂလန်မှ ဘောလုံးပွဲများ၏ ရသပေးစွမ်းနိုင်မှုကလည်း အံ့မခန်းဖြစ်သည်ဟု ကွန်တီက ဆိုခဲ့သည်။ ဘာသာစကားမှာ ခက်ခဲမှုဟုဆိုသော်လည်း ပရီးမီးယားလိဂ်တွင် နည်းပြရန်မှာ မိမိ ဘာလိုချင်သည်ဆိုသည်နှင့် ဘာလုပ်နိုင်သည်ဆိုသည်ကို တိတိကျကျလုပ်ပြနိုင်ရန်သာလိုသည်ဟု ကွန်တီက ဆိုခဲ့သည်။

အီတလီသား နည်းပြတစ်ဦးဖြစ်နေသည့်အတွက် စီးရီးအေတွင် မည်သည့်အခါမျှ နည်းပြ ပြန်မလုပ်တော့ဟူသည့်အချက်ကို မည်သည့်အခါမျှ ပြောကြားမည်မဟုတ်ဟုလည်း ကွန်တီက ပြောကြားခဲ့သည်။ ထို့အတူ ယခုရာသီချန်ပီယံလိဂ်တွင် ချန်ပီယံဖြစ်နိုင်သည့်အသင်း လေးသင်း(သို့)ငါးသင်းရှိပြီး အဆိုပါအသင်းများတွင် ဂျူဗင်တပ်ပါဝင်နေသည်ဟုလည်း ကွန်တီက မှတ်ချက်ချခဲ့သည်။

ကွန်တီမှာ ချယ်လ်ဆီးနည်းပြအဖြစ်မှ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေချိန်တွင် ရီးရဲလ်နည်းပြဖြစ်လာနိုင်သည်ဟုလည်း သတင်းကြီးခဲ့သည်။ လိုပက်တီဂူကို ရီးရဲလ်ဘုတ် အဖွဲ့က ထုတ်ပယ်ပြီးနောက် ကွန်တီမှာ ရီးရဲလ်တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့သည်ဟူသော သတင်းများလည်းထွက်ပေါ်ခဲ့သည်။

ဘဏ္ဍာရေးပိုင်းဆိုင်ရာနှင့်စာချုပ်ကာလအဆင်မပြေခဲ့သည့် အတွက် ကွန်တီကို ခန့်အပ်နိုင်ခဲ့ခြင်းမရှိဟူသော သတင်းများ ထွက်ပေါ်ခဲ့သည်။ လက်ရှိအချိန်တွင် ရီးရဲလ်မှာ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့သည့် ကစားသမားဟောင်း ဆိုလာရီကို ရာသီကုန်အထိ တာဝန်ပေးလိုက်ပြီဖြစ်ပြီး ရီးရဲလ်နှင့် ပတ်သက်၍ ကွန်တီက ‘ရီးရဲလ်လား။ ကျွန်တော်ကတော့ အခု အချိန်အထိ အိမ်မှာပဲရှိနေဆဲပါ။ လာမယ့် ဇွန်လအထိ စောင့်ကြည့်သွားပါမယ်’ဟုသာ ပြောဆိုခဲ့သည်။ ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်မည့်အစီအစဉ်ကို လာမည့်ဇွန်လမှသာ စဉ်းစားမည်ဟုလည်း ကွန်တီက ပြောဆိုခဲ့သည်။