သရုပ်ဆောင်လူမင်းနှင့်တွေ့ဆုံခြင်း

” မြင်အပ်၊ မမြင်အပ်ဆိုတာက ဦးနှောက်တွေနဲ့ လိုက်တွေးလို့ မီခြင်း၊ မမီခြင်း ဆိုတာလည်း ရှိသေးတယ်ဆိုတော့ ကိုယ့်ဘက်က အတတ်နိုင်ဆုံးလုပ်တယ်″

ကယားပြည်နယ်၏ ယုံကြည်မှုဆိုင်ရာ ညွှန်းဆိုထားမှုများရှိနေပြီး ပရလောကသားများနှင့်စပ်လျဉ်း၍ ဒေသခံ များ၏ ပြောဆိုမှုများရှိကြသည့် ကယားပြည်နယ် လွိုင်ကော်မြို့အတွင်းရှိ ကြတ်ဂူကို အခြေခံရိုက်ကူးထားသည့်=ကြတ်ဂူရုပ်ရှင်ဇာတ်ကားကို နိုဝင်ဘာ ၁၆ရက်တွင် ရုံတင်ပြသနေပြီဖြစ်သည်။ ယင်းဇာတ်ကားတွင် သရုပ်ဆောင်လူမင်းသည် ရွှေဒေါင်းအမည်ရှိ ဘုရား၊ တရား ကိုးကွယ်ယုံကြည်မှုမရှိဘဲ သတ္တဝါများကို သတ်ဖြတ်ရမှသာစိတ်ချမ်းသာသည့် မုဆိုးတစ်ဦးနေရာ၌ ပါဝင်သရုပ်ဆောင်ထားခြင်းဖြစ်သည်။ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားသကဲ့သို့ ကိုယ်တိုင်ရိုက်ကူးပုံဖော်ထားသည့် ဒါရိုက်တာတစ်ဦးလည်းဖြစ်သည်။ သို့ဖြစ်ရာ ကြတ်ဂူရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်၍ သိရှိလိုသမျှ မေးမြန်းထားမှုများကို ဖော်ပြလိုက်ရပါသည်။

မေး – ပုံမှန်ဇာတ်ကားနဲ့ မတူတဲ့ ကြတ်ဂူကို ရိုက်ကူးပုံဖော်ဖြစ်တာဘယ်လိုမျိုးကြောင့်ပါလဲ။

-Ads-
-Ads-

့ဖြေ – ဖေ့စ်ဘွတ်ခ်မှာ ကြတ်ဂူနဲ့ပတ်သက်တဲ့ပို့စ်တွေတော်တော်လေးကိုတက်လာတယ်။ တက်လာတော့ ကျွန်တော်တို့ ရိုက်ချင်တဲ့ဇာတ်နဲ့ ဘယ်လိုချိတ်လို့ရမလဲဆိုပြီးကယားပြည်နယ် ကြတ်ဂူကို သွားရောက်လေ့လာရင်းကနေကြတ်ဂူအကြောင်းကို အဓိကထားပြီးတော့ တခြားကယားရိုးရာ၊ ထုံးတမ်းအစဉ်အလာနဲ့ ပေါင်းစပ်ပြီး ဇာတ်အိမ်ဖွဲ့လိုက်တဲ့ သဘောပါပဲ။

မေး – ပရလောကသားတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ယုံကြည်မှုတစ်ခုရှိထားတဲ့ ဂူထဲမှာရိုက်ကူးတဲ့အခါ အခက်အခဲတွေရှိခဲ့သေးလား။

ဖြေ – ကျွန်တော်က အဓိဋ္ဌာန်ဝင်ပြီးတော့ ရိုက်တယ်။ ဘာလို့လဲဆိုတော့ မြင်အပ်၊ မမြင်အပ်ဆိုတာက ဦးနှောက်တွေနဲ့ လိုက်တွေးလို့ မီခြင်း၊ မမီခြင်းဆိုတာလည်းရှိသေးတယ်ဆိုတော့ ကိုယ့်ဘက်က အတတ်နိုင်ဆုံးလုပ်တယ်။ နောက် လူအများကြီးနဲ့ လုပ်ရတာဆိုတော့ ကိုယ့်ဘက်က ရုပ်ရှင်နဲ့ပတ်သက်ရင် နယ်တစ်နယ်ပဲ ရိုက်ရိုက်အဲဒီနယ်မှာရှိတဲ့ မြင်အပ်၊ မမြင်အပ်တွေကို မေတ္တာပို့ပြီးမှပဲအလုပ်လုပ်ပါတယ်။ ကြက်သတ်တဲ့ အခန်းရိုက်တုန်းက ဆိုရင်လည်း မမျှော်လင့်ဘဲ မိုးရွာတာတို့၊ ဒီနေရာမှာရိုက်ဖို့တည်ပေမယ့် အကြောင်းကြောင်းကြောင့် မရိုက်ဖြစ်လိုက်တာမျိုး၊ နေ့လည်ရိုက်ရမယ့်ဟာက ညမှရိုက်လို့ အဆင်ပြေတာမျိုးလေးတွေ သူ့အကျိုးအကြောင်းတွေတော့ ရှိပါတယ်။ နောက်ဆုံးတော့လည်း ရိုက်နိုင်ခဲ့ကြပါတယ်။

မေး – ရိုက်ကူးပုံဖော်ဖို့အတွက် ဘယ်လိုမျိုး လေ့လာပြင်ဆင်ခဲ့ရတာမျိုးတွေရှိလဲ။

ဖြေ – အများကြီး သွားလေ့လာရတယ်။ ဒီကြတ်ဂူနဲ့ ပတ်သက်ပြီးတော့ စာပေအထောက်အထား မှတ်တမ်းတွေလည်းမရှိဘူး။ မရှိတော့ ဂူရှေ့မှာ ဆယ်စုနှစ်နဲ့ချီပြီးတော့ သီတင်းသုံးတဲ့ ဆရာတော်ကြီးတွေရဲ့ အဖြစ်အပျက်တွေ၊ ကြတ်ဂူနဲ့ ပတ်သက်တဲ့ ပါးစပ်ပြောရာဇဝင်တွေ၊ အဲဒီဆရာတော်ကြီးရဲ့ သမီးကိုယ်တိုင် သီလရှင်ဝတ်ပြီးတော့ အဲဒီ ဂူထဲမှာ နှစ်နဲ့ချီပြီး တရားကျင့်ကြံခဲ့တဲ့ အတွေ့အကြုံတွေကိုလိုက်မေးရတယ်။ ဒေသခံတွေရဲ့ ပြောကြားချက်တွေပေါ့။ တစ်ယောက်ပြော၊ နှစ်ယောက်ပြောကိုလည်း အတည်ယူလို့မရဘူး။ အားလုံးနားလည်လက်ခံထားတဲ့ ဒိုင်ယာရီတွေကို လေ့လာစုံစမ်းပြီးတော့မှ ကယားပြည်နယ် စာပေ၊ယဉ်ကျေးမှုအဖွဲ့တွေနဲ့ တွေ့ပြီး လေ့လာပြီးတော့မှရေးရတာပေါ့။

မေး – ဒီဇာတ်ကားကနေတစ်ဆင့် ပရိသတ်ကိုပေးချင်တဲ့ မက်ဆေ့ခ်ျကရော ဘာများဖြစ်မလဲ။

ဖြေ – အဓိက ကျွန်တော်ပေးချင်တဲ့ မက်ဆေ့ခ်ျကဝဋ်ကြွေးအကြောင်းပါပဲ။ ကိုယ်မကောင်းတာလုပ်ရင်မကောင်းတဲ့ ဝဋ်ကြွေးက ကိုယ်လုပ်ရင် ကိုယ်ပဲဆပ်ရမယ်။ကျေအောင်ဆပ်ရမယ်။ အခြားသူကို အစားထိုးပြီးဆပ်ခိုင်းလို့ မရဘူး။ အဲဒီမက်ဆေ့ခ်ျကို ပေးချင်တာပါ။

မေး – ဇာတ်ကားရိုက်ကူးမယ်ဆိုတော့ ကယားပြည်နယ်ကဒေသခံတွေဘက်ကရော ဘယ်လိုမျိုးတုံ့ပြန်မှုတွေရှိလဲ။

ဖြေ – ကယားပြည်နယ်မှာ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ လာမရိုက်တာ နှစ်ပေါင်း ၆၀ ကျော်ပြီလို့ ဒေသခံတွေက ပြောကြတယ်။ အရင်တုန်းကလည်း နယ်မြေမအေးချမ်းဘူးလို့သိရတယ်။ အခုမှ ရုပ်ရှင်ပြန်ရိုက်ဖြစ်တာဆိုတော့ နယ်မြေဒေသခံတွေလည်း ဝမ်းသာအားရ ကြိုဆိုကြတယ်။ ကယားပြည်နယ်ဝန်ကြီးချုပ်ကလည်း အများကြီး ပံ့ပိုးကူညီပါတယ်။

မေး – ဒီဇာတ်ကားက ကယားပြည်နယ်ရဲ့ ခရီးသွားကဏ္ဍအတွက်ရော အထောက်အကူပြုနိုင်မယ်လို့ ထင်မိပါသလား။

ဖြေ – ကယားပြည်နယ် ခရီးသွားလာရေးဝန်ကြီးဌာနကတောင် စပွန်ဆာပေးသင့်တယ်လို့ ဖြေချင်ပါတယ်။ ကယားပြည်နယ်ရဲ့ အလှအပတွေရော၊သူတို့ရဲ့ ရိုးရာတွေရော၊ ကြတ်ဂူအကြောင်းကိုရော အကုန်လုံး ပြည့်ပြည့်စုံစုံ ဇာတ်လမ်းထဲမှာ အံဝင်ခွင်ကျဖြစ်အောင် ထည့်သွင်းရိုက်ကူးထားပါတယ်။

မေး – ပရိသတ်အတွက် ဖိတ်ခေါ်စကား ပြောပေးပါဦး။

ဖြေ – အခုက ရုပ်ရှင်ဇာတ်ကားတွေအများကြီး အပြိုင်အဆိုင် ရုံတင်နေကြတာဆိုတော့ ပရိသတ်ကို ဖိတ်ခေါ်ရမှာအားလည်း အားနာပါတယ်။ ခင်လည်းခင်ပါတယ်။ ဒီဇာတ်ကားမှာက စိတ်ဝင်စားမှုတွေရော ပါဝင်တဲ့ဇာတ်ကောင်တွေရဲ့ ကြိုးစားအားထုတ်မှုတွေပါ ကြည့်လိုက်မယ်ဆိုရင်သိသာပါတယ်။ အားလုံး ကြိုးစားထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်လို့ ရုပ်ရှင်ကြည့်ဖို့အတွက် စိတ်ကူးတယ်ဆိုရင်ဒီဇာတ်ကားလေးကို ထည့်သွင်းစဉ်းစားဖို့ ဖိတ်ခေါ်ချင်ပါတယ်။

နှင်းစုမွန်တွေ့ဆုံသည်။

-Ads-
-Ads-