၂၀၁၈ ခုနှစ် မှတ်တမ်း(၁)

မှတ်တမ်းတင်စရာများဖြင့်ပြည့်လျက်ရှိသော ၂၀၁၈ ခုနှစ်အတွင်းမြန်မာနိုင်ငံ၏ အဖြစ်အပျက်များနှင့် အကြောင်းအရာများကိုအသေးစိတ် မှတ်တမ်းတင်ထားခြင်း မဟုတ်သော်ငြားလူစိတ်ဝင်စားမှုများသော နယ်ပယ်အစုံမှ အကြောင်းအရာများကိုထုတ်နုတ်စုစည်း၍ ရွေးချယ်ထားသည်များကို ဒီဇင်ဘာ ၂၇ ရက်မှစတင်ကာ နေ့စဉ်ဖော်ပြမည်ဖြစ်ပါသည် –

ဇန်နဝါရီ

ဇန်နဝါရီ ၁ – ရွှေတိဂုံစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် သံဃာတော်အပါး ၁၈၀၀၀ တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲဖွင့်ပွဲအခမ်းအခမ်းအနား၌ နံနက် ၆ နာရီခွဲတွင် ရွှေတိဂုံစေတီတော်တောင်ဘက်မုခ်၌ ပြုလုပ်ခဲ့သည်။

-Ads-
-Ads-

ဇန်နဝါရီ ၁ – (၁၀)ကြိမ်မြောက် ကျပ် ၅၀၀ တန်အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းဆုကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်တွင်နေထိုင်သူ ကိုကောင်းထက်ပိုင်မိုးက မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်မှ ဆွတ်ခူးခဲ့သည်။

ဇန်နဝါရီ ၂ – ရခိုင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဦးမင်းအောင်အား ရာထူးမှဖြုတ်ချပေးရန် ရခိုင်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်အတည်ပြုခဲ့သည်။

ဇန်နဝါရီ ၂ – ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၏နေရာတွင် လေ-၁၉၂၅ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်အား ကာကွယ်ရေးဦးစီးချုပ်(လေ)အဖြစ် ပြောင်းလဲခန့်အပ်တာဝန်ပေးအပ်ကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီ ၂ – ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အိုဥက္ကဋ္ဌ ဦးလညော်ဇောင်းဟရားနှင့် တာဝန်လွှဲပြောင်းရယူမည့် ဗိုလ်ချုပ်ကြီး အင်ဘန်လတို့အား ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် တာဝန်အပ်နှင်းခြင်းအခမ်းအနားဌာနချုပ်တည်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ပြုလုပ်ခဲ့သည်။

ဇန်နဝါရီ ၃ – နေပြည်တော်လေဆိပ်တွင် လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ဖြိုးကိုကိုတင့်ဆန်းပါရှစ်ဦးကိုနေပြည်တော် ဒက္ခိဏသီရိခရိုင်တရားရုံးတွင် စတင်ရုံးထုတ်စစ်ဆေးခဲ့သည်။

ဇန်နဝါရီ ၄ – မြန်မာနိုင်ငံ၏ နှစ်(၇၀)မြောက် လွတ်လပ်ရေးနေ့အတွက် ဂုဏ်ယူပါကြောင်း အမေရိကန်သမ္မတက သဝဏ်လွှာပေးပို့ခဲ့သည်။

ဇန်န၀ါရီ ၆ – ရခိုင်ပြည်နယ်၌ နေရပ်စွန့်ခွာပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပံ့ပိုးပေးနိုင်ရန်အတွက် တရုတ်အစိုးရက ရွှေ့လျားအိမ်ရာ အလုံး ၁၀၀ ကိုထောက်ပံလှူးဒါန်းခဲ့သည်။

ဇန်နဝါရီ ၉ – ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်မန်းဂျော်နီနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးတို့ကို နုတ်ထွက်ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီ ၁၀ – ပဲခူးတိုင်းဒေသကြီးဝန်ကြီးနှစ်ဦးဖြစ်သည့် သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံနှင့် စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်တို့ နုတ်ထွက်စာတင်ခဲ့သည်။

ဇန်နဝါရီ ၁၂ – ကျန်းမာရေးကြောင့် တာဝန်မကျေပွန်မှာစိုးရိမ်သည့်အတွက် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်မန်းဂျော်နီက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ဇန်နဝါရီ ၁၃ – ဂျပန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးမစ္စတာတာရော့ခိုနိုနှင့်အဖွဲ့ မောင်တောဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများလေ့လာရန် မောင်တောမြို့သို့သွားရောက်ခဲ့သည်။

ဇန်နဝါရီ ၁၄ -ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းအား နုတ်ထွက်ပေးရန် ပဲခူးဒေသခံ ၂၀၀ ကျော်ကနံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော်နှင့် အစိုးရအဖွဲ့ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။

ဇန်နဝါရီ ၁၅ -မြန်မာ-လာအိုနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပခဲ့သည်။

ဇန်နဝါရီ ၁၆ – ဦးသာဦးအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် နိုင်ငံတော်သမ္မတက ခန့်အပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဇန်နဝါရီ ၁၆ – ရခိုင်ဘုရင့်နိုင်ငံကျဆုံးခြင်း (၂၃၃) နှစ်မြောက် ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနား ခွင့်မပြု သည့်အတွက် ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ညနေပိုင်းက လူစုလူဝေးဖြစ်ပေါ်ခဲ့ရာ လုံခြုံရေးရဲတပ်ဖွဲ့က အဆင့်ဆင့်တားမြစ်ခဲ့သော်လည်း အခြေအနေ ပိုမိုဆိုးရွားလာသဖြင့် သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့သည့်အတွက် လူခုနစ်ဦး သေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဇန်နဝါရီ ၁၇ ရက်တွင် ပြန်ကြားရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီ ၁၇ – ဒဂုံဆိပ်ကမ်းမြို့သစ် စက်မှုဇုန်ရှိ(KGG) အထည်ချုပ်စက်ရုံမှ လုပ်သား ၁၀၀၀ ခန့်တို့လုပ်ငန်းခွင်အတွင်း ကြုံတွေ့နေရသော အခက်အခဲများကိုအချက်(၁၃)ချက်ဖြင့် နံနက်ပိုင်းတွင် သပိတ်မှောက်တောင်းဆိုခဲ့သည်။

ဇန်နဝါရီ ၁၈ -လစ်လပ်လျက်ရှိသော ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နေရာတွက် မြန်အောင်မြို့နယ် မဲဆန္ဒအမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှမိုးအောင်ကို ခန့်အပ်လိုက်သည်။

ဇန်န၀ါရီ ၁၈ – ရခိုင်ဘုရင့်နိုင်ငံကျဆုံးခြင်း(၂၃၃) နှစ်မရှိဘဲ စာပေဟောပြောခဲ့မှုဖြင့် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌဟောင်း အမ်းမြို့တော်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်ကို မွန်းလွဲ ၁ နာရီတွင် စစ်တွေမြို့ရှိ၎င်း၏နေအိမ်၌သွားရောက်ဖမ်းဆီးခဲ့ပြီး စစ်တွေအကျဉ်းထောင်သို့ပို့ဆောင်ခဲ့သည်။

ဇန်နဝါရီ ၁၉ – နိုင်ငံတော်သမ္မတက အမည်စာရင်းပေးပို့ထားသော ဦးဟန်ဇော်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ဇန်နဝါရီ ၂၀ – ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင်ဇန်နဝါရီ ၁၆ ရက်ကဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် စစ်တွေမြို့ရှိ နေရာ ၁၀ ခုတွင် လုံခြုံရေးတိုးမြှင့်ချထားရသည်။

ဇန်နဝါရီ ၂၂ – ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရန်ဗကသများအဖွဲ့ချုပ် တက္ကသိုလ်ကျောင်းသားမဂ္ဂများမှကျောင်းသား၊ ကျောင်းသူများက မန္တလေးမြို့ ရတနာပုံတက္ကသိုလ်ဝင်းတွင် ဆန္ဒထုတ်ဖော်တောင်းဆိုသည်။

ဇန်နဝါရီ ၂၃ – ကချင်ပြည်နယ် မြစ်ကြီးနားမြို့စည်ပင်သာယာဈေး (၁)ရှိ ကမ္ဘောဇဘဏ်ကို ညနေ ၃ နာရီတွင် မျက်နှာအကာပါ ဆိုင်ကယ်ဦးထုပ်ဆောင်ထားသည့်အသက်(၂၀)ကျော်ဝန်းကျင်ခန့် လူငယ်လေးဦးက အနုကြမ်းစီးကာ ငွေကျပ်သိန်း ၉၂၀ ကျော် ယူဆောင်သွားမှုဖြစ်ပွားခဲ့သည်။

ဇန်နဝါရီ ၂၄ – ဇန်နဝါရီ ၂၁ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် (၃၃)ရပ်ကွက် ငမိုးရိပ်ချောင်းဘေး၌သေဆုံးလျက်တွေ့ခဲ့ရှိသည့် အက်ဖ်ဒီအေဌာနမှ ဝန်ထမ်းမရွှေရည်ဝင်း(ခ)ရွှေရည် အသတ်ခံရမှုနှင့်ပတ်သက်၍အငှားယာဉ်မောင်း မျိုးဇော်ဦး (၂၇) နှစ်ကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ကသတင်းထုတ်ပြန်သည်။

ဇန်န၀ါရီ ၂၉- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေ အကြံပေး တရားလွှတ်တော်ရှေ့နေဦးကိုနီနှင့် အငှားယာဉ်မောင်း ကိုနေဝင်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌သေနတ်ဖြင့် ပစ်ခတ်အသတ်ခံရမှု တစ်နှစ်ပြည့်အခမ်းအနား ကို မွန်းလွဲ ၂ နာရီတွင် ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ သီရိခန်းမ၌ ပြုလုပ်ခဲ့သည်။

ဇန်နဝါရီ ၃၀ – ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၁၈ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၁၈/၂၀၁၈ ဖြင့် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်ကို အဖွဲ့ဝင် ၁၃ ဦးဖြင့် ပြန်လည်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီ ၃၀ – မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးတာဝန်မှ ရခိုင်ပြည်နယ် အစိုးရရုံးလက်ထောက်ညွန့်ကြားရေးမှူးအဖြစ် ဇန်နဝါရီ ၁၉ ရက်က ပြောင်းလဲခန့်အပ်ခံရသည့် ဦးဘိုဘိုမင်းသိုက်သည် ညနေ ၄နာရီခန့်က ပုဏ္ဏားကျွန်းမြို့နယ် သက်ချိုကျေးရွာနှင့် ယိုးငုံကျေးရွာအကြားရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင် ကားနှင့်အတူ ဒဏ်ရာများဖြင့် သေဆုံးမှုဖြစ်ပွားခဲ့သည်။

ဖေဖော်ဝါရီ

ဖေဖော်ဝါရီ ၁ – နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံဝင်းအား ဓာတ်ဆီပုလင်းဖြင့် ပစ်ပေါက်ခံခဲ့ရသည်။

ဖေဖော်ဝါရီ ၂ – အနောက်တောင်တိုင်းစစ်ဌာနချုပ်ပုသိမ်တပ်နယ်တွင် လေ့ကျင့်ဆောင်ရွက်လျက်ရှိသည့်တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ဆောင်ရွက်မှုကို တပ်မတော်ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကြည့်ရှုစစ်ဆေးခဲ့သည်။

– နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အာရှဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့်အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လက်ခံတွေ့ဆုံခဲ့သည်။

ဖေဖော်ဝါရီ ၄ – မြောက်ဦးပဋိပက္ခကြောင့် ဖမ်းဆီးခံထားရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အား ပြန်လွှတ်ပေးရေးနှင့် မြောက်ဦးကိစ္စ အမှန်တရားပေါ်ပေါက်ရေး မောင်တောဒေခံများဆန္ဒထုတ်ဖော်ခဲ့သည်။

– မြန်မာ့တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ်သွေးခွဲနေသူများအား ရှုတ်ချပွဲကို တပ်မတော်ချစ်မြတ်နိုးသူများအဖွဲ့က ဦးဆောင်၍ ဒဂုံမြို့နယ်ရှိ မိုင်ဒါကွင်းတွင် ပြုလုပ်ခဲ့သည်။

ဖေဖော်ဝါရီ ၅ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ နေပြည်တော်ရှိ ဇေယျာသီရိဧည့်ခန်းမဆောင်တွင် လက်ခံတွေ့ဆုံခဲ့သည်။

ဖေဖော်ဝါရီ ၆ – နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂဒုတိယအတွင်းရေးမှူးချုပ်အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့သည်။

ဖေဖော်ဝါရီ ၁၀ – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနှင့် ဇနီးအား ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝင်များက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင် ကန်တော့ခဲ့ကြသည်။

ဖေဖော်ဝါရီ ၁၁ – ရိုက်တာသတင်းထောက်နှစ်ဦးပြန်လည်လွတ်မြောက်ရေး ငြိမ်းချမ်းစွာချီတက်လှည့်လည်ဆန္ဒထုတ်ဖော်ခြင်းကို ပုသိမ်မြို့တွင် ကျင်းပခဲ့သည်။

– နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးအား နေပြည်တော်ရှိနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့သည်။

– မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရစ်တစ်အစည်းအရုံးတို့ကို မတရားအသင်းမှပယ်ဖျက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီ ၁၂ – ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ စည်းရုံးရေးတာဝန်ခံ ကိုရဲမျိုးထွေးအား ရာသက်ပန်ထုတ်ပယ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီက ထုတ်ပြန်သည်။

– ပြည်သူလက်မခံသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ထုတ်ပြန်ကြေညာခဲ့သည်။

ဖေဖော်ဝါရီ ၁၃- တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) သို့ မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ ပါဝင်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို နေပြည်တော်ရှိ MICC -2 ခန်းမ၌ ကျင်းပခဲ့သည်။

ဖေဖော်ဝါရီ ၁၄ – မကွေးတိုင်းဒေသကြီးတွင် ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့)၌ လူအင်အား ၃၄၀၀ကျော်ဖြင့် ပုံဖော်ခဲ့သည့် မြန်မာနိုင်ငံမြေပုံကို ဂင်းနစ်ကမ္ဘာ့စံချိန်သစ်အဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့က အတည်ပြုခဲ့သည်။

ဖေဖော်ဝါရီ ၁၆ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ပေးအပ်သည့်ဆင်ဖြူတော်ဝင် သူရဲကောင်းဘွဲ့ကို ထိုင်းဘုရင်မင်းမြတ်ကပေးအပ်ချီးမြှင့်ခဲ့သည်။

လပ်လစ်သွားသော မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဒုဥက္ကဋ္ဌရာထူးအတွက် ဟံသာဝတီဦးအုန်းကြိုင်အားရွေးချယ်ခဲ့သည်။

ဖေဖော်ဝါရီ ၁၇ – WLC-4 မြန်မာ့ရိုးရာလှက်ဝှေ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံကာကွယ်ပွဲကို နေပြည်တော်ရှိဝဏ္ဏသိဒ္ဓိ အားကစားရုံ၌ကျင်းပရာ ယူကရိန်းနိုင်ငံသား ဆိုရိုကင်ကိုအနိုင်ယူကာ မစ်ဒယ်ဝိတ်တန်း ချန်ပီယံဘွဲ့ကို တူးတူးကာကွယ်နိုင်ခဲ့သည်။

– ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သောအကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဘင်္ဂါလားဒေ့ရှ်သို့ နေရပ်စွန့်ခွာသွားသော ဘင်္ဂါလီပထမအသုတ် လူဦးရေ ၈၀၃၂ ဦး၏ အချက်အလက်များကို ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့လွှဲပြောင်းပေးအပ်ခဲ့သည်။

ဖေဖော်ဝါရီ ၁၉ – မွန်ပြည်နယ် ကျိုက္ခမီမြို့တွင်မြစိမ်းရောင်ဘုရားဝတ္တကမြေ သိမ်းဆည်းခံရမှုအပေါ်ပြန်လည်ရရှိရေး ဒေသခံအင်အား ၂၀၀ ခန့် သံဖြူဇရပ်မြို့တွင် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့သည်။

ဖေဖော်ဝါရီ ၂၀ – နှစ် (၇၀)မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို နေပြည်တော်ရှိ MICC-II တွင် ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့သည်။

ဖေဖော်ဝါရီ ၂၁ – မကွေးကျောင်းတိုက်ဆရာတော်ဦးပါမောက္ခကို ပြစ်မှုဥပဒေပုဒ်မ- ၅၀၅(ခ)( နိုင်ငံတော်အကြည်ညိုပျက်စေမှု) ဖြင့် ကမာရွတ်မြို့နယ်တရားရုံးကထောင်ဒဏ်သုံးလချမှတ်ခဲ့သည်။

– လားရှိုးမြို့ရှိ ရိုးမဘဏ်နှင့် ဧရာတီဘဏ်ကြားတွင် ထောင်မိုင်းပေါက်ကွဲမှုကြောင့် ဘဏ်ဝန်ထမ်းအမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီ ၂၃ -လားရှိုးတွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မိုင်းဖောက်ခွဲမှုအား ပြင်းထန်စွာရှုတ်ချကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနကထုတ်ပြန်ခဲ့သည်။

– ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံတွင် ကျင်းပခဲ့သည့် MMA လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံလုပွဲစဉ်တွင် ပြိုင်ဘက်ဘရာဇီးနိုင်ငံသား မာချာဒိုအား မြန်မာ့စပါးအုံးမြွေ အောင်လအန်ဆန်းက ၅၆ စက္ကန့်ဖြင့် အလဲထိုးအနိုင်ယူခဲ့သည်။

ဖေဖော်ဝါရီ ၂၄ – ရခိုင်ပြည်နယ် စစ်တွေမြို့ရှိပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနေအိမ်အနီး၊ ပြည်နယ်တရားလွှတ်တော်ချုပ်ရုံးထောင့်နှင့် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးအနီးတို့တွင် လက်လုပ်မိုင်းသုံးလုံးပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသောရီမုဒ်မိုင်းသုံးလုံးတွေ့ရှိခဲ့သည်။

ဖေဖော်ဝါရီ ၂၆ – အင်းတော်ကြီး ရွှေမဉ္ဇူဘုရားပွဲအပြန် စက်လှေတိမ်းမှောက်၍ အဋ္ဌမတန်းကျောင်းသား တစ်ဦးနှင့် ကျောင်းသူရှစ်ဦး သေဆုံးခဲ့သည်။

ဖေဖော်ဝါရီ ၂၇ – ဘင်္ဂါလီဆန့်ကျင်ရေးဟောပြောမှု၊ ရေးသားမှုများကြောင့် မစိုးရိမ်ကျောင်းတိုက်ဆရာတော်ဦးဝီရသူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာကို ဖယ်ရှားထားကြောင်းဖေ့စ်ဘွတ်ခ် လူမှုမီဒီယာကုမ္ပဏီက အတည်ပြုခဲ့သည်။

(ဆက်လက်ဖော်ပြပါမည်)

-Ads-
-Ads-