၂၀၁၈ ခုနှစ် မှတ်တမ်း(၂)

မှတ်တမ်းတင်စရာများဖြင့်ပြည့်လျက်ရှိသော ၂၀၁၈ ခုနှစ်အတွင်းမြန်မာနိုင်ငံ၏ အဖြစ်အပျက်များနှင့် အကြောင်းအရာများကို အသေးစိတ် မှတ်တမ်းတင်ထားခြင်း မဟုတ်သော်ငြား လူစိတ်ဝင်စားမှုများသော နယ်ပယ်အစုံမှ အကြောင်းအရာများကို ထုတ်နုတ်စုစည်း၍ ရွေးချယ်ထားသည်များကို ဒီဇင်ဘာ ၂၇ ရက်မှစတင်ကာ နေ့စဉ်ဖော်ပြလျက်ရှိပါသည်-

မတ်လ

မတ် ၁ – (၁၂) ကြိမ်မြောက် သိန်းတစ်သောင်းဆုကို မန္တလေးမြို့ ကြခတ်ဝိုင်းတွင်နေထိုင်သည့် အသက် ၆၀ အရွယ် ဒေါ်ယုယုက ကဋ ၅၉၂၁၆၆ နံပါတ်ဖြင့် ဆွတ်ခူးရရှိခဲ့သည်။

-Ads-
-Ads-

မတ် ၂ – ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းယူခဲ့သည့် မတ် ၂ ရက်အစား တောင်သူလယ်သမားများ၏ဆန္ဒနှင့်အညီပြောင်းလဲသတ်မှတ်ပေးရန် မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(AFFM) က ဦးဆောင်ပြီး လူအင်အား ၄၀၀၀ ခန့်ဖြင့် လှိုင်သာယာမြို့နယ်တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။

– ဖွဲ့စည်းပုံအသစ် ပြန်လည်ရေးဆွဲရေးကို တပ်မတော်က လက်ခံမည်မဟုတ်ကြောင်း Orchid Hotel တွင် “အရပ်ဘက်စစ်ဘက်ဆက်ဆံရေး အကောင်းဆုံးဘယ်လိုတည်ဆောက်ကြမလဲ″ခေါင်းစဉ်ဖြင့် ကျင်းပသောDVB Debate တွင် ပါဝင်ဆွေးနွေးသည့် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး(ငြိမ်း)က ပြောကြားသည်။

မတ် ၅ – အလုပ်သမား ၁၀ ဦးနှင့်အထက်ရှိသောပုဂ္ဂလိကလုပ်ငန်းများ၏ တစ်ရက်လုပ်ခအနည်းဆုံးအခကြေးငွေကို ကျပ် ၄၈၀၀ အဖြစ် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေး အမျိုးသားကော်မတီက သတ်မှတ်ခဲ့သည်။

– အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီကပြင်ဆင်ချက်များဖြင့် တင်သွင်းလာသည့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေကို ကန့်ကွက်ကြောင်း အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ တက်ကြွလှုပ်ရှားသူ၊ အရပ်ဘက်အဖွဲ့အစည်းနှင့် မသန်စွမ်းများပါဝင် သည့် လူအင်အား ၆၀၀ ကျော်က ရန်ကုန်မြို့တွင်း ငါးမြို့နယ်ကို လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ခဲ့သည်။

– ကျော်စောသတင်းထွက်ရုံဖြင့် အရေးယူနိုင်မည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကြမ်းကို အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အတွင်းရေးမှူး ဦးဆန်းဝင်းက တင်သွင်းခဲ့သည်။

မတ် ၆ – ရန်ကုန်မြို့ အောင်ဆန်းကွင်းပတ်လည်ရှိဆိုင်ခန်းတစ်ခန်း ငှားရမ်းခကို တစ်လလျှင်ငွေကျပ် ၁၂၀၀၀ သာရရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြောကြားသည်။

မတ် ၇ – မတ် ၁၆ ရက်အထိ ပြုလုပ်မည့် ၂၀၁၈ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာ ရပ်ကို ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုကြသည်။

– ကန့်ကွက်မှုများရှိခဲ့သည့် ငြိမ်းစုစီဥပဒေကြမ်းကိုအမျိုးသားလွှတ်တော်က အတည်ပြုသည်။

မတ် ၈ – နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့၏ဆက်ဆံရေးမှာ အလွန်ကောင်းမွန်လျက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စိုးနိုင်ဦးက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့်တွေ့ဆုံပွဲတွင် ပြောကြားသည်။

မတ် ၁၀ – တရားဟောခွင့် တစ်နှစ်အပိတ်ခံထားရသည့် အမျိုးသားရေးဆရာတော်ဦးဝီရသူ ပိတ်ပင်ကာလ ပြည့်၍ တရားပြန်လည်ဟောကြားသည်။

-ဒီမိုကရေစီ ပညာရေးကို သပိတ်အကြမ်းဖက်ခံရခြင်းသုံးနှစ်ပြည့်အခမ်းအနားကို မင်္ဂလာတောင်ညွန့်မြို့နယ်ရှိရွှေတောင်ကျောင်းတိုက်တွင် ဗကသများအဖွဲ့ချုပ်က ပြုလုပ်ခဲ့သည်။

မတ် ၁၃ – ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများဖြစ်သည့် ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ကျဆုံးခြင်း နှစ်(၃၀)ပြည့်အခမ်းအနားကို ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ကျင်းပခဲ့သည်။

မတ် ၂၁ – နိုင်ငံတော်သမ္မတဦးထင်ကျော် ရာထူးမှ နုတ်ထွက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်လည်း ထိုနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရာထူးမှနုတ်ထွက်ကြောင်းကြေညာသည်။

မတ် ၂၂ – လစ်လပ်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် ယခင်ဒုတိယဥက္ကဋ္ဌဦးတီခွန်မြတ်ကို ရွေးချယ်ခဲ့ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် နောင်ချိုမဲဆန္ဒနယ်မှဦးထွန်းထွန်းဟိန်ကို ရွေးချယ်ခဲ့ကြသည်။

မတ် ၂၃ – ၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ)ချီးမြှင့်ပွဲကို မရမ်းကုန်းမြို့နယ်ရှိMyanmarEvent Park တွင်ကျင်းပရာ ရုပ်ရှင်အသံဆုကိုသိန်းအောင်က လည်းကောင်း၊ ရုပ်ရှင်တည်းဖြတ်ဆုကိုအိုဝင်က လည်းကောင်း၊ အကောင်းဆုံးဓာတ်ပုံဆုကိုကျောက်ဖြူ (ပဒေသာ)နှင့် ဦးနေဝင်းတို့ကလည်းကောင်း၊တေးဂီတုဆုကို စန္ဒရားတင်ဝင်းလှိုင်ကလည်းကောင်း၊ ဇာတ်ညွန်းဆုကို ဒါရိုက်တာဝိုင်းကလည်းကောင်း၊ ဒါရိုက်တာဆုကို အကယ်ဒမီစင်ရော်မောင်မောင်က လည်းကောင်း၊ဇာတ်ကားဆုကို မင်္ဂလာဇော်ရုပ်ရှင်ထုတ်လုပ်ရေးကလည်းကောင်း၊ အမျိုးသားဇာတ်ပို့ဆုကို မြင့်မြတ်ကလည်းကောင်း၊အမျိုးသမီးဇာတ်ပို့ဆုကို ပိုင်ဖြိုးသုကလည်းကောင်း၊ အမျိုးသားဇာတ်ဆောင်ဆုကို နေတိုးကလည်းကောင်း၊ အမျိုးသမီးဇာတ်ဆောင်ဆုကို အိန္ဒြာကျော်ဇင်က လည်းကောင်း၊ရုပ်ရှင်တစ်သက်တာထူးချွန်ဆုကို စည်သူဗိုလ်ကလေးတင့်အောင်ကလည်းကောင်း ရရှိခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။

မတ် ၂၇ – (၇၃)နှစ်မြောက် တပ်မတော်နေ့တပ်မတော်စစ်ရေးပြအခမ်းအနားကို နေပြည်တော်စစ်ရေးပြကွင်းတွင် ကျင်းပခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မည်သည့်အစိုးရ၊ မည်သည့်နိုင်ငံရေးစနစ်ဖြစ်စေ တပ်မတော်၏အဓိကတာဝန်သည် အမျိုးသားနိုင်ငံရေးတာဝန်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။

မတ် ၂၈ – ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၁၀ ဦးမြောက် သမ္မတအဖြစ် ဦးဝင်းမြင့်ကို ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အတည်ပြုခန့်အပ်ခဲ့သည်။ နိုင်ငံတော်သမ္မတရွေးချယ်ပွဲအပြီးတွင်″ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ကြိုးစားဆောင်ရွက်မည်″ဟု ဦးဝင်းမြင့်က မီဒီယာများကို ပြောကြားခဲ့သည်။

မတ် ၃၀ – သမ္မတအဖြစ် ကတိသစ္စာပြုအခမ်းအနားကို ပြည်ထောင်စုလွှတ်တော်တွင်ကျင်းပခဲ့ပြီး သမ္မတဦးဝင်းမြင့်က ပြည်သူများ မြင်တွေ့ချင်သည့် အပြောင်းအလဲများကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်အောင် ကြိုးပမ်းသွားမည်ဟု မိန့်ခွန်းပြောကြားသည်။

ဧပြီလ

ဧပြီ ၁ – ပါတီအမည်နှင့်ပတ်သက်၍ ဝေဖန်ထောက်ပြမှုများကို လေးစားသောအနေဖြင့် ရှစ်လေးလုံးပါတီဆိုသည့်အမည်အား ရှစ်လေးလုံးပြည်သူ့ပါတီဟူ၍အမည်ပြောင်းလဲလိုက်ကြောင်း ပါတီဖြစ်မြောက်ရေးခေါင်းဆောင်များက ပြောကြားခဲ့သည်။

-၁၉၉၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး သက်တမ်း ၂၂ နှစ်ရှိ ပြီဖြစ်သည့် မြောင်းမြမြစ်ကူးတံတားပြတ်ကျ၍ ခြောက်ဘီးယာဉ်တစ်စီးနှင့် လူနှစ်ဦးမျောပါပျောက်ဆုံးသွားခဲ့သည်။

ဧပြီ ၂ – နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်အကြံပေးအဖွဲ့အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမတွင် လက်ခံတွေ့ဆုံခဲ့သည်။

– ရှစ်လေးလုံးပြည်သူ့ပါတီအမည်အား ကန့်ကွက်ကြောင်း နိုင်ငံတကာရောက် ၈၈ မျိုးဆက်ပြည်သူ့အင်အားစုက ထုတ်ပြန်ကြေညာခဲ့သည်။

ဧပြီ ၃ – တောင်ငူလေတပ်စခန်းဌာနချုပ်မှ ပျံသန်းထွက်ခွာသွားသော တပ်မတော် အက်ဖ်-၇ တိုက်လေယာဉ်လေ့ကျင့်ပျံသန်းစဉ် တောင်ငူမြို့နယ် ကျွန်းကုန်းကျေးရွာအုပ်စု ချင်းကုန်းကျေးရွားအနီးတွင်ပျက်ကျခဲ့ပြီး လေယာဉ်မှူး ဗိုလ်မှူးအာကာဝင်းအား ဆေးရုံသို့ပို့ဆောင်ကုသစဉ်သေဆုံးခဲ့သည်။

– ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ရခိုင်ပြည်နယ် ဘင်္ဂါလီ ပြဿနာနှင့် ပတ်သက်၍ မြေပြင်အနေအထား လေ့လာရေးခရီးစဉ်ကို မြန်မာနိုင်ငံအစိုးရက ခွင့်ပြုချက်ပေးခဲ့သည်။

ဧပြီ ၅ – ချောက်မြို့ ဘိုတဲတွင် လွန်ခဲ့သောတစ်နှစ်ခွဲခန့်က အသတ်ခံခဲ့ရသည့်မိသုဆိုသူ၏ ဝိညာဉ်ပူးကပ်ရာမှအသတ်ခံရသူ၏ ရွှေထည်ပစ္စည်းများကိုရှာဖွေတွေ့ရှိခဲ့သည်။

ဧပြီ ၆- နိုင်ငံတော်သမ္မတဦးဝင်းမြင့် သမ္မတရာထူးတာဝန်စတင်ထမ်းဆောင်သည့် အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲကို နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်ဥပစာမြက်ခင်းပြင်တွင် ကျင်းပခဲ့သည်။

ဧပြီ ၈ – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုလူငယ်အလုပ်အမှုဆောင်အဖွဲ့ စတင်ဖွဲ့စည်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဧပြီ ၁၀ – နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၁ ရက်က ကျိုးကျခဲ့သည့် မြောင်းမြတံတားသို့ သွားရောက်စစ်ဆေးခဲ့ပြီး တံတားကျိုးကျမှုဖြစ်စဉ်ကြောင့် အသက်ဆုံးရှုံးသွားကြသည့် ယာဉ်မောင်းဦးမဲကြီး (ခ)ဦးသန့်ဇော်ထိုက်၊ ယာဉ်နောက်လိုက်ကိုဂျူးဂျူး (ခ) ကိုဝင်းထိုက်အောင်တို့၏ မိသားစုဝင်များအားတွေ့ဆုံခဲ့သည်။

– ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနဝန်ကြီး ဦးကျော်အေးသိန်းသည် ပေးအပ်သောတာဝန်များကို ကျေပွန်စွာမထမ်းဆောင်နိုင်ဟုဆိုကာ ရာထူးမှ ရပ်စဲရန် ပြည်နယ်လွှတ်တော်က စုံးစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့စည်းခဲ့သည်။

ဧပြီ ၁၇ – နိုင်ငံတော်သမ္မတဦးဝင်းမြင့်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား ၈၅၄၁ ဦး လွှတ်ပေးခဲ့ပြီးအသက်(၈၀)နှင့်အထက် ၂၇ ဦး၊ အသက်(၇၅)မှ (၈၀)အကြား ၂၉ ဦး၊ ကျန်းမာရေးမကောင်းသူ ၁၄ ဦး ၊ လ၀ကအက် -၁၃(၁) နိုင်ငံခြားသား ၄၄ ဦး၊ မူးယစ်ပုဒ်မ (၁၅)ဖြင့်ပြစ်ဒဏ်ကျနေသူ ၁၄၆၂ ဦး၊ မူးယစ်ပုဒ်မ ၁၆ (ဂ) ဖြင့်ပြစ်ဒဏ်ကျနေသူ ၃၂၂၀ ဦး(ပြစ်ဒဏ်ကျခံရန် ကျန်သုံးနှစ်နှင့်အောက်)၊ မူးယစ်ပုဒ်မ ၁၅/၁၆(ဂ) ဖြင့် ပြစ်ဒဏ်ကျနေသူ ၁၆၈၀ ဦး (ပြစ်ဒဏ်ကျခံရန် ကျန်သုံးနှစ်နှင့်အောက်)၊ တပ်မတော်အက်ဖြင့် ပြစ်ဒဏ်ကျနေသူ ၁၈၈၀ ဦး ၊ ရဲစည်းကမ်းထိန်းသိမ်းရေးဖြင့် ပြစ်ဒဏ်ကျနေသူ ၁၄၁ ဦး၊ AAPP စာရင်းဝင် နိုင်/ ကျဉ်း ၃၆ ဦး၊ နိုင်ငံသားအကျဉ်းသူတစ်ဦးနှင့် ဗီယက်နမ်နိုင်ငံသား အကျဉ်းသားခုနစ်ဦးတို့ ပါဝင်ခဲ့သည်။

ဧပြီ ၂၀ – မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရှိလစ်လပ်နေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးဝင်းမောင်ဌေးကိုခန့်အပ်ပြီးအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးမြင့်ဆွေတို့ကို နိုင်ငံတော် သမ္မတဦးဝင်းမြင့်က အတည်ပြုခန့်အပ်ခဲ့သည်။

ဧပြီ ၂၃ – မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်မီးသွေးစက်ရုံ စီမံကိန်းအား ရပ်တန့်ပေးရေးပုသိမ်ကြီးမြို့ နန်းဦးလွင်ကျေးရွာမှ ပုသိမ်ကြီးမြို့အဝင်ဆိုင်းဘုတ်အထိ လမ်းလျှောက်ချီတက်၍ ဒေသခံ ၁၃၀ ခန့် ဆန္ဒထုတ်ဖော်ခဲ့သည်။

ဧပြီ ၂၄- နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီး H.E.Mr.Song Tao အား နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နေအိမ်တွင်တွေ့ဆုံခဲ့သည်။

– အမျိုးသားခေါင်ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တူမ၊ တရားလွှတ်တော်ရှေ့နေ ဦးအောင်သန်း၏သမီးဖြစ်သူနိုင်ငံရေးအကျဉ်းသားဟောင်း ဒေါ်ငယ်မမသန်း အသက်(၆၉)နှစ်သည် ပင်လုံဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ်ကွယ်လွန်ခဲ့သည်။

ဧပြီ ၂၅ – နိုင်ငံတော်သမ္မတဦးဝင်းမြင့် တရုတ်နိုင်ငံတကာဆက်ဆံရေးဝန်ကြီး H.E.Mr.Song Tao အားနေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်တွင် လက်ခံတွေ့ဆုံခဲ့သည်။

ဧပြီ ၂၆ – ရိုက်တာသတင်းထောက်နှစ်ဦးနှင့် အချုပ်အနှောင်ခံ ရဲဝန်ထမ်းများကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ် ပေးရေး နိုင်ငံ တော်သမ္မထံ ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်း၁၆၀ ကျော် စာတင်ခဲ့သည်။

ဧပြီ ၂၈ – ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဦးဆောင်ပါဝင်သည့် ရှစ်လေးလုံးပြည်သူ့ပါတီကိုနိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထူထောင်ခွင့်ပြုခဲ့သည်။

ဧပြီ ၂၉ – ပါတီတည်ထောင်လိုသူ ၁၈ ဦးတို့၏သဘောတူညီချက်ဖြင့် ရှစ်လေးလုံးပြည်သူ့ပါတီ ခေါင်းဆောင်အဖြစ် ဦးကိုကိုကြီးအား ရွေးချယ်ခဲ့သည်။

– ကရင်ပြည်နယ် ဘားအံမြို့တွင် ဧပြီ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သည့် တိုင်းရင်းသားသတင်းသမားညီလာခံအပြီးတွင် တိုင်းရင်းသားသတင်းသမားများ၏လုံခြုံရေးကိုကာကွယ်ပေးသည့် ဥပဒေများပြဋ္ဌာန်းပေးရန်နိုင်ငံတော်အစိုးရအား ဆဋ္ဌမအကြိမ် တိုင်းရင်းသားမီဒီယာညီလာခံက တောင်းဆိုခဲ့သည်။

(ဆက်လက်ဖော်ပြပါမည်)

-Ads-
-Ads-