၂၀၁၈ ခုနှစ် မှတ်တမ်း (၄)

မှတ်တမ်းတင်စရာများဖြင့်ပြည့်လျက်ရှိသော ၂၀၁၈ ခုနှစ်အတွင်းမြန်မာနိုင်ငံ၏ အဖြစ်အပျက်များနှင့် အကြောင်းအရာများကိုအသေးစိတ် မှတ်တမ်းတင်ထားခြင်း မဟုတ်သော်ငြားလူစိတ်ဝင်စားမှုများသော နယ်ပယ်အစုံမှ အကြောင်းအရာများကိုထုတ်နုတ်စုစည်း၍ ရွေးချယ်ထားသည်များကိုဒီဇင်ဘာ ၂၇ ရက်မှစတင်ကာ နေ့စဉ်ဖော်ပြလျက်ရှိပါသည်။

ဇူလိုင်လ

ဇူလိုင် ၁ – ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးရည်ရွယ်ချက်ကို စွန့်လွှတ်ခြင်းမရှိဘဲ နည်းလမ်းများရှာဖွေနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကအဖွဲ့ဝင် ဦးဝင်းထိန်က နေပြည်တော် MICC-2 ခန်းမတွင်ကျင်းပသည့် အမျိုးသမီးလုပ်ငန်းကော်မတီများ စုံညီတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

-Ads-
-Ads-

ဇူလိုင် ၂ – ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ် မယ်ဆိုင်ခရိုင်အတွင်းရှိ ထမ့်လုံလိုဏ်ဂူအတွင်း ကိုးရက်ကြာပိတ်မိနေသည့်ထိုင်းကျောင်းသား ၁၂ ဦးနှင့် ဘောလုံးနည်းပြတို့ကို အသက်ရှင်လျက်ပြန်လည်ရှာဖွေတွေ့ရှိခဲ့ သည်။

ဇူလိုင် ၃- ကယားပြည်နယ် လွိုင်ကော်မြို့တွင်ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်မထားရန် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။

ဇူလိုင် ၄ – မြန်မာနိုင်ငံသို့ ဘတ်ငွေလေးဘီလီယံချေးသည့်ပြဿနာအတွက် ၀န်ကြီးချုပ်ဟောင်းသက်ဆင်ကိုထိုင်းအစိုးရက ဖမ်းဝရမ်းထုတ်ခဲ့သည်။

ဇူလိုင် ၇ – (၅၆)နှစ်မြောက် ဆဲဗင်းဂျူလိုင် (7 July)အောက်မေ့ဖွယ်အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ဗိုလ်အောင်ကျော်ကျောက်တိုင်တွင် ပြုလုပ်ခဲ့သည်။

ဇူလိုင် ၈- (၈၈) မျိုးဆက်များထူထောင်မည့် ပါတီအမည်ကို ပြည်သူ့ပါတီဟု အမည်ပြောင်းလဲခဲ့သည်။

ဇူလိုင် ၁၀ – ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ် မယ်ဆိုင်ခရိုင်အတွင်းရှိထမ့်လုံလိုဏ်ဂူအတွင်း ကိုးရက်ကြာပိတ်မိနေသူအားလုံးကို အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့သည်။

ဇူလိုင် ၁၁ – ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေး ပထမနေ့ကိုနေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးကို ဇူလိုင်၁၁ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့သည်။

– ၂၀၂၀ ပြည့်နှစ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များပြီးပြတ်အောင်လုပ်ဆောင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်MICC -2 တွင်ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်ဖွင့်ပွဲတွင်တိုက်တွန်းပြောဆိုခဲ့သည်။

ဇူလိုင် ၁၄ -ဖားကန့် မဟာကျောက်စိမ်းလုပ်ကွက်တွင် မြေပြိုကျခဲ့သဖြင့် ၁၅ ဦးသေဆုံးပြီး လူ ၁၀၀ ခန့်ပျောက်ဆုံးခဲ့သည်။

ဇူလိုင် ၁၅ – ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးမုဒိမ်းမှုဖြင့် အမှုဖွင့်ခံရသည်။

ဇူလိုင် ၁၆ – ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၂၁ ရာစု ပင်လုံတတိယအစည်းအဝေးတွင် သဘောတူညီချက် ၁၄ ချက် လက်မှတ်ရေးထိုးခဲ့ကြသည်။

ဇူလိုင် ၁၈ – ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးကိုမုဒိမ်းမှုဖွင့်ရန် သင်ကြားပေးသူ ပွဲစားဒေါ်ညိုနှင့် အမှုဖွင့်ခဲ့သူအိမ်အကူ မခင်မာမြင့်တို့ကို ဖမ်းဆီးခဲ့သည်။

ဇူလိုင် ၂၀ – ပြည်တွင်းခရီးစဉ်နှင့် လေယာဉ်စင်းလုံးငှားဝန်ဆောင်မှုများ လုပ်ကိုင်နေသည့် FMI (အက်ဖ်အမ်အိုင်)လေကြောင်းလိုင်းပြေးဆွဲမှုကို ယာယီရပ်ဆိုင်းသွားမည်ဟု ကြေညာခဲ့သည်။

ဇူလိုင် ၂၁ – ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအားတရားမ၀င်အဖွဲ့အစည်းအဖြစ် နိုင်ငံတော်သံဃမဟာနာယက (မဟန) အဖွဲ့က သတ်မှတ်ခဲ့သည်။

ဇူလိုင် ၂၃ – မိုးသည်းထန်မှုကြောင့် မြ၀တီမြို့ရပ်ကွက်အချို့ ရေနစ်မြုပ်ခဲ့သဖြင့် လူ ၂၀၀၀ ကျော်ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ခဲ့ရသည်။

ဇူလိုင် ၂၅ – ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့်စစ်ဆင်ရေးစရိတ်အပါအ၀င် ကာကွယ်ရေးအသုံးစရိတ် စုစုပေါင်း ကျပ် ၃၂၅၀ ဘီလီယံကျော်အား ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်န၀မပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် တင်ပြတောင်းခံခဲ့သည်။

ဇူလိုင် ၂၆ – သရုပ်ဆောင် အောင်ရဲထွေးအမှုရုပ်သိမ်းပြီး စွပ်စွဲခံရသူသုံးဦးကို အမှုမှပြန်လွှတ်ခဲ့သည်။

ဇူလိုင် ၂၇ – ရထားသံလမ်း ရေကျော်သဖြင့် ရန်ကုန်မန္တလေးအမြန်စာပို့ရထားများနှင့် မော်လမြိုင်ရထားများပြေးဆွဲမှုကို ယာယီရပ်ဆိုင်းခဲ့သည်။

ဇူလိုင် ၂၈ – ပဲခူးမြစ်ရေမှာ ၅၄ နှစ်အတွင်း အမြင့်ဆုံးမြင့်တက်ခဲ့သည်။

ဇူလိုင် ၂၉ – ပြည်သူစိတ်ဝင်စားသည့် အမှုများမြန်မြန်ဆန်ဆန် စီရင်ချက်ချ၊ အမှုကြီးများကို ကျေအေးရုတ်သိမ်းခြင်းမဖြစ်သင့်ဟု နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကတိုင်းဒေသကြီးအစိုးရနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် ပြောဆိုခဲ့သည်။

ဇူလိုင် ၃၀ – ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှချမှတ်ခဲ့သည့် သရုပ်ဆောင်အောင်ရဲထွေးအမှု ရုပ်သိမ်းအမိန့်ကို ပယ်ဖျက်ရန်ညွှန်ကြားခဲ့သည်။

ဇူလိုင် ၃၀ – ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူးချုပ်ဝင်းနိုင်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးအဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်ကြောင်း ပြည်ထဲရေးဝန်ကြီးရုံးအမိန့်စာအရ သိရ သည်။

ဇူလိုင် ၃၁ – အောင်ရဲထွေးအမှုကို တိကျမှန်ကန်စွာဆောင်ရွက်ရန် ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ကို သမ္မတဦးဝင်းမြင့် မှာကြားကြောင်း သမ္မတပြောရေးဆိုခွင့်ရ ဦးဇော်ဌေးက ပြောသည်။

– ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ဦးကျော်ကျော်မောင်ကိုဆက်လက်တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော်ကသဘောတူခဲ့သည်။

သြဂုတ် ၁ – (၁၇)ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းထီဆုကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)နေ ဒေါ်ကေသီကျော်ဆိုသူ ဆွတ်ခူးခဲ့သည်။

– ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ တာဝန်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ထံ လွှဲပြောင်းသည့်အခမ်းအနားကျင်းပရာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့တက်ရောက်ကြသည်။

သြဂုတ် ၂ – အဆင့်မြင့်ပညာရေးဥပဒေမူကြမ်းရေးဆွဲရာတွင် ကျောင်းသားသမဂ္ဂများပါဝင်ခွင့်ကို သဘောတူညီချက်ရရှိခဲ့သည်။

သြဂုတ် ၃ – အောင်ရဲထွေးအမှုမှ စွပ်စွဲခံရသူများလွတ်မြောက်မှုကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စစ်ဆေးမည်ဖြစ်သည်။

– ကုမ္ပဏီနှင့် စီးပွားရေးအဖွဲ့အစည်းများအနေဖြင့်အကျိုးမျှော်ကိုးပြီး ၀န်ကြီးဌာနနှင့်အစိုးရအဖွဲ့များကို လှူဒါန်းခြင်းမပြုလုပ်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

သြဂုတ် ၄ – ဇူလိုင်လနှင့် သြဂုတ်လအတွင်း ရေကြီးမှုကြောင့် လူပေါင်းတစ်သိန်းခွဲကျော် ရေဘေးသင့်ကြောင်းလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကသတင်းထုတ်ပြန်သည်။

သြဂုတ် ၆ – သြဂုတ် ၈ ရက်အထိ သုံးရက်တာကျင်းပမည့် ရှစ်လေးလုံးအရေးတော်ပုံ နှစ်(၃၀)ပြည့်အခမ်းအနားစတင်ကျင်းပသည်။

သြဂုတ် ၇ – ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့နှင့် မိတ်ဖက်နိုင်ငံရေးအင်အားစုများ စုပေါင်း၍ သစ်ခုတ်သမားတို့ညီလာခံကို ရန်ကုန်မြို့ ပြည်လမ်းရှိယုဒသာန်ရိပ်သာတွင် ကျင်းပသည်။

သြဂုတ် ၈ – ရှစ်လေးလုံး အရေးတော်ပုံ နှစ်(၃၀)ပြည့်အခမ်းအနားကို ရန်ကုန်တက္ကသိုလ်အပန်းဖြေရိပ်သာ(RC)တွင် ကျင်းပရာ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့် အစိုးရတာဝန်ရှိသူများအပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ကြသည်။

သြဂုတ် ၉ – မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ချောက်ကန်ကျေးရွာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံများ ငြိမ်းချမ်းရေးစကားဝိုင်းပြုလုပ်သည်။

သြဂုတ် ၁၀ – နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် မန္တလေးတိုင်းဒေသကြီးစဥ့်ကူးမြို့နယ် ညောင်ပင်ကျေးရွာတွင် ကျေးရွာလူထုနှင့်တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။

သြဂုတ် ၁၁ – နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို တိုင်စာဟုယူဆရသောအထုပ်ဖြင့် ပစ်ပေါက်ပေးခံရမှု မန္တလေးမြို့ရှိ မဟာမုနိဘုရားသွားရောက်ဖူးစဉ် ဖြစ်ပွားခဲ့သည်။

သြဂုတ် ၁၂ – ကရင်အာဇာနည်နေ့ အခမ်းအနားကိုဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး (KHU)ကကျင်းပရာ ခရိုင်အုပ်ချုပ်ရေးအဖွဲ့က တားမြစ်ခဲ့သော်လည်း ဆက်လက်ကျင်းပခဲ့သည်။ထို့ကြောင့် ဦးဆောင်သူငါးဦးကို အမှုဖွင့်တရားစွဲခဲ့သည်။

– အလယ်တန်းပြဆရာတစ်ဦးကို မတရားဖမ်းဆီးသည်ဆိုကာ ပညာရေးဝန်ထမ်းများနှင့်ဒေသခံများ ဆန္ဒထုတ်ဖော်မှုကို ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်တွင်ပြုလုပ်ခဲ့သည်။

– ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံရှိ ဆင်စခန်း ၁၉ ခုမှ ဆင်များအားလုံးကို ဘူဖေးကျွေးခြင်းအစီအစဉ်ပြုလုပ်သည်။

သြဂုတ် ၁၄- တပ်မတော်အစိုးရကာလကို ပညာရေးအမှောင်ခေတ်ဟု တောင်တွင်းကြီးမဲဆန္ဒနယ်မှကိုယ်စားလှယ် ဦးမင်းသိန်းက ပြည်သူ့လွှတ်တော်တွင် သုံးနှုန်းဆွေးနွေးမှုကို ကြံ့ခိုင်ရေးပါတီမှ မင်းကင်းမြို့နယ် ကိုယ်စားလှယ်ဦးမောင်မြင့်က ကန့်ကွက်ခဲ့သည်။

သြဂုတ် ၁၅ – တိုင်ကြားစာလက်ခံရေးအဖွဲ့သို့တိုင်ကြားစာပေးခြင်းဖြင့် နိုင်ငံတော်အကြီးအကဲများ၏လုံခြုံရေးကိုကူညီရန် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည်။

သြဂုတ် ၁၇ – နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ချီးမြှင့်သော ဇူလိုင်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူဆုကိုဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်း(ခ)ဦးထွန်းလေးက ရရှိခဲ့သည်။

သြဂုတ် ၁၈ – မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များ ရွေးချယ်တင်မြှောက်ပွဲကို ရန်ကုန်မြို့ရှိ ချက်ထရီယမ်ဟိုတယ်တွင် ကျင်းပသည်။

သြဂုတ် ၂၄ – ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ဒုတိယ ၁ နှစ်တာ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ရှင်းလင်းပွဲအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမင်္ဂလာခန်းမတွင် ကျင်းပသည်။

– မုဒိမ်းမှုဖြင့် အိမ်အကူ၏ စွပ်စွဲမှုခံရသော သရုပ်ဆောင်သီဟတင်စိုးက သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲကိုရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီတွင် ပြုလုပ်ခဲ့သည်။

သြဂုတ် ၂၅ – ဂျပန်-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် တည်ဆောက်သော ဒေါပုံတံတားဖွင့်ပွဲကိုဒေါပုံဘက်ခြမ်း၌ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တက်ရောက်ခဲ့သည်။

သြဂုတ် ၂၇ -အပြီးသတ်အမိန့်ချမှတ်ရမည့်ရိုက်တာသတင်းထောက်နှစ်ဦး၏ရုံးချိန်းကို တရားသူကြီးကျန်းမရေးမကောင်းဟုဆိုကာ စက်တင်ဘာ ၃ ရက်သို့ ရွှေ့ဆိုင်းခဲ့သည်။

– တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာအပါအ၀င်လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းပေါင်း ၂၀ ကျော်၏ စာမျက်နှာများကို ဖေစ့်ဘွတ်ခ်က ဖယ်ရှားခဲ့သည်။

သြဂုတ် ၂၈ – နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်ရန်ကုန်မြို့ရှိ တက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများ၏ ရသစာပေစကားဝိုင်းကို ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။

သြဂုတ် ၂၉ – ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်ရှိဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲကျိုးကျရာ ကျေးရွာပေါင်း၈၀ ကျော် ရေနစ်မြုပ်ပြီး သေဆုံးသူခုနစ်ဦးရှိခဲ့သည်။

– အင်ဒိုနီးရှားအလံဖြင့် ပိုင်ရှင်မဲ့ ကုန်တင်သင်္ဘောကြီးတစ်စင်းကို သုံးခွမြို့အနီး မြန်မာ့ရေပိုင်နက်၌တွေ့ရှိရာတာဝန်ရှိသူများက စစ်ဆေးကြသည်။

-Ads-
-Ads-