၂၀၁၈ ခုနှစ် နိုင်ငံတကာပုံရိပ် တစေ့တစောင်း(၁)

၂၀၁၈ ခုနှစ် ကုန်ဆုံးပြီး မကြာမီတွင် ၂၀၁၉ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းရောက်ရှိတော့ မည်ဖြစ်သည်။ ၂၀၁၈ ခုနှစ် တစ်နှစ်တာကာလ အတွင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံတကာသတင်းများ အနက် ထူးခြားဖြစ်စဉ်တို့ကို ပြန်ပြောင်းစဉ်းစား လိုက်သည့်အခါ အစီအရီထွက်ပေါ်လာပါသည်။

သည်ဒုတိယကမ္ဘာစစ်အတွင်း ဟစ်တလာနှင့် မူဆိုလီနီတို့အား အတူတွေ့ရစဉ်

ပထမဦးစွာ ရှေ့ဆုံးမှပေါ်ထွက်လာသည့် သတင်းမှာ ပထမကမ္ဘာစစ်ကြီး စစ်ပြေငြိမ်းသည့် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်ပွဲပင်ဖြစ်သည်။

၁၉၁၄ ခုနှစ် ဇူလိုင် ၂၈ ရက်တွင် စတင်ခဲ့သည့် ပထမကမ္ဘာစစ်ကြီးမှာ ၁၉၁၈ ခုနှစ် နိုဝင် ဘာ ၁၁ ရက်တွင် စစ်ပြေငြိမ်းစာချုပ်လက်မှတ် ထိုးခြင်းဖြင့် နိဂုံးချုပ်သွားသည်။ စစ်ပြေငြိမ်းစာချုပ်ကို ပြင်သစ်နိုင်ငံမြောက်ပိုင်း ကွန်ပိန်း (Compiegne) မြို့အနီး၌ ၁၉၁၈ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ဂျာမနီနှင့် မဟာမိတ်တို့ လက်မှတ်ရေးထိုးခဲ့ ကြသည်။

-Ads-
-Ads-

ပထမကမ္ဘာစစ်ကြီး စစ်ပြေငြိမ်းသည့် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို ပြင်သစ်နိုင်ငံ ပါရီ မြို့တော်၌ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၁ ရက် တနင်္ဂနွေနေ့က ကျင်းပသည်။ ထိုအခမ်း အနားသို့ ကမ္ဘာ့နိုင်ငံခေါင်းဆောင် ၇၀ ကျော် တက်ရောက်ခဲ့သည်။

ထိုနှစ် (၁၀၀) ပြည့်အထိမ်းအမှတ် အခမ်း အနား မတိုင်မီ တစ်ရက်အလို နိုဝင်ဘာ ၁၀ ရက် စနေနေ့က စစ်ပြေငြိမ်းစာချုပ် လက်မှတ်ထိုးခဲ့ သည့်နေရာသို့ အိမ်ရှင် ပြင်သစ်သမ္မတ မာခရိုနှင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲတို့ သွား ရောက်ကြသည်။ သို့ဖြင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲမှာ ထိုနေရာသို့ ဒုတိယကမ္ဘာ စစ်ကြီးအပြီး လာရောက်သည့် ပထမဆုံးဂျာမနီ ခေါင်းဆောင်ဖြစ်လာသည်။

ပထမကမ္ဘာစစ်အတွင်း တိုက်ပွဲဝင်စစ်သည်များ ဤသို့တိုက်ခိုက်ခဲ့ကြသည်

ပထမကမ္ဘာစစ်ကြီး စစ်ပြေငြိမ်းရေးစာချုပ်ကို ကွန်ပိန်း (Compiegne) မြို့အနီး တောထဲရှိ ရထားတွဲတစ်တွဲအတွင်း၌ မဟာမိတ် တို့ကတစ်ဖက်၊ ဂျာမနီနိုင်ငံက တစ်ဖက် ၁၉၁၈ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က လက်မှတ်ထိုးခဲ့ကြခြင်း ဖြစ်သည်။ ယခုတော့ ထိုရထားတွဲမှာ မရှိတော့ သဖြင့် ပုံတူပြုလုပ်ပြီး သမ္မတမာခရိုနှင့်ဝန်ကြီးချုပ် မာကဲတို့ အသုံးပြုခဲ့ကြရသည်ဆို၏။

မူလရထားတွဲမှာ ၁၉၄၀ ပြည့်နှစ် ဇွန်လ အတွင်းက နာဇီဂျာမနီသို့ ပြင်သစ်က ခြွင်းချက်မရှိ လက်နက်ချရာတွင် နာဇီခေါင်းဆောင် ဟစ်တလာက အသုံးပြုခဲ့ပြီးနောက် ပျက်စီးသွား ပြီဟု သိရသည်။

မည်သို့ဆိုစေ ၁၉၁၈ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုခြင်းဖြင့် ပထမကမ္ဘာစစ်ကြီး ပြီးဆုံးသွားသည့်အတွက် ကမ္ဘာသူ၊ ကမ္ဘာသားများ ဝမ်းသာပျော်ရွှင်ခဲ့ကြရ သည်မဟုတ်ပါလား။ပထမကမ္ဘာစစ်ကြီးအတွင်း စစ်ဘက်မှ သေဆုံးသူ ၉ ဒသမ ၇ သန်း၊ အရပ် ဘက်မှ သေဆုံးသူ ၁၀ သန်း ရှိခဲ့သည်။ ယင်းသို့ အဖိုးတန် လူ့အသက်အများအပြား သေဆုံးရ သကဲ့သို့ ရုပ်ဝတ္ထုပစ္စည်းများ၊ အထူးသဖြင့် ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းများ ဆုံးရှုံးရသည် မှာ တန်ဖိုးအားဖြင့် တွက်ဆမရအောင်လည်း များပြားလှသည်။

သို့ကြောင့်ပင် ကမ္ဘာစစ်ကြီး ထပ်မဖြစ်ရလေအောင် အမြော်အမြင်ရှိသော ကမ္ဘာ့ခေါင်းဆောင်များ ခေါင်းချင်းဆိုင်ကာ
‘နိုင်ငံပေါင်းချုပ် အသင်းကြီး’ကို ထူထောင်ခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်း ကမ်းတက်စစ်ဆင်ရေးတပ်အား တွေ့ရစဉ်

သို့သော် ဤနိုင်ငံပေါင်းချုပ်အသင်းကြီးက ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိရောက်စွာ မထိန်းနိုင် သောအခါ ၁၉၃၉ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာပြန်သည်။ ဤတစ်ကြိမ်တွင် မဟာမိတ်တို့က တစ်ဖက်၊ ဝင်ရိုးစွန်း နိုင်ငံများက တစ်ဖက် စစ်ခင်းကြခြင်း ဖြစ်၏။

ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့နှင့် နာဂါစကီ မြို့တို့ပေါ်သို့ ၁၉၄၅ ခုနှစ် ဩဂုတ် ၆ ရက်နှင့် ၉ ရက်တို့တွင် အမေရိကန်က အဏုမြူဗုံးကြဲချ လိုက်သောအခါ ဂျပန်တို့ လက်နက်ချရာမှစ၍ ဒုတိယကမ္ဘာစစ်ကြီးသည်လည်း ၁၉၄၅ ခုနှစ် စက်တင်ဘာ ၂ ရက်တွင် အဆုံးသတ်သွားရသည်။

ပထမကမ္ဘာစစ်ကြီး ကာလကထက် လက်နက်များ ပိုမိုအစွမ်းထက်သဖြင့်လည်း ဒုတိယကမ္ဘာစစ်ကြီးအတွင်း လူအသေအပျောက် နှင့် ရုပ်ဝတ္ထုပစ္စည်း အပျက်အစီးမှာလည်း ပိုမိုထိခိုက်ဆုံးရှုံးရသည်။

ဤတစ်ကြိမ်တွင်လည်း ပထမကမ္ဘာစစ်ကြီး ပြီးဆုံးချိန်ကကဲ့သို့ပင် ကမ္ဘာပေါ်ရှိနိုင်ငံများ တည်ငြိမ်ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်မျှော်ကာ ကမ္ဘာ့ ခေါင်းဆောင်များက ‘ကုလသမဂ္ဂအဖွဲ့ကြီး’ကို ဖွဲ့စည်း ထူထောင်လိုက်သည်။

၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်က စတင် ဖွဲ့စည်းလိုက်သည့် ကုလသမဂ္ဂအဖွဲ့ကြီးမှာ ယခုအခါ သက်တမ်း ၇၀ ကျော်ပင်ရှိခဲ့ပြီဖြစ်သည်။ ကမ္ဘာစစ်ကြီးမဖြစ်အောင် ယခုအထိ တားဆီးနိုင် သည်ဟုဆိုသော် ရပါ၏။ သို့သော် မျက်မှောက် ကာလတွင် ကမ္ဘာ့နိုင်ငံများ အသီးသီး အသက အသက ငြိမ်းချမ်းနေပါပြီလော။ ဖွံ့ဖြိုးတိုးတက် နေပါပြီလော….။

ဂျပန်ဧကရာဇ်၏ မွေးနေ့

ဂျပန်ဧကရာဇ် အကီဟီတိုနှင့် မိဖုရား မီချီကို

ဂျပန်ဧကရာဇ် အကီဟီတို၏ (၈၅)နှစ် မြောက် မွေးနေ့အခမ်းအနားသို့ ဂျပန်ပြည်သူ ၈၀၀၀၀ ကျော် တက်ရောက်ဂါရ၀ပြုကြသည်။
၁၉၃၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် မွေးဖွားသည့် ဂျပန်ဧကရာဇ် အကီဟီတိုသည် နှစ် ပေါင်း ၂၆၀၀ ကျော် တည်ရှိသည့် ဂျပန်မင်းဆက် တွင် ၁၂၅ ဆက်မြောက် ဂျပန်ဧကရာဇ်ဖြစ်သည်။

ခမည်းတော် ဂျပန်ဧကရာဇ်ဟီရိုဟီတို ကွယ်လွန်သဖြင့် ၁၉၈၉ ခုနှစ်တွင် သူသည် ဂျပန် ထီးနန်းကို ဆက်ခံ စိုးစံခဲ့သည်။ သူသည် အိမ်ရှေ့ မင်းသားဘ၀ကပင် ၁၉၅၉ ခုနှစ်က သာမန်အရပ် သူ မီးစ်မီချီကိုနှင့် လက်ဆက်ခြင်းဖြင့် နှစ်ပေါင်း ၁၅၀၀ ကျော် အစဉ်အလာကို ချိုးဖောက်သူ ဖြစ်သည်။

ဧကရာဇ်အကီဟီတို၏ ကျန်းမာရေးမှာ ၂၀၀၃ ခုနှစ်တွင် ဆီးကျိတ်ကင်ဆာရောဂါ၊ ၂၀၁၂ ခုနှစ်တွင် နှလုံးရောဂါခွဲစိတ်ကုသမှု ခံယူထားရ သည်။ ထို့ကြောင့်ပင် ၂၀၁၉ ခုနှစ် ဧပြီလတွင် ဂျပန်ထီးနန်းကို သားတော်ကြီး အိမ်ရှေ့မင်းသား နာရူဟီတိုကို လွှဲအပ်ပေးတော့မည်ဖြစ်သည်။ ထိုအခါ ဧကရာဇ်အကီဟီတိုသည် နှစ်ပေါင်း ၂၀၀ အတွင်း သက်ရှိထင်ရှားထီးနန်းစွန့်လွှတ်သည့် ပထမဆုံး ဂျပန်ဧကရာဇ်ဖြစ်တော့မည်။

ဒီဇင်ဘာ ၂၃ ရက်က ကျင်းပသည့် (၈၅)နှစ်မြောက် မွေးနေ့အခမ်းအနားမှာ သူ့အတွက် ဂျပန်ဧကရာဇ်အဖြစ် နောက်ဆုံးကျင်းပသော မွေးနေ့ဖြစ်တော့သည်။

သူ၏နန်းသက် နှစ် ၃၀ အတွင်း ဂျပန် နိုင်ငံကို စစ်ထဲပြန်မသွင်းမိအောင် ထိန်းသိမ်းနိုင်မှု အတွက် ဧကရာဇ်အကီဟီတိုသည် အားရကျေနပ် နေသည်။ ထိုသို့ ငြိမ်းချမ်းရေးထိန်းနိုင်အောင် ကူညီပံ့ပိုးကြသည့် ဂျပန်ပြည်သူများနှင့် မိဖုရား မီချီကိုကို ကျေးဇူးအထူးတင်ကြောင်း မွေးနေ့ အမှာစကားပြောစဉ် ဧကရာဇ်အကီဟီတိုက အထူးထည့်သွင်းပြောကြားလိုက်သည်။

ကမ္ဘာပေါ်မှ ငြိမ်းချမ်းရေးကိုမြတ်နိုးသော ဧကရာဇ်တစ်ပါး မကြာမီထွက်တော်မူ နန်းက ခွာတော့မည်ပါတကား။

ဆက်လက်ဖော်ပြပါမည်။

-Ads-
-Ads-